သင့်ရဲ့ ဘဝကို ပြောင်းလဲသွားစေမယ့် လေးနက်သော အမှန်တရားများ

ဘဝမှာ အရေးကြီးတဲ့ အရာတွေပေါ်မှာ အာရုံစူးစိုက်ဖို့ လွယ်ကူလွန်းတယ်ဆိုတာဟာ အံ့သြစရာ ကောင်းပါတယ်။ ကျွန်တော်တို့ အိမ်မက်တွေ၊ စိတ်ကူးတွေ ဘာလို့ လက်တွေ့ဖြစ်မလာသလဲ? အဖြေကတော့ ကျွန်တော်တို့ဟာ အရေးကြီးတဲ့ အရာတွေပေါ်မှာ အာရုံစူးစိုက်မှု မရှိလို့ပါ။ ဒါပေမယ့် ဘဝရဲ့ လေးနက်တဲ့ အခြေခံကျတဲ့ အမှန်တရားတွေပေါ်မှာ အာရုံစူးစိုက်ဖို့ ခက်ခဲနိုင်ပါတယ်၊ အထူးသဖြင့် ဒီအမှန်တရားတွေက သင်ဟာ လမ်းမှားကိုရောက်နေတယ်ဆိုတာကို သတိပေးနေတဲ့ အချိန်မျိုးတွေမှာပေါ့

ဘဝမှာ အကောင်းဆုံးသော အရာတွေကို အလွယ်တကူ ရရှိလာမှာ မဟုတ်ပါဘူး။ မိမိကိုယ်ကို အမြဲ ဆန်းစစ်မနေဘူးဆိုရင် အောင်မြင်မှုနဲ့ ကင်းကွာနေဦးမှာပါဘဲ။ ဘဝမှာဘဲ ဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းမှာဘဲဖြစ်ဖြစ် မေးခွန်းတွေကို အခြေခံပြီး လုပ်ဆောင်ပါ၊ အဖြေတွေကို မဟုတ်ပါဘူး။ သင်ဟာ လမ်းမှန်ကို ရောက်နေသလားဆိုတာ သင့်ကိုယ်သင် ပုံမှန် မေးခွန်းထုတ်ရပါမယ်။ အရေးကြီးတဲ့ ဘဝအမှန်တရားအများစုဟာ ထပ်ခါထပ်ခါ လုပ်ဖို့ လိုအပ်ပါတယ်။ ယခုဖော်ပြပေးမယ့် ဘဝအမှန်တရားကို သေသေချာချာ လိုက်နာမှတ်သားပါ၊ သင့်အတွက် ကြီးမားလှတဲ့ အခွင့်အရေးတွေက စောင့်ကြိုနေပါလိမ့်မယ်

ကြီးမားတဲ့ အောင်မြင်မှု မရခင် ကျရှုံးမှုကို ကြုံတွေ့ရပါလိမ့်မယ်

အရှုံးကို ရင်ဆိုင်နိုင်ဖို့ မသင်ယူသေးသ၍ စစ်မှန်တဲ့ အောင်မြင်မှုအရသာကို ဘယ်တော့မှ ခံစားဖူးမှာ မဟုတ်ပါဘူး။ သင့်ရဲ့ အမှားတွေက သင်ဟာ လမ်းမှားပေါ်ကို ရောက်နေပြီဆိုတာ ဖော်ထုတ်ပေးပြီး အောင်မြင်မှုဆီ ခရီးလှည့်ဖို့ လမ်းခင်းပေးပါတယ်။ အကြီးမားဆုံး ထိုးဖောက်ကျော်လွှားမှုတွေဟာ ပုံမှန်အားဖြင့် သင့်ရဲ့ ကံအဆိုးဆုံးအချိန်တွေ၊ အနှောက်အယှက် အများဆုံး အချိန်တွေမှာ ပေါ်ထွက်လာပါတယ်။ ဒီလိုအချိန်တွေမှာ သင်ဟာ ကွဲကွဲပြားပြား တွေးဖို့ နည်းလမ်းတွေ ရှာလာပြီ၊ ပျောက်နေတဲ့ အဖြေတွေကို ရှာဖွေလာပြီ။ ဒီလိုနဲ့ သင်ဟာ အောင်မြင်မှု လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားတာဖြစ်ပါတယ်

အောင်မြင်မှုရရှိဖို့ စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ အချိန်တခုပေးရမယ်၊ အခက်အခဲ ကျရှုံးမှုတွေကို ကြုံတွေ့နေရတယ်ဆိုရင်တောင် မိမိယုံကြည်ရာအတွက် တစိုက်မတ်မတ် ကြိုးစားနေရမယ်

အလုပ်ရှုပ်တာနဲ့ ထိရောက်မှုရှိတာဟာ မတူညီပါဘူး

သင့် ဘေးနားက လူတွေကို ကြည့်လိုက်ပါ။ အလုပ်ရှုပ်နေတဲ့ပုံ ပေါ်ပါတယ်။ အလုပ်သွားလိုက် သင်တန်းသွားလိုက်နဲ့ အလုပ်များနေကြတယ်။ ဒါပေမယ့် သူတို့ထဲက လူဘယ်နှယောက်က အောင်မြင်နေသလဲ? ဘယ်သူတွေက ထိထိရောက်ရောက် တိုးတတ်မှုရှိနေလဲ?

အမှန်တော့ အောင်မြင်မှုဆိုရင် အာရုံစူးစိုက်မှုရှိခြင်းက အလွန်အရေးကြီးပါတယ်။ သင့်ရဲ့ အချိန်ကို အကျိုးရှိရှိ ထိထိရောက်ရောက် အသုံးချနိုင်မှ အောင်မြင်မှု ရရှိပါလိမ့်မယ်။ သင်တန်းတွေများတိုင်း မကောင်းပါဘူး။ ရွာလည်သွားပါလိမ့်မယ်။ သင့်အတွက် အရေးကြီးတဲ့ အရာတွေက ဘာလဲ? သေချာဆန်းစစ် အဖြေရှာပါ။ အဲ့အရာတွေပေါ်မှာ အချိန်ပေး ပြီး သေချာအာရုံစိုက်လုပ်ဆောင်ပါ

သင်နဲ့ ပေါင်းသင်းတဲ့ လူတွေအတိုင်း သင်ဖြစ်လာမယ်

တံငါ နားနီး တံငါ၊ မုဆိုးနားနီး မုဆိုးပါဘဲ။ ဒါ့ကြောင့် သင့်အနေနဲ့ အောင်မြင်နေတဲ့သူတွေ၊ အောင်မြင်အောင် ကြိုးစားနေတဲ့သူတွေ၊ သင့်ကို အားပေးအားမြှောက်ပြုသူတွေ၊ ကူညီသူတွေနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အရေးကြီးပါတယ်။ အကျင့်မကောင်းတဲ့သူတွေ၊ သင့်ကို အောက်ဆွဲချချင်တဲ့သူတွေကို ဘဝထဲကနေ အပြီးထုတ်ပယ်လိုက်ပါ။ သင့်ကို တန်ဖိုးမဲ့အောင် လုပ်တဲ့သူတွေ၊ စိုးရိမ်သောက ရောက်အောင် လုပ်တဲ့သူတွေဟာ သင့်ရဲ့ အချိန်တွေကိုအလကား ဖြုံးတီးနေတဲ့သူတွေ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် အောင်မြင်တဲ့သူနဲ့ ပေါင်းပါ။ ချမ်းသာချင်ရင် သူဌေးနဲ့ပေါင်းပါ။ အရက်သမား ဖြစ်ချင်ရင် အရက်သမားနဲ့ ပေါင်းပါ၊ လူမိုက်ဖြစ်ချင်ရင် လူမိုက်နဲ့ ပေါင်းပါ။ သင့်ရွေးချယ်မှုပေါ်မှာဘဲ မူတည်ပါတယ်

သင်ဖန်တီးတဲ့ဘဝထဲမှာဘဲ သင် နေထိုင်နေတယ်

သင်ဟာ လက်ရှိအခြေအနေတွေရဲ့ ဒုက္ခသည် မဟုတ်ပါဘူး။ ယနေ့ သင်နေထိုင်နေတဲ့ အခြေအနေတွေဟာ တချိန်က သင်ဖန်တီးခဲ့တာ့ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အနာဂတ်ဟာလည်း သင့်အပေါ်မှာဘဲ မူတည်ပါတယ်

လက်တွေ့လုပ်ဆောင်ဖို့ အချိန်တန်ပြီဆိုရင် လက်တွေ့လုပ်ပါ။ မတွေဝေပါနဲ့။ မကြောက်ပါနဲ့။ ယနေ့အကြောက်တရားတွေက မနက်ဖြန်ရဲ့ သာယာမှုတွေကို ဖျက်ဆီးသွားပါလိမ့်မယ်

ကြောက်ရွံ့ မှုဟာ နောင်တရခြင်းရဲ့ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်

ကျွန်တော်တို့က ဘာဘဲလုပ်လုပ် မလုပ်ခင်ကတည်းက တွေးပြီး ကြောက်နေကြတယ်။ လုပ်ချင်တဲ့အရာကို ဖြစ်အောင်လုပ်ပါ။ လက်တွေ့လုပ်လိုက်လို့ ဖြစ်လာမယ့် အဆိုးဆုံးအရာက ဘာဖြစ်မှာလဲ? သေသွားမှာလား? သေခြင်းတရားက အဆိုးရွားဆူံး အရာလား? တကယ်တော့ အဆိုးရွားဆုံးအရာက ရှင်လျက်နဲ့ စိတ်ထဲမှာ သေနေတာပါဘဲ။ ဒါ့ကြောင့် စွန့်စားဖို့ မကြောက်ပါနဲ့။ ကြိုးစားပါ။ သတ္တိရှိပါ

ခွင့်လွှတ်ပေးဖို့ တောင်းပန်တာကို စောင့်နေစရာ မလိုပါဘူး

ကျွန်တော်တို့ကို နာကျင်အောင်လုပ်ခဲ့တဲ့သူတွေ၊ ထားရစ်ခဲ့တဲ့သူတွေ၊ ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့သူတွေ၊ လိုသုံး လုပ်ခဲ့တဲ့သူတွေ၊ ယုံကြည်မှုကို အလွဲသုံးစား လုပ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်ပေးလိုက်ကြရအောင်။ ဘာလို့ အမုန်းတရားတွေ ဒေါသတရားတွေ ထားတော့မှာလဲ? ရှေ့ဆက်မယ့် ဘဝခရီးလမ်းကို ပျော်ရွှင်မှုတွေ ကြင်နာမှုတွေ မေတ္တာတွေနဲ့ ဝေဆာနေဖို့ ကြိုးစားသင့်ပါတယ်

လက်ရှိမှာ နေထိုင်ပါ

ဘယ်လောက်ဘဲ အပြစ်တွေရှိရှိ သင့်ရဲ့ အတိတ်ကို ပြောင်းလဲ မပစ်နိုင်ပါဘူး။ ဘယ်လောက်ဘဲ စိုးရိမ်သောကတွေရောက်ရောက် သင့်ရဲ့ အနာဂတ်ကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ပျော်ရွှင်မှုနောက်ကို လိုက်နေတဲ့သူဟာ ဘယ်တော့မှ အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး

✅ သင့်ရဲ့ အတိတ်ကို လက်ခံပါ။ သင့်ရဲ့ အတိတ်နဲ့ မကျေအေးဘူးဆိုရင် အဲ့အတိတ်ကဘဲ သင့်ရဲ့ အနာဂတ်ကို ဖန်တီးသွားပါလိမ့်မယ်

✅ မသေချာတဲ့ အနာဂတ်ကို လက်ခံပါ။ ပူပန်နေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး

သင့်ရဲ့ ကိုယ်ပိုင်တန်ဖိုးကို သင်ကိုယ်တိုင်ဘဲ သတ်မှတ်နိုင်ပါတယ်

သင့်ကိုယ်သင် အခြားသူတွေနဲ့ နှိုင်းယှဉ်နေမယ်ဆိုရင် ဘယ်တော့မှ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုတွေကို ရရှိမှာ မဟုတ်ပါဘူး။ အခြားသူတွေရဲ့ ထင်မြင်ချက်တွေကို ဂရုမစိုက်ဘဲ မနေနိုင်ဘူးဆိုရင်တောင် သင့်ကိုယ်သင် အခြားသူတွေနဲ့ နှိုင်းယှဉ်နေဖို့ မလိုပါဘူး။ လူဆိုတာ သင်ဘာလုပ်လုပ် ပြောဆိုနေကြမှာပါ။ သင့်ရဲ့ တန်ဖိုးကို ဘယ်သူမှ မသတ်မှတ်ပေးနိုင်ပါဘူး၊ သင်ကိုယ်သင်ဘဲ သတ်မှတ်ပေးနိုင်ပါတယ်

ဘဝဆိုတာ တိုတောင်းလွန်းပါတယ်

ဘယ်သူမှ မနက်ဖြန်ဆိုတာကို သေချာမပြောနိုင်ပါဘူး။ မနက်ခင်း နိုးထချိန်တိုင်းမှာ အသက်ရှိနေသေးတဲ့အတွကိ မိမိကိုယ်ကို ကျေးဇူးတင်ပါ၊ ဘုရားသခင်ကို ကျေးဇူးတင်ပါ၊ လောကကြီးကို ကျေးဇူးတင်ပါ။ နေ့တနေ့ကို ကျေးဇူးတော်နဲ့ စတင်ပါ ။ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။ ကောင်းသော စိတ်ထားကို မွေးမြူပါ။ ကောင်းသော စကားကို ဆိုပါ၊ ကောင်းသော အပြုအမူကို ပြုမူပါ။

ပြောင်းလဲမှုကို ရှောင်လွှဲလို့ မရနိုင်ပါဘူး

တဖတ်ပိတ်နေလို့ မရဘူး၊ ခေါင်းမာနေလို့ မရပါဘူး။ ပြုလွယ် ပြင်လွယ် စိတ် မွေးမြူရမယ်။ ပြောင်းလဲမှုတွေအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ပြောင်းလဲမှုတွေနောက်မလိုက်ဘဲ တယူသန်စွဲတွေရှိနေမယ်ဆိုရင်တော့ သေချာပေါက် နောက်ကျ ကျန်နေပါလိမ့်မယ်

ဘဝဟာ မည်သူ့အတွက်မှ ရပ်တန့်မနေပါဘူး။ အရာရာ အဆင်ပြေနေရင် အားလုံးကို ကျေးဇူးတင်ပါ။ လက်ရှိကိုဘဲ အာရုံစိုက်ပြီး ဘဝကို ဖြတ်သန်းပါ။ မိမိကိုယ်ကို မည်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ ပျော်ရွှင်မှုနောက်ကို မလိုက်ပါနဲ့

8 total views, 2 views today

Leave a Reply