သင် လက်လျှော့တော့မှာလား? အရှုံးပေးတော့မှာလား?

စိတ်တွေ ပင်ပန်းပြီး လက်လျှော့ချင်နေတဲ့ အချိန်တွေ ကြုံဖူးပြီလား? စိတ်ဓာတ်တွေ အောက်ဆုံးကို ရောက်ပြီး အရှုံးပေးချင်နေပြီလား? ဒါဆိုရင် လက်မလျှော့ပါသေးနဲ့ဦး။ ယခုဖော်ပြမယ့် နည်းလမ်းတွေကို လက်တွေ့ အသုံးချလိုက်ပါ။

လူတိုင်းလူတိုင်းကို လျစ်လျူရှုထားလိုက်ပါ

လူတိုင်းက ကို့ဘဝနဲ့ကိုပါ။ ဒါ့ကြောင့် အခြားသူတွေ ဘာလုပ်နေမလဲ? ဘာတွေပြောနေမလဲ? ဆိုတာကို တွေးမပူပါနဲ့။ ပြီး မိမိကိုယ်ကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ အရေးကြီးဆုံးက မိမိလမ်းကြောင်းကို သေချာအာရုံစိုက်ပြီး ဘယ်လို အောင်မြင်အောင်လုပ်မလဲ? ဆိုတာကို အဖြေရှာရမှာပါ

ကျွန်တော်တို့ အိမ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အခြားသူတွေက ကျွန်တော်တို့ထက် ပိုပြီး လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အောင်မြင်တာကို မြင်ရတဲ့အခါ ပိုပြီး စိတ်ဓာတ်ကျမိကြတယ်၊ စိတ်တွေ လေလွင့်မိကြတယ်။ ကျွန်တော်တို့ဟာ သူတို့လောက်မတော်ဘူး၊ နိမ့်ကျနေတယ်လို့ ခံစားမိကြတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား၊ အာရုံစူးစိုက်မှုတွေကို ရည်မှန်းချက် အိမ်မက်တွေပေါ်မှာဘဲ ပုံအောထားဖို့ အထူးလိုအပ်ပါတယ်

မိမိသာလျှင် မိမိရဲ့ အကောင်းဆုံး အားပေးဖော် ဖြစ်ပါတယ်

သင့်ဘဝကို သင်ကိုယ်တိုင်ဘဲ ထိန်းကျောင်းနိုင်တာပါ။ သင်ပျော်ရွှင်ဖို့ အောင်မြင်ဖို့အတွက် အခြားသူတွေ မလိုအပ်ပါဘူး။ ဘဝမှာ အောင်မြင်မှုရဖို့အတွက် တယောက်ထဲ လျှောက်ရဲရမယ်၊ ရုန်းကန်ရဲရမယ်။ အခက်အခဲတွေတွေ့တဲ့အခါ အားကိုးရမယ့်သူတယောက်ဘဲရှိပါတယ်။ ထိုသူကတော့ သင်ကိုယ်တိုင်ပါဘဲ

အသေးအမွှားလေးကအစ တန်ဖိုးထားပါ

ကျွန်တော်တို့ အများစုက နောက်ဆုံးပန်းတိုင်ကိုဘဲ အာရုံစိုက်ကြတယ်။ ဖြတ်သန်းခဲ့တဲ့ ခရီးရဲ့ အလှတရားကိုတော့ သတိမထားမိကြဘူး။ ဒါ့ကြောင့် အခိုက်တန့်တိုင်းကို ပျော်ပျော်ရွှင်ရွှင်နေပါ။ အခိုက်အတန့်ဆိုတာဘာလဲ? အခိုက်အတန့်ဆိုတာ လက်ရှိပစ္စုပ္ပာန်ပါဘဲ။ အတိတ်ဆိုတာလည်း ကျန်ခဲ့ပြီ။ အနာဂတ်ဆိုတာလည်း ဟိုးအဝေးကြီးမှာ။ ပစ္စုပ္ပာန်ကတော့ ကျွန်တော်တို့ အနီးနားမှာလေ

နောက်ထပ် ခြေလှမ်းပေါ်မှာ အာရုံစိုက်ပါ

ခုမှ စတင်ရုံရှိသေး ထိပ်ဆုံးကို တွေးနေမယ်ဆိုရင် နဲနဲ စိတ်ဓာတ်ကျချင်စရာ ဖြစ်လာပါတယ်။ သင့်ရဲ့ ရည်မှန်းချက်တွေက ကြီးမားလွန်းတဲ့အခါ မဖြစ်နိုင်သယောင် ထင်ရပါတယ်။ ဒါပေမယ့်လည်း အိမ်မက်တွေကို ခွဲခြမ်းပြီး အဆင့်တွေလိုက် သတ်မှတ်လုပ်ဆောင်မယ်ဆိုရင်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။

အချိန်တွေကို မေ့ထားပါ

အိမ်မက်တွေကို အကောင်အထည်ဖော်နေချိန်မှာ နာရီတွေကို မေ့ထားပါ။ သူများတွေက ဘယ်လောက်လုပ်တယ်၊ ငါက ဘယ်လောက်လုပ်တယ်တွေ တိုင်းတာမနေပါနဲ့။ လုပ်စရာရှိတာ၊ လုပ်ဖို့ လိုအပ်တာကို ပြီးစီးအောင်လုပ်ပါ

ရှောင်ထွက်ဖို့ လမ်းကြောင်းမရှာပါနဲ့

စတင်ခဲ့ပြီးပြီဘဲ။ အရာရာတိုင်းဟာ အခက်အခဲရှိစမြဲပါ။ ပြဿနာတွေကြုံရင် ဘယ်လိုဖြေရှင်းမလဲ? ဆိုတာကို အာရုံစိုက်ပါ။

ကန့်သတ်ချက်တွေကို လက်ခံပါ

မိမိကိုယ်ကို ရိုးသားမှုရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ လျှောက်တဲ့လမ်းက အခြားသူတွေလျှောက်တဲ့လမ်းနဲ့ တူညီချင်မှ တူညီပါလိမ့်မယ်။ အရေးကြီးတာက ကျွန်တော်တို့ ဘယ်ရောက်နေလဲ? ဘာတွေလုပ်နေလဲ? ဆိုတာကို သေသေချာချာသိရမယ်။ ဒါမှ ရှေ့ဆက်ဘာတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။

ဘာဘဲလုပ်လုပ် အခက်အခဲဆိုတာ ရှိစမြဲပါ။ အရေးကြီးက ရှေ့ကို ခရီးဆက်နေဖို့၊ မဆုတ်မနစ်ကြိုးစားနေဖို့ပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့

Leave a Reply