အောင်မြင်ရေးရဲ့ ရန်သူတော်ကြီး (၃) ဦး

ဘဝမှာ ကျွန်တော်တို့ အောင်မြင်မှာကို အမြဲလိုက်လံ နှောင့်ယှက် ဒုက္ခပေးနေတဲ့ အဓိက ရန်သူတော်ကြီး ၃ ဦးရှိပါတယ်။
သူတို့က မောင်ဘ၊ မောင်မြနဲ့ မောင်လှ တို့ပဲဖြစ်ပါတယ်။

အဲ…မဟုတ်ဘူး။ စတာ… 😉မယုံတာ၊ ပျင်းတာ၊ နဲ့ ဆက်ဆံရေးညံ့တာ တို့ပဲဖြစ်ပါတယ်။

၁။ မယုံခြင်း၊ သံသယဝင်ခြင်း

လူတော်တော်များများမှာ မယုံကြည်တတ်တဲ့ အလေ့အထရှိပါတယ်။ ကိုယ့်ကိုယ်ကို “ငါ..ဒါမှ လုပ်နိုင်ပါ့မလား၊ မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ” စသဖြင့် ကိုယ့်ကိုယ်ကို မယုံကြပါဘူး။ ဒီမယုံကြည်ခြင်းနဲ့ပဲ ကျွန်တော်တို့ အိပ်မက်တွေကို အကောင်အထည် မဖေါ်ဖြစ်ဘဲ ၊ နှလုံးသားထဲက ဟိုးအနက်ရှိုင်းဆုံးနေရာမှာ သော့ခတ်ချိတ်ပိတ်ထားတတ်ပါတယ်။ ဒီလို ဖြစ်မယ့်အစား ကိုယ့်ကိုကိုယ် “ငါ..ဒါကိုဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲ”၊ “ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုပြီး ပြောင်းမေးသင့်ပါတယ်။ ကျွန်တော်ဆိုလည်း “အော်…ငါ့ရဲ့ စာတွေ သူများတွေဖတ်ပါ့မလား၊ ငါ့ရဲ့ ဗီဒီယိုတွေ သူများတွေကြည့်ချင်ပါ့မလား၊ငါ့ရဲ့ သင်တန်းတွေ သူများတွေတက်ချင်ပါ့မလား” စတဲ့ သံသယတွေ များစွာဝင်ပါတယ်။ ဒီတော့ ပြန်စဉ်းစားရပါတယ်။ “ဘာလို့ ဒီလိုထင်နေတာလဲ” ။ “ဘယ်သူက ငါရေးတာကို ဖတ်ပြီး လှောင်ပြောင်နေလို့လဲ”။ “ဘယ်သူက ငါပြောတာကိုနားထောင်ပြီး အလကား အချိန်ကုန်တယ် အကျိုးလည်းမရှိဘူးလို့ပြောလို့လဲ”။ “ဘယ်သူက သင်တန်းတက်ပြီး အလကားပါကွာ အချိန်ကုန်၊ ငွေကုန်ပါတယ်လို့ပြောလို့လဲ“။ ဒီလိုတွေ မကြားဖူး၊ မကြုံဖူးပါပဲနဲ့ ဘာလို့ ကိုယ့်ကိုယ်ကို မယုံဘဲ သံသယဝင်နေရတာလဲ။ အလုပ်ဆိုတာ လုပ်ကြည့်ပြီးမှ တကယ်အောင်မြင်တယ်၊ မအောင်မြင် ဘူး သိမှာပါ။ ဒီတော့ ကျွန်တော် ကိုယ့်ရဲ့ အနာဂတ်ကို ယုံကြည်ချက်ပြန်ထားရပါတယ်။ ဒီလို ယုံကြည်ချက်လေး ဝင်လာမှ လုပ်ဆောင်ဖြစ်လာပါတယ်။

ဒီမှာ တခုနားလည်ရမှာက သံသယဆိုတာ ဘယ်တော့မှ ပျောက်သွားမယ့်အရာမဟုတ်ပါဘူး။ ကိုယ်သွားရာ အမြဲကန့်လန့်ကန့်လန့်နဲ့ ပါနေမှာပါ။ သူ့ကို ပြန်လည် တွန်းလှန်ဖို့အတွက် အနာဂတ်ကိုယုံကြည်ချက် ရှိဖို့လိုပါတယ်။ သံသယဆိုတာ ကိုယ့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ဘယ်တော့မှ အခက်အခဲ၊ အတားအဆီးတခုမဖြစ်ပါစေနဲ့။

၂။ ပျင်းရိခြင်း

ကျွန်တော်တို့တွေက ပျင်းရိတာ အင်မတန်ကြိုက်ကြပါတယ်၊ ကိုယ်နေသာမယ်၊ အချောင်ခိုလို့ရမယ်ဆိုရင် အဲ့ဒီအတိုင်းပဲ နေလိုက်ပါတယ်။ ဒီလို နေရတာက အင်မတန်လွယ်တာကိုး။ စာဖတ်မလား၊ ရုပ်ရှင်ကြည့်မလား ဆိုရုပ်ရှင်ကြည့်ပါလိမ့်မယ်။ ရုပ်ရှင်က စာဖတ်သလောက် အာရုံမစိုက်ရဘူးကိုး။ မိတ်ဆွေက စာဖတ်တာကိုရွေးရင်တော့ ထပ်မေးပါဦးမယ်၊ သူများအကြောင်းတွေ၊ သတင်းတွေ ဖတ်မလား၊ မိမိဘဝ တိုးတက်စေမယ့် ဒီလို စာစောင်တွေ ဖတ်မလား။ အခုလို တိုးတက်မယ့်စာတွေက အခြားစာတွေထက်ပိုပြီး အချိန်ပေးရပါတယ်၊ ဖတ်လည်းဖတ်ရ၊ စဉ်းလည်းစဉ်းစားရ၊ စာတွေလည်းမှတ်ထားရလို့ပါ။ လူတွေ မတိုးတက်ရခြင်းမှာ ဒီပျင်းရိခြင်းကလည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ ကျွန်တော်တို့တွေက ဘာမှ မလုပ်ရလေ ကြိုက်လေပါပဲ။ သူများ ထမင်းအဆင်သင့်ခူးခပ်ပြီး၊ ဖြစ်နိုင်ရင် ခွံ့ကျွေးတာပါလိုချင်ကြပါတယ်။ အောင်မြင်မှုဆိုလည်း ကိုယ်တိုင်ထမလုပ်ရပဲ သင်တန်းကြေးလေး သွင်းလိုက်ရင်ပြီးပြီ၊ ငါတော့ အောင်မြင်ပြီလို့ ထင်မှတ်ကြပါတယ်။ ဒါ့ကြောင့် တချို့သင်တန်းပြီးသွားရင်တောင် ငါဘာလို့ မအောင်မြင်သေးလဲ ပြန်စဉ်းစားတတ်ပါတယ်။ ဆရာက အားလုံးကို သင်တာ အတူတူကို လိုက်လုပ်သူက အောင်မြင်သွားပြီး၊ မလုပ်ဘဲ နေတဲ့သူတွေက ဘာလို့ သူတို့လို မအောင်မြင်ရသလဲ ခေါင်းကုတ်တတ်ကြပါတယ်။ အဖြေကို သေချာကြည့်ရင် ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ တကယ်အားစိုက်မလုပ်လို့ပါ။

အရေးကြီးတဲ့ အလုပ်တခုလုပ်မယ်ဆိုတိုင်း “အင်း…နောက်နေ့ကျလုပ်မယ်” ဆိုပြီး ထားလိုက်ပါတယ်။ ပြောကြည့်ပါဦး၊ အဲ့ဒီ နောက်နေ့ဆိုတာ ဘယ်နေ့ အတိအကျလဲ။ နောက်တပတ်လား၊ နောက်လလား၊ နောက်နှစ်လား။ ကျွန်တော်တို့ ဒီနောက်နောက်နောက် ဆိုတဲ့ စကားလုံးတွေကို မိုးမွှန်အောင်သုံးပြီး ကိုယ့်ရဲ့ အနာဂတ်ဟာ ဘာဖြစ်လာမယ်ဆိုတာ ပြန်ကြည့်ဖို့ မေ့နေတတ်ပါတယ်။ လက်တလောမှာ ဒီလို မလုပ်တဲ့အတွက် သက်သာပေမယ့် အနာဂတ်မှာ ကိုယ်လိုချင်၊ ဖြစ်ချင်တဲ့ အိပ်မက် အဆောက်အဦးကြီးတွေ ကိုယ်အချိန်ရွှေ့လိုက်တိုင်း ဝမ်းနည်းစရာကောင်းအောင် တလုံးချင်း ပြိုကျနေတယ်ဆိုတာ ကျွန်တော်တို့ သိတတ်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ နောင် ဆယ်နှစ်၊ အနှစ် နှစ်ဆယ်မှာ ကြုံရတော့မယ့် ကိုယ့်ရဲ့ နောင်တမျက်ရည်တွေကို ကျွန်တော်တို့ အခုတည်းက မြင်နိုင်ခဲ့ရင် ဘယ်လောက်များကောင်းမလဲ။ တန်ခိုးအစွမ်းတွေ ရှိလို့ကတော့ ဟပ်..ချလောင်းဆိုပြီး မိတ်ဆွေရဲ့ အပျင်းခဏတာဟာ နောင်မှာ ဘယ်လို အကျိုးသက်ရောက်တော့မယ်ဆိုတာ ပြချင်လိုက်ပါဘိ။ဒီတော့ အပျင်းတွေလျှော့ပါ။ နောက်နေ့၊ နောက်အပတ်၊ နောက်လ၊ နောက်နှစ် မှလုပ်မယ်ဆိုတာတွေ လျှော့ပါ။ “နောက်”ဆိုတဲ့ စကား နေရာမှာ “ဒီ” ဆိုတဲ့ စကားလုံးလေး အစားပြန်ထိုးပါ။ ဒီနေ့၊ ဒီအပတ်၊ ဒီလ၊ ဒီနှစ် မှာ လုပ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စကားမျိုးပြောပါ။ တကယ်လုပ်မှသာ ကျွန်တော်တို့ရဲ့ အပျင်းဓာတ်တွေကို ဖယ်ရှားနိုင်မှာပါ။

၃။ ဆက်ဆံရေး

နောက်ရန်သူကြီးကတော့ ဆက်ဆံရေးပါ။ ကျွန်တော်တို့ ဆက်ဆံရေးမှာ သူများတွေကို အထင်မကြီးတာ၊ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကို အထင်မကြီးတာတွေ ရှိပါတယ်။ သူများကို အထင်မကြီးတဲ့အပိုင်းမှာတော့ သူတို့ ကိုယ့်လောက်မတတ်ဘူး၊ ကိုယ်သာလျှင် ပိုသိတာ၊ သူများတွေ ကိုယ့်လောက်မတော်ဘူး၊ ကိုယ့်ရဲ့ အတွေးအခေါ်ကို လိုက်မမှီကြဘူး၊ ကိုယ့်လောက် ဥာဏ်ရည်မကောင်းကြဘူး၊ ကိုယ့်လောက် ရုပ်ရည်မရှိဘူး၊ ကိုယ့်လောက် မချမ်းသာဘူး၊ ကိုယ့်လောက် ရာထူးမရှိဘူး စတဲ့ အတွေးအမှောင်ထုနဲ့ ကာထားတာပါ။ ကိုယ့်ကိုယ်ကို အထင်မကြီးတဲ့ အပိုင်းမှာတော့ ငါဟာ သူတို့လောက်မတတ်ဘူး၊ ငါ့ကို သူများတွေ အရေးတယူပြောမှာ မဟုတ်ဘူး၊ ငါ့ရဲ့ စကားကိုနားထောင်ကြမှာမဟုတ်ဘူး၊ ငါ့ရဲ့ ဆန္ဒကို သူတို့သဘောပေါက်မှာမဟုတ်ဘူး၊ ငါ့ရဲ့ ခံစားချက်ကို သူသိမှာ မဟုတ်ပါဘူး စတဲ့ အတွေးမိုးသည်းတွေနဲ့ ကာထားပြန်ပါတယ်။ ဒီ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ အတွေးအမှောင်နဲ့ ကိုယ့်ကိုယ်ကို အထင်မကြီးတဲ့ အတွေးမိုးသည်းထဲမှာ ကျွန်တော်တို့တွေ လမ်းလျှောက်ရင်း လမ်းပျောက်နေကြတဲ့ နေ့တွေ များလွန်းလှပါပြီ။ ဒီအတွေးတွေကြောင့် ကျွန်တော်တို့ ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့ ကျောခိုင်းမှန်းမသိ ကျောခိုင်းလျှောက်မိနေပါပြီ။ ဒီအတွေးတွေနဲ့ အောင်မြင်ဖို့ ဘယ်သူ့အကူအညီမှလည်း မယူချင်၊ မယူရဲ၊ သူများတွေကိုလည်း လက်ညှိုးထိုးအပြစ်တင်ရင်တင်၊ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရင်တင်နဲ့ တစတစ အောင်မြင်မှုတွေနဲ့ ဝေးလို့ဝေးလို့ လာခဲ့ပါပြီ။

ဒီတော့ အဲဒီအတွေးတွေကို ပြန်ပြီး တွန်းလှန်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ စိတ်တွေကို ပြန်လည် စီစစ်ပါ။ ငါသူများတွေကို အရမ်း အကဲဖြတ်နေမိလား၊ ငါ့ကိုယ်ငါရော အရမ်းနှိမ့်ချနေမိလား။ ဒီအစွန်းနှစ်ဖက်ကို ရှောင်ဖို့အရေးကြီးပါတယ်။ ငါသူများတွေနဲ့ ပြန်ပြီး ခင်ခင်မင်မင်ပြန်နေသင့်ပြီလား။ ငါ့ရဲ့ အသင်းသားတွေ၊ လက်အောက်ငယ်သားတွေနဲ့ အရမ်းကြီး ကွာဟအောင် နေဖြစ်နေလား။ ငါ့ရဲ့ သိမ်ငယ်ခြင်းတွေကို ရင်းနှီးတဲ့ မိတ်ဆွေတွေကို မပြောမိဘဲ တကိုယ်တည်း ကျိတ်ခံနေဖြစ်လား။ ငါ့ဘဝရဲ့ အလင်းရောင်ဖြစ်တဲ့ မိတ်ဆွေတွေကို ငါ တစ်တိုင်ချင်း မျက်ကွယ်ပြုပြီး ငြိမ်းမိနေလား။ ကျွန်တော်တို့ ဆက်ဆံရေးတွေကို ပြန်လည် သုံးသပ်ပြီး၊ ကောင်းသထက်ကောင်းအောင် လုပ်ဖို့လိုနေပါပြီဗျာ။

အနှစ်ချုပ်အနေနဲ့ ဘဝအောင်မြင်ရေးအတွက် ကြီးမားတဲ့ ဒီရန်သူတော်ကြီး ၃ဦးကို ပြန်လည်တိုက်ထုတ်ပစ်ဖို့ အချိန်ရောက်နေပါပြီ။ နောက်တောင်ကျနေပါပြီ။ ယုံကြည်မှုဆိုတဲ့ ဓားကိုဆွဲ၊ အလုပ်ဆိုတဲ့ လျင်မြန်တဲ့ မြင်းအာဇာနည်ကိုစီးလို့၊ မိတ်ဆွေ အပေါင်းအသင်းစစ်တပ်ကြီးနဲ့ အပြတ် ချေမှုန်းပစ်လိုက်ကြရအောင်ဗျာ။

3 total views, 2 views today

Leave a Reply