Jack Ma ပြောပြခဲ့တဲ့ Alibaba ကုမ္ပဏီ အံ့မခန်းအောင်မြင်နေရတဲ့ အဓိက လျှို့ဝှက်ချက်

တရုတ်နိုင်ငံရဲ့ ဘီလျံနာ Jack Ma လို့ပြောလိုက်ရင် သူတည်ထောင်ခဲ့တဲ့ Alibaba ကုမ္ပဏီနဲ့ တွဲပြီး မြင်ယောင်မိကြမှာပါ။ အင်္ဂလိပ်စာပြတဲ့ ကျောင်းဆရာတစ်ဦးဘ၀ကနေ လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ (၄၂.၇)ဘီလျံ ချမ်းသာနေတဲ့ Jack Ma ဟာ တရုတ်နိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းက လူအတော်များများ အားကျရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

Jack Ma ရဲ့ ဘ၀မှာ လွယ်လွယ်ကူကူ တစ်ခါတည်းနဲ့ အဆင်ပြေခဲ့တယ်ဆိုတာ လုံးဝ မရှိခဲ့ဖူးပါဘူး။ Jack ဟာ ငယ်ငယ်လေးတည်းက အင်္ဂလိပ်စာတတ်ချင်လွန်းလို့ မွေးရပ်မြေ Hangzhou မှာ ရှိတဲ့ ဟိုတယ်က ၀န်ထမ်းတွေဆီမှာ (၉)နှစ်တိတိ သင်ခဲ့ရပါတယ်။ အထက်တန်းကျောင်း အောင်ပြီးလို့ ကောလိပ်တက်တော့လည်း တစ်နှစ်မှာ တစ်ကြိမ်သာဖြေခွင့်ရတဲ့ ၀င်ခွင့်စာမေးပွဲကို (၄)နှစ်ဆက်တိုက် ဖြေဆိုပြီးမှ ကောလိပ်ဝင်ခွင့်အောင်ခဲ့ပါတယ်။ ကောလိပ်မှာ အင်္ဂလိပ်စာ အထူးပြုဘာသာရပ်နဲ့ ဘွဲ့ရပြီးတဲ့နောက်တော့ အင်္ဂလိပ်စာပြတဲ့ ကျောင်းဆရာအဖြစ် ရပ်တည်ခဲ့ပါတယ်။

ကျောင်းဆရာ ဘ၀ကနေ အသက်မွေးဝမ်းကြောင်းအလုပ် ပြောင်းလဲချင်တဲ့ Jack Ma ဟာ အလုပ်ပေါင်း(၃၀) ကျော် လျှောက်ခဲ့ပေမယ့် အကုန်လုံးက သူ့ကို ပယ်ချခဲ့ပါတယ်။ ပြစ်မှုမှတ်တမ်းမရှိတဲ့ နိုင်ငံသားတိုင်းလိုလို သေချာပေါက် အလုပ်ရတဲ့ တရုတ်ရဲဌာနက အလုပ်မခန့်ခဲ့သလို အင်တာဗျူး အခေါ်ခံရတဲ့ လူ(၂၄)ယောက်မှာ (၂၃)ယောက်လောက် အလုပ်ရလေ့ရှိတဲ့ KFC ကလည်း သူ့ကို ငြင်းပယ်ခဲ့တဲ့အကြောင်း အမေရိကန်နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ CBS နဲ့ ပြုလုပ်တဲ့ အင်တာဗျူး တစ်ခုမှာ Jack Ma ပြောခဲ့ပါတယ်။ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ရဲ့ ၀င်ခွင့်စာမေးပွဲကို (၁၀)ကြိမ်ဖြေဆိုခဲ့ရာမှာလည်း (၁၀)ကြိမ် လုံး ကျရှုံးခဲ့ဖူးပါတယ်။

ဒါပေမယ့် အပယ်ခံတစ်ယောက်၊ အရှုံးသမားတစ်ယောက် မဟုတ်ကြောင်း သက်သေပြချင်လွန်းတဲ့ Jack Ma ဟာ အွန်လိုင်းကုမ္ပဏီ Alibaba တည်ထောင်ပြီး သူ့အပေါ် လူတွေရဲ့ ထင်မြင်ယူဆချက်တွေမှားကြောင်း အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်။ Jack Ma ဟာ သူဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေပေါ်မှာ အဓိက အခြေခံပြီး Alibaba ကုမ္ပဏီအတွက် ၀န်ထမ်းခန့်တဲ့အခါမှာ ဘယ်ကုမ္ပဏီနဲ့မှ မတူတဲ့ မူတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်။ ဒါကတော့ အတော်ဆုံး၊ အတတ်ဆုံး၊ ထူးချွန်ပြီးသားဖြစ်ကြောင်း သက်သေပြပြီးသား လူတွေကို ဘယ်တော့မှ အလုပ်မခန့်ခဲ့တာပဲ ဖြစ်ပါတယ်။

Jack Ma က သူ့ဘ၀ ဖြတ်သန်းမှုကို အခြေခံပြီး အောင်မြင်ပြီးသား လူတစ်ယောက်နဲ့ အပယ်ခံတစ်ယောက် နှိုင်းယှဉ်မယ်ဆိုရင် အပယ်ခံတစ်ယောက်က သူ့အရည်အချင်းကို သက်သေပြချင်စိတ် ပိုပြီး ပြင်းထန်မယ်လို့ ယူဆခဲ့ပါတယ်။ Jack Ma ရဲ့ အယူအဆကို ကုမ္ပဏီ စတည်ထောင်ကာစ (၁၉၉၉)ခုနှစ်တုန်းကတော့ ဝေဖန်သူတွေ၊ လှောင်ပြောင်သူတွေ ရှိခဲ့ပါတယ်။ နောင်(၁၉)နှစ်အကြာ (၂၀၁၈)ခုနှစ် မှာတော့ Alibaba ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၁၀)ခုထဲမှာ တစ်ခုအပါအ၀င် ဖြစ်နေပြီး Jack Ma ဟာ သူ့အယူအဆမှန်ကန်ကြောင်း အလုပ်နဲ့ သက်သေပြပြီး ဝေဖန်သူတွေကို ပါးစပ် ပိတ်စေနိုင်ခဲ့ကြောင်း စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Ref : Wiki , Forbes , BusinessInsider , Time

Leave a Reply