ဂျပန်တွေ သိပ်လိုချင်နေကြတဲ့ တန်ဖိုးကြီးမားတဲ့ ရခိုင်ကနေပူတောင်

နေပူတောင်ကျောက်သည် ထုံးကျောက်အမျိုးအစားတွင် ပါဝင်သည်။ အပေါ်ယံကျောက်စ၊ ကျောက်နများ ကိုကြည့်၍ နို့နှစ်ရောင်၊ ကျောက်ညိုရောင်၊ အုန်းခွံရောင်နှင့် ချော့ကလက်အရောင်များအဖြစ် အကြမ်းဖျင်း ခွဲခြားနိုင်သည်။ ကျောက်လွှာများသည် အညိုရောင်၊ အဖြူရောင်၊ နီညိုရောင်၊ နက်ပြာရောင်၊ ချော့ကလက်ရောင်ရင့်ရင့်စသည်ဖြင့် အကြောလွှာများ ဖြာထွက်နေသည်မှာ ကျောက်သား၏အလှကို ပဏာရစေပါသည်။

ကျောက်သားများထဲတွင် ယှေလကျောက် (Copper Cretaceous)၊ သဲကျောက် (Agillaceous)၊ ကယ်လ်စီယမ်ကာဗွန်နိတ်၊ အလူမီနီယံအောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ ဆိုဒီယံမိုနောက်ဆိုဒ် အစရှိသော ဒြပ်ပေါင်းများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ ယှေလကျောက်သည် နှစ်သန်း(၇၀)မှ (၁၃၅)သန်းနှင့် သဲကျောက်သည် နှစ်(၂၅)သန်းမှ သန်း(၆၀)ကျောက်များ ဖြစ်ကြောင်း သိရသည်။

နေပူတောင် လမ်းခင်းကျောက်
၁၉၆၂-ခု၊ မတ်လ (၂)ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်အထိ တောင်ဂုတ်တောင်ကြားလမ်းသည် လှည်းလမ်းသာသာရှိခဲ့သည်။ နွေရာသီ၌ ချက်ပလက်အင်ဂျင်သုံးကား၊ ဒေါ့ဂျက်ခေါင်းတိုကားများ သုံးည၊ လေးညခန့်အိပ်၍ ဖြတ်သန်းစပြုလာသည်။ ဆင်အုပ်ကြီးများနှင့် လူသားစား ကိုးတောင်ကျားကြီးများ၏ အန္တရာယ်ကား ကြီးမားလွန်းလှ၏။ ဒုတိယ ကမ္ဘာစစ် အင်္ဂလိပ်တို့ အိန္ဒိယသို့အဆုတ်၊ ဂျပန်အဝင် ဗမာပြည်မှ ပြေးလာကြသော ကုလားမျိုးစုံ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ) ရာပေါင်း၊ ထောင်ပေါင်းများစွာသည် အုပ်စုလိုက်၊ အဖွဲ့လိုက် တောင်ဂုတ်တောင် ကြားလမ်းတလျှောက် ရိုးမကိုကျော်ဖြတ်ကြသည်။ ရိုးမကျားကြီးများသည် ထိုစဉ်ကပင် လူသားအရသာ ကို ကောင်းမှန်းသိပြီး ၀၀ကြီးစားဖူးခဲ့ကြသည်။

ထို့ကြောင့် နောက်ပိုင်းဒေသခံတို့ လှည်းအုပ်၊ နွားအုပ်ကြီးများနှင့် ကူးသန်းသွားလာကြသောအခါ သတိကြီးစွာထား၍ ကာကွယ်သွားလာခဲ့ကြသည်။ ကျွန်ုပ်ဖခင်၏ တောင်ကြားခရမ်းလမ်းကို စက်ဘီးဖြင့်ဖြတ်သန်း အတွေ့အကြုံများအား ထိတ်လန့်ရင်ဖိုဖွယ် နားထောင်ခဲ့ရဘူးသည်။ ကျားနှင့်ရင်ဆိုင်တွေ့ရပုံ၊ သုံးလေးရက်ခရီး သစ်ပင်မြင့်မြင့်ပေါ် လင့်စင်ထိုး၍ အိပ်ရပုံတို့မှာ မဟာစွန့်စားခန်းကြီးများပင်။

၁၉၆၃-ခုနှစ် စာသင်နှစ်မှစ၍ တောင်ကုတ်အထက်တန်းကျောင်းကြီး စဖွင့်ခဲ့သည်။ နောက်ထပ် (၅)နှစ် (၆)နှစ်ခန့်လောက်တွင် ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံကြီးများသည် ဆရာ/ဆရာမများနှင့် ကျောင်းတော်သူ၊ကျောင်းတော်သားတို့ကို မကြာမကြာ အထိတ်တလန့် ဖြစ်စေခဲ့၏။ မိုင်(၃၀)ခန့်အကွာ ရိုးမတောင်ပေါ်မှ ပျံ့လွင့်လာသော မိုင်းဗုံးခွဲသံကို နှစ်စဉ်ဆက်တိုက် ကြားနေခဲ့ကြရ သည်။ မိုင်းခွဲသံကြားတိုင်း “အဝေ့…နေပူတောင်က၊ အဝေ့…နေပူတောင်က”ဆိုသော အာမေဋိတ်ဖြင့် နေပူတောင်ကို ကျွမ်းဝင်နေပြီး ဖြစ်ခဲ့ကြသည်။

ရခိုင်ရိုးမတောင်တန်းသည် တွန့်ခေါက်တောင်တန်းကြီးဖြစ်သည်။ အနည်ကျကျောက်များဖြင့် ဖွဲ့စည်းထားသဖြင့် အပေါ်ယံမြေလွှာကို သည်းထန်သော ရခိုင်မိုးက တိုက်စားသည်။ အမြဲစိမ်းသစ်တော၊ ဝါးတောကြီးများ ထူထပ်စွာ ပေါက်ရောက်ခဲ့သည်။ ငယ်စဉ်ဘဝက ရိုးမကို ဒေါ့ဂျစ်ခေါင်းတိုကားဖြင့် လည်းကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်းပိုင် အာရ်တီစီဆိုသော ကားများဖြင့် လည်းကောင်း ဖြတ်ဘူးခဲ့သည်။

စိမ်းလန်းစိုပြေသော ရိုးမ၏ အအေးဓါတ်ကြောင့် မိုးတိမ်တိုက်ကြီးတို့သည့် မြင့်မြင့်မားမား မရွေ့လျားနိုင်ခဲ့ကြချေ။ အမြင့်ပေ (၂၀၀၀)ကျော်၊ (၃၀၀၀)ကြားလောက်သော ရိုးမကားလမ်းပေါ်မှ တောင်အောက်ခြေ၌ မိုးရွာနေသည်ကို မြင်ဖူးခဲ့သည်။ တစ်ခါတစ်ရံ ကောင်းကင်မှလေယာဉ်ပျံတို့ မိုးတိမ်တိုက်ကိုဖောက်ထွက်လာမှုအား ရိုးကျော်ကားများ ကြုံတွေ့ရ၏။ မြူဆိုင်းလွန်းသဖြင့် ကားရပ်၍ အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသည်လည်း ရှိသည်။

တောင်ကုတ်တောင်ကြားလမ်းမြေ၏ အောက်ခံကို (၁၀)လက်မ၊ (၉)လက်မမှသည် အားလူးကျောက်ခေါ် အရွယ်အစားအတိမျိုးစုံ၊ဆိုဒ်စုံကျောက်ဖြင့် အမာခံပြုရသည်။ ဘေးရေနှုတ်မြောင်းများ ဖောက်ရသည်။ လမ်းခင်းကျောက်များ ရှာဖွေစုဆောင်းထုခွဲ၍ ကျင်းဖွဲ့ထားရသည်။ တောတောင်၊ လျှိုမြောင်၊ ချောက်ကမ်းပါး အစရှိသည်သို့ လမ်းခင်းကျောက်များအတွက် လမ်းဖောက်ရသည်။ စရိတ်ဝင်သည်။ လက်ဝင်သည်။ ပင်ပန်းခက်ခဲ လွန်းခဲ့ကြသည်။

နေပူတောင်သို့ (၂)မိုင်ကျော်ခန့်ခရီးကို လမ်းဖောက်၊ မိုင်းခွဲ၊ ကျောက်ထု၊ ကျင်းဖွဲ့၊ လမ်းဘေးပုံကတည်းက စရိတ်မဝင်၊ လက်မဝင်၊ ပင်ပန်းခက်ခဲမှု လျော့ပါးသွားခဲ့ကြပြီ ဖြစ်၏။ တောင်ဂုတ်တောင်ကြားလမ်း၏ နေရာအစိတ်အပိုင်းတော်တော်များများသည် ကြွေထည်ရောင် ပြောင်လက်နေ၏။ မာဘဲလ်ကျောက်၏ တန်ဖိုးကို မသိ၍ပင်လော၊ သိသိကြီးနှင့် အသုံးမပြုတတ်၍ပင်လော ဆိုသည်ကို ထိုခေတ် ထိုအခါက နိုင်ငံဝန်ထမ်း ဦးဆောင်ဦးရွက်ပြုသူ ခေါင်းဆောင်ကြီးများသာ သိကြပေရော့မည်။

စစ်အာဏာသိမ်း ခေါင်းဆောင်ကြီးများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ဆောက်သည်။ စစ်တိုင်းကြီးများဖွဲ့၍ အုပ်ချုပ်နေရာမှ တိုင်း(၇)တိုင်း၊ ပြည်နယ် (၇)ပြည်နယ်ခွဲ၍ ပြည်ထောင်စု အမည်ခံသည်။ ရခိုင်ရိုးမ အရှေ့ဖက်ခြမ်း ဆင်တဲ၊ ဥသျှစ်ပင်၊ ထုံးဘို၊ ကမြိုင် အစရှိသည်ဖြင့် ရိုးတောင်ခြေအရှေ့ဘက်ခြမ်းတွင် ကာကွယ်ရေး စစ်လက်နက်ပစ္စည်းစက်ရုံများ၊ အကြီးစား စက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများ အစီအရီ တည်ဆောက်လာသည်။ ဂျပန်နှင့် ဂျာမန်လူမျိုး ပညာရှင်များ ရောက်ရှိလာသည်။

နေပူတောင် မာဘဲလ်ကျောက် အဖိုးတန်ပုံကို ထိုထိုသော လူမျိုးတို့ပြောပြမှ သိခဲ့ရသလောဟု မေးခွန်းထုတ်စရာ ဖြစ်ခဲ့၏။ ဂျပန်လူမျိုးတို့ ကမ္ဘာကျော်ငပလီသို့ ရေချိုးဆင်းရန် တောင်ကုတ်တောင်ကြားလမ်းကို ဖြတ်ကြပြီ။ ရိုးမတောင်ပေါ်မှ အေးမြသော အတွေ့အထိနှင့် ပဿဒဖြစ်ဖွယ်ရှုခင်းတို့ကို တွေ့ထိခံစားနိုင်ကြရန် ကားများကို လမ်းဘေးရပ်၍ ဆင်းလျှောက်ကြသည်။

ထိုစဉ်က ရခိုင်ရိုးမတောင်ကြောကြီးတစ်ခုလုံး သစ်တော၊ ဝါးတောကြီးများ ထူထပ်စွာ ပေါက်ရောက်နေ သည်။ လူသုံးလေးယောက်ဖက် လုံးပတ်ခန့်ကြီးများပြီး ခေါင်းပေါင်းကျွတ်မျှ မော်ကြည့်ရသော အဖိုးတန်သစ်ပင်ကြီးများကိုကြည့်ကာ ပြည်တွင်းထုတ်ကုန်အမျိုးမျိုးအဖြစ် ဝေဖန်သုံးသပ်ကြသည်။ စိတ်ကူးဖြင့် စက္ကူစက်ရုံကြီးများ တည်ဆောက်ကြသည်။ တောင်စဉ်၊ တောင်ကြားတစ်လျှောက် ဒလဟောစီးဆင်းပြီး မြစ်ချောင်း၊ သမုဒ္ဒရာကြီးအထိ စီးဝင်သွားသော မိုးရေများကိုကြည့်ကာ စိတ်မှန်းဖြင့် ရေကာတာကြီးများဆည်၍ မိုးရေဂါလံပမာဏကိုလည်း မှန်းဆကြသည်။

ကြွေထည်ရောင်ပေါက်နေသော ရိုးမလမ်းကို အာရုံစူးစိုက်မိသည်။ လမ်းဘေးထုခွဲ စုပုံထားသော ကျောက်စကျောက်နများကို ကောက်ယူသုံးသပ်သည်။ ဤမာဘဲလ်ကျောက်များ အဘယ် အရပ်က ထွက်ရှိသနည်း။ စူးစမ်းလိုအသိဖြင့် နေပူတောင်ရှိရာသို့ ကားများဖြင့် ဝင်ကြည့်သည်။

မာဘဲလ်ကျောက်ဆောင်ကြီးကို မိုင်းဖြင့်ခွဲ၍ အရွယ်အစားဆိုဒ်စုံ ထုဆစ်နေကြသည်ကို မြင်တွေ့ရသောအခါ ရင်ဘတ်ကိုထု၍ ပြေးထွက်လာကြသည်။ ကျောက်စနမူနာများကို ကောက်ယူပြီး ဂျပန်သံရုံးမှတစ်ဆင့် သူ့နိုင်ငံဂျပန်သို့ အမြန်ဆုံးပို့သည်။ မာဘဲလ်ကျောက် ဝယ်ယူရေးကိုယ်စားလှယ်များ အပြေးအလွှား ရောက်လာ ကြသည်။ အပေါ်ယံမျက်မြင် အနေအထားကို ကြည့်ရှုသည်။ သုံးသပ်ပိုင်းဖြတ်၍ ဝယ်ယူရရှိရေး ကမ်းလှမ်း သည်။ ဒေါ်လာကုဋေပေါင်းများစွာ တန်သည် ဟူသတတ်။

အရောင်းအဝယ်၊ အလျှော့အတင်း၊ အညှိအနှိုင်း
၁၉၇၀-ပြည့်လွန် တစ်နှစ်ခန့်ဖြစ်မည်။ ဗိုလ်တစ်ထောင်သတင်းစာ၏ ရှေ့မျက်နှာဖုံး၌ လက်မဝက်ခန့် စာလုံးမဲကြီးဖြင့် “ပြည်ခရိုင်၊ ပန်းတောင်းမြို့အပိုင် မိုင်(၇၀)အကွာ ရခိုင်ရိုးမပေါ်မှာတွေ့ရှိ၊ ဒေါ်လာ ကုဋေ(၉၀၀)တန်ဖိုးရှိ နေပူတောင်မာဘဲလ်ကျောက်ဆောင်ကြီး”ဟု ပါရှိလာသည်။ ပြည်ခရိုင်၊ ပန်းတောင်းမြို့အပိုင် မိုင်(၇၀)အကွာဟုဆိုသဖြင့် ကျွန်ုပ်တို့ မြို့နယ်တွင်း မိုင်(၃၀)ခန့်အကွာက မိုင်းခွဲ၊ ကျောက်ထု၊ လမ်းခင်းနေသော နေပူတောင်မဖြစ်နိုင်။ အခြားနေပူတောင်တစ်ခုသာဟု မှတ်ယူခဲ့ကြသည်။ အမှန်မှာ ကျွန်ုပ်တို့ မြို့နယ်အပိုင် နေပူတောင်မှ နေပူတောင်အစစ်ပင်ဖြစ်၏။

၁၉၇၃-၇၄ တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းကာ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ စစ်ဗိုလ်ကြီးများကို ဘောင်းဘီချွတ်ခိုင်းကာ အရပ်ဝတ် ဝတ်စေပြီး ပြည်နယ်ပါတီကောင်စီထိပ်ပိုင်းဥက္ကဌ၊ အတွင်းရေးမှူးနေရာများကို ယူခိုင်းထားသည်။ အလယ်အလတ်ပိုင်းနှင့် အောက်ခြေပိုင်းတွင် နိုင်ငံရေးကို သိနားလည်ခြင်းမရှိသူ သို့မဟုတ် သိနားလည်သော်လည်း လူကြီးလုပ်စားရန် ရွေးစရာ လမ်းမရှိသဖြင့် ပါဝင်သူ အများစုဖြစ်သည်။ ရွေးစရာလမ်းမရှိသဖြင့် ရနိုင်သမျှလောက်တော့ မြို့နယ်အကျိုးကို ဆောင်ရွက်ရန်ဟူသော အကြောင်းပြချက်ဖြင့် ပါဝင်သူတစ်ရာခိုင်နှုန်းမျှပင် ပြည့်ချေမည်မဟုတ်။

မည်သို့ဆိုစေကာမူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်ခံထားသဖြင့် မြို့နယ်အကျိုးအတွက် တောင်းဆိုမှုပြုခဲ့သူတို့ကား ရှိတော့ရှိ၏။ လက်ချိုးရေတွက်၍ ရ၏။ တစ်ဖက်မှ နေပူတောင်ကို ဈေးဖြတ်ဝယ်ယူနိုင်ရေးအတွက် ဂျပန်တို့ကကြိုးစားကြသည်။

နေပူတောင်ကျောက် ဒေါ်လာများစွာတန်ဖိုးရှိသည်ဟု ဆိုလိုက်သည်နှင့် အောက်ခြေမှပုဂ္ဂိုလ်တစ်ချို့က လမ်းဘေး၌စုပုံထားသော နေပူတောင်အနွယ်ဝင် ကျောက်တုံးကျောက်ခဲကိုမဆို မည်သူတစ်ဦးတစ်ယောက်မျှ မကောက်ရ၊ မကိုင်ရ၊ မသယ်ဆောင်ရ။ ကျောက်ပုံအနီး ကားမရပ်ရဟူ၍ နှုတ်မိန့်ထုတ်ကြသည် ဆိုသတတ်။

မကြာမြင့်မီကာလအတွင်း ထိုစဉ်က ဂျပန်ဝန်ကြီးချုပ်တာနာကာ ဦးဆောင်သော နေပူတောင် မာဘဲလ်ကျောက် ဝယ်ယူရေးအဖွဲ့ ရောက်ရှိလာခဲ့ကြောင်း ကြားလိုက်ရသည်။ တစ်ပါတီစစ်အာဏာရှင်အုပ်ချုပ်မှုအောက်တွင် သတင်းစကားစများ ပျံ့လွင့်ထွက်လာသည်။ ထို့အတွက်ကြောင့် အဘယ်မျှလောက်ထိ မှန်ကန်မည်ဆိုသည်ကို စံတစ်ခုထား၍တော့ မရနိုင်ပေ။

ဂျပန်ဝန်ကြီးချုပ် တာနာကာက ဝယ်ယူရေးအတွက် ညှိုနှိုင်းပြောဆိုကြရာတွင် ဂျပန်နှင့်မြန်မာသည် ယခုမှ ထိတွေ့ဆက်ဆံကြရသည်မဟုတ်။ လွန်ခဲ့သော (၁၇)ရာစု အလယ်ခန့်လောက်ကပင် ဂျပန်လူမျိုး ဆာမူရိုင်းစစ်သည်များ ရခိုင်ဘုရင်ထံ စစ်မှုထမ်းခဲ့ကြကြောင်း ပါဝင်သည်ဟုဆိုသည်။ ဂျပန်ဝန်ကြီးချုပ် တာနာကာက နေပူတောင် မျက်မြင်အရှိ ကျောက်တစ်ဆောင်လုံးကိုတွက်ချက်ပြီး ဝယ်ယူရေးစာချုပ် ချုပ်လိုသည်။

သက်ဆိုင်ရာ မြန်မာအစိုးရဘက်မှ လက်မခံသဖြင့် နောက်ဆုံး လေးပုံတစ်ပုံ အရောင်းအဝယ်ပြုလုပ်ရန် သဘောတူကြကြောင်း သိရှိရသည်။ ထိုစဉ်က ကာလပေါက်ဈေး (၁)ကုဗမီတာလျှင် (၁၂၉၈ိ/ ၄ဝါး)ဖြင့် တွက်ချက်လျှင် အမေရိကန်ဒေါ်လာ သန်း(၉၀၀၀)ရှိသည်ဟု သိရ၏။ မြေလွှာပေါ်ထိုးထွက်နေသော မျက်မြင်အရှိ ကျောက်သားကုဗပေမှာ (၃၄၉)သန်း၊ (၂)သိန်း၊ (၃)သောင်း၊ (၇)ထောင်၊ (၅)ရာရှိကြောင်း ဆို၏။

မြန်မာ၊ ဂျပန် ရောင်းသူနှင့်ဝယ်သူတို့ အပြန်အလှန် အလျှော့အတင်း အကျိုးအမြတ် ညှိနှိုင်းကြသည်။ ဂျပန်က ဝယ်ယူခွင့်ရရှိသော လေးပုံတစ်ပုံကို တောင်ကုတ်မှသံတွဲ မေရိုးဘေးသင်္ဘောဆိပ်သို့ ရထားလမ်းဖောက်မည်။ ထိုမှ သင်္ဘောကြီးများနှင့် ဂျပန်သို့ ပို့ဆောင်မည်ဟု ဆိုသည်။ မြန်မာဘက်မှ ဧရာဝတီမြစ်ကူးတံတား ထိုးပေးစေလိုသည်။ ပြီးမှ ပြည်မြို့မှ ရန်ကုန်သို့ ရထားလမ်းပိုင်း တိုးတက်ကောင်းမွန်အောင် ပြုလပ်စေပြီး ကြည့်မြင်တိုင်ဆိပ်ကမ်းမှ ဂျပန်သို့ သယ်ယူကြစေလိုသည်။

ဂျပန်တို့ အလိုကျဆိုလျှင် ခရီးတိုနှင့် သင်္ဘောပေါ်သို့ရောက်ရှိပြီး ကုန်ကျစရိတ်သက်သာကာ အကျိုးအမြတ်ပို၍ရှိမည်။ ဒေသခံတို့ အလိုအရဆိုလျှင် တောင်ကုတ်-သံတွဲဒေသ၏ ဖွံ့ဖြိုးရေးကို မြင်တွေ့နိုင်မည်။ မြန်မာတို့အလိုအရ ထိုစဉ်က မြစ်ကြီးများကို ကူးဖြတ်သော တံတားဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်သဖြင့် ဂျပန်တို့၏ မာဘဲလ်ကျောက် မက်မောလိုချင်မှုကို အခြေပြု၍ ပြည်-ရန်ကုန်လမ်းတစ်လျှောက်လုံး၏ ဖွံ့ဖြိုးမှုကို ရအောင်ယူလိုဟန်တူသည်။

ဂျပန်တို့သည် နေပူတောင်ကျောက်ကို လိုချင်လွန်းသဖြင့် မဆလ စစ်အစိုးရ၏ လိုလားမှုမှန်သမျှကို လိုက်လျောကာ လေးပုံတစ်ပုံဝယ်ယူရေး စာချုပ် ချုပ်ဆိုလိုက်ကြကြောင်း ကြားသိလိုက်ရ၏။ သို့သော် ဂျပန်ဝန်ကြီးချုပ် တာနာကာ ဂျပန်သို့ပြန်ရောက်ပြီး မကြာခင်အတွင်း ထိုစဉ်က ပြင်သစ်ပိုင် လော့ဟိလေယာဉ်ကုမ္ပဏီမှ လာဘ်စားမှုဖြင့် ပြုတ်သွားသည်ဆို၏။ နောက်တက်လာသော ဂျပန်အစိုးရသစ်မှ တာနာကာနှင့်ချုပ်ဆိုခဲ့သော စာချုပ်အတိုင်း ဝယ်ယူရေးကို ဆက်လက် လုပ်ဆောင်ရန်ရှိသော်လည်း ဧရာဝတီမြစ်ကူးတံတားကိုမူ မြန်မာအစိုးရက ထက်ဝက်ကျခံရန် အဆိုပြုကြောင်းကြားရသည်။

ထိုစဉ်က အစိုးရသည်လည်း တစ်ပါတီစစ်အာဏာရှင် အရပ်သားတစ်ပိုင်း အစိုးရသာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းနှင့် ပြည်တွင်းစစ် မီးတောက်မီးလျှံကြား ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဘဝသို့ လျှောဆင်းနေပြီဖြစ်၏။ ထို့ကြောင့် မြစ်ကူးတံတားကုန်ကျစရိတ်ကို ကျခံနိုင်ခြင်းမရှိသဖြင့် နေပူတောင် မာဘဲလ်ကျောက်အရောင်းအဝယ် ရပ်ဆိုင်းသွားခဲ့ရလေတော့သည်။

ဦးမြင့်ဆွေမောင် (ဝိဇ္ဇာ-သမိုင်း)
ဘွဲ့ယူမှတ်ပုံတင်အမှတ် – ၇၈၃၉၇(၇၈/၇၉)
ထောင်ဝင်အမှတ် – ၅၃၁၇/စီ (၈၆/၈၈)
#ကျမ်းကိုးစာရင်း
မြန်မာနိုင်ငံသမိုင်းမစတင်မီခေတ်
လွန်ခဲ့သော နှစ်သန်း (၁၆၀)က မြန်မာပြည်
ဘူမိဗေဒ သုတေသနဂျာနယ်
နေပူတောင်အလှဆင်ကျောက်-လင်းနောင်(တောင်ကုတ်)
ရခိုင်ပြည်နယ် ပထဝီအနေအထား
ဘဝတစ်သက်တာ မှတ်တမ်း
မြန်မာပို့စ်ဂျာနယ်

Leave a Reply