အချစ်အတွက်နဲ့ တောင်ကြီးတစ်ခုလုံးကို ဖောက်ထွင်းခဲ့သူ ( သို့ ) အချစ်သူရဲကောင်းကြီး

အိန္ဒိယနိုင်ငံက တကယ့်ဖြစ်ရပ်မှန်လေးပါ။

ဘီဟာနယ်မြေရဲ့ ရွာတစ်ရွာမှာ နေထိုင်တဲ့ ကုန်ထမ်းအလုပ်သမား ဒက်ရှ်ရက်မန်ဂျီ (Dashrath Manjhi) ရဲ့ မိန်းမဟာ ယာခင်းထဲမှာ အလုပ်လုပ်နေရင်း မြွေကိုက်ခံရတယ်။ မန်ဂျီဟာ ယာခင်းထဲမှာ လဲကျနေတဲ့ မိန်းမကို တွေ့လို့ ပွေ့ယူပြီး အိမ်ထဲက အိပ်ယာပေါ်မှာ သိပ်ထားလိုက်တယ်။ သူ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားတယ်။ သူ နေတဲ့ရွာမှာ ဆရာဝန် သူနာပြုနဲ့ ဆေးခန်း မရှိဘူး။ သူ့ရွာကနေ အနီးဆုံး ဆရာဝန်ရှိတဲ့ မြို့ဟာ ၁၅ မိုင်ပဲ ဝေးပါတယ်။ ဒါပေမဲ့ ရွာနဲ့ မြို့ကြားမှာ ကျောက်တောင်ကြီးတစ်ခုရှိနေတယ်။ မြို့ကို သွားရင် ကျောက်တောင်ပေါ်ကနေ ကျော်သွားလို့ မရတဲ့အတွက် တောင်ကို ပတ်ပြီး သွားရတယ်။ မိုင် ၅၀ လောက် သွားရတယ်။ ခြေလျင်ခရီးနဲ့ သွားရင် တနေကုန် သွားရပါတယ်။ ဒါကြောင့် မန်ဂျီဟာ သူ့မိန်းမကို အချိန်မီ ဆရာဝန်ဆီ ပို့နိုင်မှာ မဟုတ်ဘူးဆိုတာကို သိလို့ မိန်းမ မြွေကိုက်တဲ့ ဒဏ်ရာနဲ့ ဆုံးသွားတာကို ဒီအတိုင်း ကြည့်နေလိုက်ရတယ်။

မန်ဂျီဟာ မိန်းမကို သင်္ဂြိုဟ်ပြီးတော့ ရက်ပေါင်းအတန်ကြာ ပူဆွေးတမ်းတနေပါတယ်။ နှစ်ပတ်အကြာ သူ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာတယ်။ အဲဒါက သူ့မိန်းမလို ဆရာဝန်ဆီ အချိန်မီ မပို့နိုင်တဲ့ အဖြစ်မျိုးကို တခြားလူတွေကို မဖြစ်စေချင်ဘူး။ နောက်ပြီး သူ့မိန်းမအတွက် အမှတ်တရတစ်ခု လုပ်ပြချင်နေတယ်။ ဒါကြောင့် သူ တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်ရက် မနက်ပိုင်းမှာ သူဟာ တူ၊ စူး၊ ဆောက်၊ ဂေါ်ပြား၊ လက်တွန်းလှည်းတွေကို ယူပြီး တောင်ဆီကို သွားတယ်။ အဲဒီမှာ သူဟာ စူး ဆောက်တွေနဲ့ ကျောက်တောင်းကို တောင်ခြေကနေ စပြီး တဖြည်းဖြည်းချင်း ဖဲ့နေတယ်။ သူဟာ တစ်ယောက်တည်း နေ့ရော ညပါ ၂၂ နှစ်ကြာအောင် ကျောက်တောင်ကို ဖဲ့လိုက်လို့ အရှည် ၃၆၀၊ အနက် ၂၅ ပေနဲ့ အကျယ် ပေ ၃၀ ရှိတဲ့ တောင်ကြားလမ်းလေး ဖြစ်လာတယ်။ မကြာခင် အဲဒီလမ်းလေးမှာ စက်ဘီး၊ မော်တော်ဆိုင်ကယ်တွေ သွားလို့ ရလာတယ်။ ရွာက ကလေးတွေ တောင်တစ်ဖက်က မြို့ကို ကျောင်းတက်လို့ ရသွားတယ်။ ရွာကလူတွေ မြို့က ဆေးရုံ ဈေးစတာတွေကို မြန်မြန် သွားနိုင်ကြပြီ။ တောင်ကြားလမ်းဟာ မန်ဂျီက သူ့မိန်းမအတွက် အချစ်သက်သေပြလိုက်တာပါ။

ဒီအကြောင်းကို ဘော်လီဝုဒ်က Manjhi – The Mountain Man နာမည်နဲ့ ရုပ်ရှင်ရိုက်ကူးပြိး ၂၀၁၅ ခုနှစ်မှာ ရုံတင်ပြခဲ့ပါတယ်။

မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်ပြလိုက်တဲ့ မန်ဂျီရဲ့ အံ့မခန်း လုပ်ရပ်ပါ။

ကျွန်တော် မန်ဂျီကို အားကျမိပါတယ်။ သူဟာ တောင်ကြီးတစ်တောင်ကို လမ်းဖေါက်ပြီး ခြေဖ၀ါးအောက် ပြားပြားဝပ်အောင် လုပ်ပြခဲ့ပါတယ်။ မိတ်ဆွေလည်း သူ့လို လုပ်နိုင်ပါတယ်။

မိတ်ဆွေ ဖြတ်ကျော်ရမယ့် တောင်ကြီးက ဘယ်ဟာလဲ။ စာမေးပွဲအောင်ဖို့လား။ ဘွဲ့ရဖို့လား။ အလုပ်မှာ ရာထူးတိုးဖို့လား။ အောင်မြင်တဲ့ လုပ်ငန်းရှင် ဖြစ်ဖို့လား။ ဘယ်လိုတောင်ကြီးဖြစ်ပါစေ၊ မိတ်ဆွေမှာ မန်ဂျီလို ၂၂ နှစ်ကြာအောင် တစ်ယောက်တည်း နေ့ရောညပါ လုပ်နိင်တဲ့ ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ ခိုင်မာတဲ့ စိတ်ဓာတ်တွေရှိရင် တောင်ကြီးကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။

ဗန်းမော်သိန်းဖေ

Leave a Reply