၂ နှစ်ကြာရင် ဘယ်လိုလူ ဖြစ်မလဲ

ကျွန်တော် ဒီစာလေးကို စာအုပ်တစ်အုပ်မှာ ဖတ်ခဲ့ဖူးပါတယ်။
“the difference between who you are now and you will be in 2 years’ time is dependant on the books you read and the people you hang out with.”
“သင် အခု လက်ရှိအချိန်ကနေ နောက် ၂ နှစ်ကြာတဲ့အခါ ကွာခြားချက်တွေဟာ သင် ဘာစာအုပ်တွေ ဖတ်တယ်၊ ဘယ်လိုလူတွေနဲ့ ပေါင်းတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်” တဲ့။

ဒီစကားအတိုင်းဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။

၁) စာအုပ်ဖတ်ခြင်း

လူတွေက ပြောကြတယ်။ သူတို့ စာအုပ်တွေ အများကြီး ဖတ်ချင်ကြတယ်တဲ့။ တကယ်လည်း နှစ်သစ်ဆုတောင်း New Year Resolutions List မှာ တစ်နှစ်အတွင်း စာအုပ်ဘယ်နှအုပ် ဖတ်ပြီးရမယ်လို့ ဆုံးဖြတ်ချက်ချထားတတ်ကြပါတယ်။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက အဲဒီဆုံးဖြတ်ချက်အတိုင်း လုပ်တဲ့လူဟာ ၁ ရာခိုင်နှုန်း မရှိပါဘူး။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ အလွန်အောင်မြင်ကြီးပွားသူတွေဟာ ၁ ရာခိုင်နှုန်းတောင် မရှိကြပါဘူး။

စာအုပ်ဖတ်တယ်ဆိုလို့ ညစဉ်ညတိုင်း တစ်ညလုံး မအိပ်ဘဲ စာအုပ်ကို ဖတ်နေဖို့ မလိုပါဘူး။ အနည်းဆုံး ည မအိပ်ခင် ၁၅ မိနစ်လောက် စာဖတ်ရုံနဲ့ ၂ နှစ်အကြာမှာ သင့်ရဲ့ဦးနှောက်ဟာ အများကြီး ဖွံ့ဖြိုးတိုးတက်လာပါမယ်။ စာမဖတ်သူတွေထက် တွေးတာခေါ်တာ အခွင့်အလမ်းတွေမြင်တွေ့တာတွေမှာ သာလွန်လာပါလိမ့်မယ်။ ကျွန်တော် အကြံပေးချင်တာကတော့ စာအုပ်တွေ အများကြီးကို မဖတ်နိုင်ရင် အောင်မြင်ကြီးပွားသူတွေအကြောင်း ရေးထားတဲ့ အထ္ထုပ္ပတ္တိစာအုပ်တွေကို ဖတ်ချင်စေပါတယ်။ ဒါမှလည်း သူတို့ကို အားကျအတုယူပြီး အောင်မြင်သူတွေ ဖြစ်လာမှာပါ။

၂) အပေါင်းအသင်း

အမှန်တရားတစ်ခု ရှိပါတယ်။ သင် နေ့စဉ် ပေါင်းသင်းဆက်ဆံနေသူတွေလိုပဲ သင်လည်း ဖြစ်လာပါမယ်တဲ့။ အရက်သမားတွေ ပေါင်းနေသူဟာ အရက်သမား ဖြစ်လာမယ်။ မူးယစ်ဆေးစွဲနေသူတွေနဲ့ ပေါင်းနေသူဟာ မူးယစ်ဆေးစွဲနေသူ ဖြစ်လာမှာပါ။ စာတော်တဲ့ သူနဲ့ ပေါင်းနေတဲ့ ကျောင်းသားလည်း စာတော်လာပါလိမ့်မယ်။

လက်ရှိအချိန်မှာ သင် ဘယ်သူတွေနဲ့ ပေါင်းသင်းဆက်ဆံနေသလဲဆိုတာ ပြန်စဉ်းစားပါ။ သေချာတာက သင် နောက် ၂ နှစ်အကြာမှာ သူတို့လိုပဲ ဖြစ်လာမှာပါ။ ဘယ်လိုလူတွေနဲ့ ပေါင်းသင်းမလဲဆိုတာ သင့်အနာဂတ်ကို ရွေးချယ်ခြင်းပါ။

စာအုပ်ဖတ်ခြင်းနဲ့ အပေါင်းအသင်းတွေဟာ သင့်ရဲ့ လှပတဲ့ အနာဂတ်တည်ဆောက်ရေးမှာ အရေးပါလှပါတယ်။

ဗန်းမော်သိန်းဖေ

Leave a Reply