“မိုင်းဖုန်းဆရာတော်ဟာ အလှူမခံဘူး၊ ဓါတ်ပုံ မရောင်းစားဘူး၊ အဆောင်လက်ဖွဲ့ မရောင်းစားဘူး”

ဒီတစ်ခေါက် (၂၀၁၈)မှာ မိုင်းဖုန်းဆရာတော် ဂူထွက်လာပြီးနောက် အနီးကပ်ဆုံး တပည့်ဒါယိကာတွေအထင်က ဆရာတော်ဟာ ဂူက ထွက်ပြီးတာနဲ့ တာချီလိတ်မှာ ရှိတဲ့ မိုင်းဖုန်းဒေသကို
ပြန်လည်ကြွလာမယ်လို့ ထင်ထားကြပေမဲ့၊

တကယ်တော့ မိုင်းဖုန်းဆရာတော်ဟာ ရန်ကုန် နဲ့ မန္တလေးတွေအထိတောင် သာသနာပြုခရီးကြွရောက်တော်မူလိုက်တာ ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၄)ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း
နောင်ချိုမှာ တရားတော်ဟောကြားတော်မူနေတဲ့ပုံ FB မှာ တက်လာမှ ဆရာတော် နောင်ချိုကို ကြွနေတယ်ဆိုတာ သိရတယ်။

သဘောကတော့ မိုင်းဖုန်းဆရာတော်ရဲ့ ခရီးစဉ်ဟာ အခြားဆရာတော်တွေလို လူပုဂ္ဂိုလ်ကြီးတွေလို ဘယ်ပြီးရင် ဘယ်ကိုသွားမယ် ဆိုပြီး ခရီးစဉ် ပလန်ချထားတာမရှိဘူးလို့တောင် ပြောနိုင်ပါတယ်။

ဘာလို့လည်းဆိုတော့ လပြည့်ညမှာ ရန်ကုန်မှာ တရားဟောကြားမယ်ဆိုပြီး မန္တလေးမှာ ဟောတာမျိုးပေါ့နော်။

အဲ့ဒါကြောင့် မိုင်းဖုန်းဆရာတော် ဘယ်မြို့ကြွမယ်၊ ဘယ်မှာတရားဟောမယ်ဆိုတာကို ကျွန်တော့်အနေနဲ့ ကြိုတင်သတင်းရေးဖို့ ခက်တယ်၊ ဘာလို့လည်းဆိုတော့ ဆရာတော်အနားမှာ ရှိသူတောင် အတိအကျမသိနိုင်တဲ့အခါကြတော့ မျှော်လင့်နေသူတွေ မျှော်တောင်ယောင်ဖြစ်မှာဆိုးလို့ပါ။

တစ်ချို့မြို့တွေမှာဆို ဆရာတော်ကြွလာပြီး တရားဟောမယ်ဆိုပြီးတော့ နေရာထိုင်ခင်းနဲ့ ဓမ္မသဘင်အပြင်အဆင်တွေ လုပ်ထားပြီး ကြွမလာဖြစ်တာမျိုးပေါ့နော်..။

ဒါကတော့ ဆရာတော်ရဲ့ သာသနာပြုခရီးစဉ် ကြွရောက်မှု အခြေအနေပါ။

အဓိက ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ “ဝေဖန်ရေး နဲ့ လေကန်ရေးမှာ ကျူရှင်တက်စရာတောင်မလိုတဲ့ လူစားမျိုးတွေ”ရဲ့ “ဆင်ကန်းတောတိုး ပြောဆိုနေမှု”တွေကို ချေပချင်တာထက် သိစေချင်လို့ ဒီစာကို ရေးလိုက်တာပါ။

မိုင်းဖုန်းဆရာတော်က အလှူခံတယ်၊ ဓါတ်ပုံရောင်းစားတယ်၊ အဆောင်လက်ပတ်တွေ ရောင်းစားတယ် ဆိုပြီး ပြောဆိုမှုတွေ၊ အပြင် အခြား အကုသိုလ်ဖြစ်စေမဲ့ ပြောဆိုရေးသားမှုတွေ
တော်တော်များများတွေ့ရတယ်။ အဲ့လို ပြောဆိုသူတွေဟာလည်း အကောင့်အတုလည်း ဖြစ်သလို၊ အကောင့်စစ်လည်း ဖြစ်ကြတာတွေ တွေ့ရပေမဲ့၊ တာချီလိတ်သားအနေနဲ့ မိုင်းဖုန်းဆရာတော်နဲ့ပတ်သက်တဲ့ တစ်စိတ်တစ်ဒေသလေးကိုတော့ ပြောသင့်တယ် ထင်လို့ ထင်ပါတယ်။

“မိုင်းဖုန်းဆရာတော်ဟာ အလှူမခံဘူး၊ ဓါတ်ပုံ မရောင်းစားဘူး၊ အဆောင်လက်ဖွဲ့ မရောင်းစားဘူး”

( ဆရာတော်ရဲ့အဆောင်လက်ဖွဲ့တွေကို တစ်နည်းတစ်ဖုံနဲ့ ရောင်းစားသူတွေဟာ သူ့အပြစ်နဲ့သူ့အကုသိုလ်နဲ့သူ ခံသွားပါလိမ့်မယ်။ )

ဘာလို့ ဒီလောက် ပြောနိုင်တာလဲ ဆိုရင်

မိုင်းဖုန်းဆရာတော်ဟာ (၉)နှစ်အကြာ ပြည်ဝင်ခွင့် ပိတ်ခံရပြီးနောက် ၂၀၁၃ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၁း၀၆)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကနေ တာချီလိတ်ကို ပြန်လည်ကြွချီလာခွင့်ရခဲ့ပါတယ်။ ကြွလာတဲ့နေ့က တာချီလိတ်က တံတား(၁)ကနေ ကြွလာပါတယ် ကျွန်တော်ကိုယ်တိုင် သတင်းဓါတ်ပုံ ရိုက်ခဲ့ပါတယ်။

တာချီလိတ်ကို ပြန်ကြွလာခွင့်ရရှိပြီးနောက်ပိုင်းမှာ ကျွန်တော်ကိုယ်တိုင်လည်း ဆရာတော်ကျောင်းကို ခဏခဏ ရောက်သလို၊ ဆရာတော်အနားကနေ အနီးကပ် သတင်းဓါတ်ပုံတွေ ရိုက်ခွင့်ရခဲ့သလို ဆရာတော် ကိုယ်တိုင် ချီးမြှင့်တဲ့ ဘုရားဆင်းတုတော်တစ်ဆူလည်း အိမ်မှာ ယနေ့အထိ ရှိပါတယ်။ တကယ်တော့ မိုင်းဖုန်းဆရာတော်ဟာ ထိုင်းနိုင်ငံအကြားမှာ မယ်ဆိုင်ဂူကနေ နာမည်ကြီးပြီး လူသိများနေတဲ့ ဆရာတော်မဟုတ်ပါဘူး။ ယခင်ကတည်းက လူသိများပြီး နာမည်ကြီးနေတဲ့ ဆရာတော်တစ်ပါးပါ။

နောက်ထပ် အဓိက ပြောချင်တာကတော့ ဆရာတော်နဲ့ အလှူကိစ္စပါ ဆရာတော်ကို အလှူရှင်တွေက ငွေအထပ်လိုက် လှူတာရှိသလို၊ ကားလည်း အစီးလိုက်လှူတာရှိပါတယ်။ ဆရာတော်ဟာ အလှူငွေနဲ့ကားတွေကို ကျောင်းမှာ မသိမ်းထားဘူး၊ ဘဏ်မှာလည်း မအပ်ထားဘူး၊

အလှူရှင်တစ်ဦးက ထိုင်းဘတ်ငွေ တစ်ထောင်တန်အထပ်လိုက် လာလှူတာနဲ့ ချက်ခြင်းပဲ ဘေးက လိုအပ်သူကို ပြန်လှူဒါန်းပေးတာရှိသလို၊ တရားနာကြွရောက်တဲ့သူတွေကိုလည်း တစ်ယောက်တစ်ရွက်စီ ပြန်လှူပေးတာတွေရှိပါတယ်။

ဆရာတော်ကြွလာတဲ့အချိန် ဖူးခွင့်ရရှိပြီး ဆရာတော်စွန့်ပေးတဲ့ ငွေစက္ကူတွေ ရရှိသူအနေနဲ့ သိမှာပါ။ အဲ့လို စွန့်ပေးတဲ့ ငွေတွေဟာ ဆရာတော်ဟာ ခဏသာ ဆရာတော်ရဲ့ လက်နဲ့ထိတွေ့ပြီး တပည့်ဒါယိကာတွေကနေ တဆင့် တစ်ဦးကို တစ်ရွက်နှုန်းနဲ့ ပြန်ဝေပေးပါတယ်။

သိမ်းထားချင်သူတွေက သိမ်းထားသလို၊ တစ်ချို့လည်း သုံးစွဲလိုက်ကြတာရှိပါတယ်။

နောက်ပြီး ဆရာတော်ကို ကားလှူဒါန်းသူတွေများပါတယ်။ လှူဒါန်းတဲ့ ကားကိုလည်း ဆရာတော်ဟာ ကိုယ်တိုင်သုံးစွဲခြင်းနည်းပါးပြီး ပြန်လှူပေးတာများပါတယ်။

ဆရာတော်ပုံတော်တွေကို အများသူငှာကြည်ညိုနိုင်ရန်အတွက် တပည့်ဒါယိကာတွေက ထုတ်ဝေပြီး ဆရာတော်ကို လှူဒါန်းတယ်၊ အဲ့ဒီကနေ တဆင့် ပေးဝေစွန့်ကြဲတယ်။ အဲ့လိုပဲ အဆောင်လက်ပတ်ကြိုးဆိုလည်း ဆရာတော်ဟာ လက်နဲ့ထိတွေ့ ပြီး၊ လိုချင်သူတွေကို လက်လှမ်းမီသမျှ ပေးဝေသလို။ တစ်ချို့သူတွေကိုလည်း ပြန်ဝေနိုင်ရန်အတွက် များများလေး ပေးတာရှိတယ်။

ဆရာတော်ကို အလှူငွေတွေ ကားတွေလှူပေးသူ အရမ်းများသလို လှူလာရင်လည်း မငြင်းဘူး လက်ခံပေးပြီး ချက်ချင်းပြန်လှူပေးတယ်။

ဆရာတော်အနေနဲ့ ဘယ်နေရာမှာ ဘယ်လိုကျောင်းဆောက်ချင်တယ်၊ ဘယ်လိုစေတီတည်ချင်တယ်ဆိုရင် မဖြစ်ဘူးဆိုတာ မရှိဘူး အလှူရှင်တွေ ၀ိုင်းလှူကြတာပါပဲ၊

ဒီလိုဆို သဘောပေါက်မှာပါ။ အဓိက ကတော့ ဆရာတော်ဖြစ်ချင်တာကို လိုက်ပါလှူဒါန်းပေးမဲ့သူတွေ အများကြီးရှိတယ်ဆိုတာကို ရည်ညွှန်းပါတယ်။

လက်ရှိ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck ဟာ မိုင်းဖုန်းဆရာတော်ရဲ့ တပည့်အရင်းထဲမှာ ပါဝင်သလို ထိုင်းဘုရင်မင်းမြတ်လည်း မိုင်းဖုန်းဆရာတော်ကို ကိုးကွယ်ပါတယ်။

၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ကိုလည်း မိုင်းဖုန်းဆရာတော်ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

တချို့ကိစ္စတွေမှာ မသိဘဲ မဝေဖန်သင့်ပါဘူး၊ ဝေဖန်မယ်ဆို သိအောင်အရင်လုပ်ပြီးမှ ဝေဖန်တာ ကောင်းပါတယ်။

ဒါကတော့ မိုင်းဖုန်းဆရာတော်နဲ့ ပတ်သက်လို့ သဲပွင့်တစ်ပွင့်စလောက်သာ ရေးသားမှုပါ။

အားလုံးပဲ လေဖမ်းဒန်းစီး ဝေဖန်မှုတွေကို သုံးသပ်နိုင်ပါစေ

( မိုင်းဖုန်းဆရာတော်ရဲ့ ပုံတော်များကိုတော့ မိုင်းဖုန်းဆရာတော်၏ မှတ်တမ်းဓာတ်ပုံများ စုစည်းမှု Page မှာ ရယူနိုင်ပါတယ် )

{ကိုဇောင်း}
24.11.2018
#kozaung #ကိုဇောင်း

( မိုင်းဖုန်းဆရာတော်ရဲ့ ပုံတော်များကိုတော့ မိုင်းဖုန်းဆရာတော်၏ မှတ်တမ်းဓာတ်ပုံများ စုစည်းမှု Page မှာ ရယူနိုင်ပါတယ် )

Leave a Reply