အလွမ်းဆိုတာ ဆားလိုပဲ

ကျွန်တော်ဟာ မရောက်တာ ကြာပြီ ဖြစ်တဲ့ ဇာတိမြို့လေးကို တလောက အလည်ပြန်ရောက်သွားပါတယ်။ ရောက်တဲ့နေ့ကစပြီး မနက်တိုင်း တစ်ယောက်တည်း လမ်းလျှောက်ပြီး ပန်းခြံတစ်ခုက ခုံတန်းတစ်ခုမှာ သွားထိုင်နေပါတယ်။ အရင်တုန်းက ကျွန်တော့်ငယ်ရည်းစားနဲ့ ထိုင်ခဲ့တဲ့ ခုံတန်းလေးမို့ သူ့ကို သတိရလို့ ထိုင်နေမိတာပါ။ ခုံတန်းမှာ ထိုင်နေရင်း သူ့ကို သတိရနေမိတယ်။ အခု သူ ဘယ်ရောက်နေမှန်း မသိပါဘူး။

အဲဒီခုံတန်းမှာ မနက်တိုင်း သွားထိုင်နေတာ တစ်ပတ်မြောက်တဲ့နေ့မှာ အဖိုးအိုတစ်ယောက် ကျွန်တော့်ခုံတန်းမှာ ၀င်ထိုင်လိုက်တယ်။ သူက ကျွန်တော့်ကို သေချာကြည့်ပြီး ခုလို မေးပါတယ်။
– “မင်း ဒီမြို့က မဟုတ်ဘူး ထင်တယ်။ တစ်ခါမှ မမြင်ဖူးလို့လေ”
– “ကျွန်တော် ဒီမြို့ ဇာတိပါ။ ဒါပေမဲ့ ဘွဲ့ရပြီး အလုပ်ရလို့ တခြားမှာ သွားအလုပ်လုပ်နေတာပါ။ အခုမှ ခွင့်နဲ့ ခဏပြန်လာတာပါ”
– “အော် မင်းက ဒီမြို့သားကိုး။ ဒါနဲ့ မင်းကို ငါ ကြည့်နေတာ ကြာပြီ။ ဒီခုံတန်းမှာ မနက်တိုင်း လာထိုင်ပြီး ငေးနေ တွေးနေတာ ဘာဖြစ်လို့လဲကွ။ မင်း ပြောနိင်ရင် ပြောပြစမ်းပါ”

သူဟာ ရိုးရိုးသားသားနဲ့ တကယ်သိချင်လို့ မေးလိုက်တယ်လို့ ထင်တာရယ်၊ ကျွန်တော့်ရင်ထဲက ခံစားချက်ကို ဖွင့်ထုတ်ချင်လို့ရယ်ကြောင့် သူ့ကို အမှန်အတိုင်း ဖွင့်ပြောလိုက်ပါတယ်။
– “ကျွန်တော့် ငယ်ရည်စားကို လွမ်းနေလို့ပါ။ သူနဲ့ကျွန်တော် မနက်တိုင်း ဒီခုံတန်းလေးပေါ်မှာ ထိုင်ပြီး စကားပြောနေကျပါ။ ကျွန်တော် အဲဒီအကြောင်းတွေကို ပြန်စဉ်းစားနေတာပါ။ အခုတော့ သူ ဘယ်ရောက်နေပြီဆိုတာ ကျွန်တော် မသိတော့ပါဘူးဗျာ”
ကျွန်တော့်အသံဟာ ဆွေးမြေ့သံပါနေပါတယ်။ အဖိုးက ခုလို ပြန်ပြောပါတယ်။
– “အင်း မင်းက လွမ်းနေတာကိုး။ ငါ ထင်တော့ ထင်သားပဲ။ ဒါပေမဲ့ ငါ ပြောမယ်ကွ။ လွမ်းတယ် ဆိုတာ ဘ၀ရဲ့ အစိတ်အပိုင်းမို့ မထူးဆန်းပါဘူး။ နောက်ပြီး လွမ်းရဆွေးရတာဟာ သိပ်အရသာ ရှိပါတယ်။ ငါလည်း ငယ်ငယ်က လွမ်းခဲ့ဖူးတယ်လေး။ ဒါပေမဲ့ အလွမ်းဆိုတာ ဆားနဲ့တူတယ်ကွ။ ဆားကို လိုသလောက်ပဲ ထည့်ရင် ဟင်းဟာ အရသာရှိတယ်။ ဒါပေမဲ့ ဆားကို လိုတာထက် ပိုထည့်ရင် ဟင်းဟာ ငံတူးပြီး အရသာပျက်သွားတယ်။ စားလို့ မရတော့ဘူး။ မင်းလည်း အတိတ်က အကြောင်းတွေ စဉ်းစားပြီး အလွမ်းထဲမှာ ကြာရှည်နေနေရင် မင်း ဘ၀ပျက်သွားနိုင်တယ်နော်”

ကျွန်တော် အဖိုးအို ပြောတဲ့စကားတွေကို ပြန်စဉ်းစားရင်း ပန်းခြံထဲက ပြန်ထွက်လာခဲ့ပါတယ်။

ဗန်းမော်သိန်းဖေ

Leave a Reply