(၁၈) လအတွင်း သိန်း (၁၅၀) စုနိုင်ခဲ့တဲ့ ကျောင်းသူလေးရဲ့ ငွေစုနည်းလေးပါ

တက္ကသိုလ်ကျောင်းသူကျောင်းသား အများစုက အိမ်က ပေးတဲ့ မုန့်ဖိုးပဲ သုံး၊ ကိုယ့်ဘဏ်အကောင့်ထဲမှာ ဘယ်လောက်မှ မရှိသေးတဲ့အချိန်မှာ လိမ္မာပါးနပ်လှတဲ့ ကျောင်းသူလေးတစ်ဦးကတော့ ဒေါ်လာ (၂၀,၀၀၀) အထိ စုပြသွားနိုင်ခဲ့ပါတယ်ဗျာ

သြစတေးလျ ကွင်းစ်လန်းမှာ နေထိုင်တဲ့ (၁၉) နှစ်အရွယ် အန်လန်ဟာ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေနဲ့ပဲ (၁၈) လအတွင်း ဒေါ်လာ ၂၀,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၅၀ ကျော်)အထိ စုပြီး မိသားစုနဲ့ သူငယ်ချင်းတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သူမကို အိုင်ဒီယာ ရစေခဲ့တာကတော့ (၂၀၁၅) ခုနှစ်တုန်းက $1,000 Project စာအုပ်ကို ရေးသားခဲ့တဲ့ Canna Campbell ဆိုတဲ့ ငွေကြေးပညာရှင်တစ်ဦးဖြစ်ပါတယ်။ Campbell က ငွေတွေ အများကြီးပွားလာစေဖို့ ဒေါ်လာ (၁,၀၀၀) စီ ခွဲပြီး စီမံခဲ့တာကို ကြည့်ကာ အန်လန်က ဒေါ်လာ (၁၀၀) စီခွဲပြီး စစုခဲ့ပါတယ်

“ကျွန်မရဲ့ ပုံမှန်အလုပ်အပြင် ကလေးထိန်းအလုပ်နဲ့ စာသင်ပေးတဲ့အလုပ်တွေလိုမျိုး အပိုဝင်ငွေရမယ့် အလုပ်တွေကို လုပ်ခဲ့ပါတယ်” လို့ အန်လန်က ဆိုပါတယ်။ အန်လန်က ကလေးထိန်းအလုပ်ကို တစ်နာရီ (၁၅) ဒေါ်လာ ယူပြီး စာသင်ပေးတာအတွက်ကိုတော့ တစ်နာရီ ဒေါ်လာ (၃၀) ယူပါတယ်။ အချိန်ကုန်သက်သာစေဖို့ကိုလည်း တပည့်တွေအကုန်လုံးကို ရက်တူတူ အချိန်ပေးပါတယ်။ ဒီလို အလုပ်တွေအပြင် ဆယ်ကျော်သက်ဟာ သူမ အိတ်ထဲ ရောက်လာသမျှ အကြွေစေ့တွေအကုန်လုံးကို စုဘူးထဲ ထည့်ပါတယ်တဲ့။ သူမ ပိုက်ဆံအိတ်ထဲက အကြွေစေ့တွေကို တစ်ပတ်တစ်ခါ ရှင်းပြီး ပုလင်းထဲမှာ စုပါတယ်

ဒါ့အပြင် အန်လန်ဟာ အပိုသုံးစရိတ်တွေကို လျှော့ချခဲ့ပါတယ်။ မလိုတော့တဲ့ ပစ္စည်းတွေကို ရောင်းထုတ်ပြီး အပြင်မှာ ထွက်စားစရိတ် သက်သာအောင် အိမ်မှာပဲ ပြင်ဆင်ချက်ပြုတ်စားပါတယ်။ ရှောပင်းထွက်ရာမှာလည်း ခဏခဏ မဝယ်တော့ဘဲ တန်ဖိုးကြီးတာ တစ်ခုခုကို နှစ်သက်မှ တစ်ခါတစ်လေ ဝယ်ပါတော့တယ်တဲ့။ ဒီလိုနဲ့ သူမဟာ (၁၈) လအတွင်း ဒေါ်လာ (၂၀,၀၀၀) စုမိနိုင်ခဲ့ပြီး ဂျပန်ကိုတောင် သူငယ်ချင်းနဲ့အတူ ခရီးထွက်နိုင်ခဲ့ပါသေးတယ်

“သင့်ဆီမှာ ပိုက်ဆံစုတာ အကျင့်ဖြစ်သွားပြီဆိုရင် လွယ်သွားပါပြီ။ အလေ့အကျင့်တစ်ခုလိုဖြစ်သွားရင် ပိုက်ဆံစုမိဖို့ သင် အရမ်းကြီး ကြိုးစားစရာ မလိုတော့ပါဘူး” လို့ အန်လန်က ပြောပြပါတယ်။ သူမဟာ ရှေ့လျှောက်လည်း အလုပ်ကြိုးစားလုပ်ကာ ငွေဆက်စုသွားမှာ ဖြစ်ပြီး မကြာခင် အိမ်တစ်လုံးပိုင်ဆိုင်နိုင်အောင် ကြိုးစားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အတုယူဖွယ် ဆယ်ကျော်သက်လေး တစ်ယောက်ပါပဲ

Ref:Dailymail

Credit-shwemom.com

Leave a Reply