ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကို ဘာကြောင့် ဝေဖန်ရှုတ်ချ မလုပ်သလဲ

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ လူအများနားမလည် နားမရှင်းဖြစ်ရတဲ့ အကြောင်းခြင်းရာပေါင်းများစွာထဲမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်များစွာနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော် အပေါ် ဘာကြောင့် လူသိရှင်ကြားမဝေဖန်သလဲဆိုတဲ့အချက်က အကြီးမားဆုံးဖြစ်ပုံရပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကိုလိုအပ်တာထက်ပိုတဲ့ အခွင့်အာဏာအပ်နှင်းထားတဲ့အတွက် ဒေါ်အောင် ဆန်းစုကြည်မှာ အစိုးရတရပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝမရှိဘူးဆိုတဲ့အချက်ကို ထိုက်သင့်သလောက် သိရှိကြပေမဲ့ သူမအပေါ် ကမ္ဘာကြီးကအပ်နှင်းထားတဲ့ သြဇာလွှမ်းမိုးမှုကိုအသုံးချပြီး ဗိုလ်ချုပ်ကြီးများကို အများရှေ့မှောက်ထွက်ဝေဖန်ရှုတ်ချမလုပ်တာလဲဆိုတာရှင်းပြဖို့က မဖြစ်နိုင်သလောက် ခက်ခဲတဲ့မေးခွန်း ဖြစ်နေပါတယ်။

PropellerAds

စကားလုံးတွေနဲ့ ထိုးနှက်ပြစ်တင်မလုပ်တဲ့အပြင် အတူလက်တွဲလုပ်ကိုင်နေပြီး အရေးကြီးတဲ့ ရာထူးဌာနန္တရ အချို့မှာတောင် အငြိမ်းစားဗိုလ်ချုပ်ကြီးများကို ခန့်အပ်တာဝန်ပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာပုံမှန်အားဖြင့် ယူနီဖောင်းဝတ်လူပုဂ္ဂိုလ်များနဲ့ တွေ့ဆုံချိန်တွေမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ တွေ့ဆုံရတဲ့အလား ပြုမူပြောဆိုပါတယ်။

ဒါဟာ ကမ္ဘာကြီးအတွက်တော့ လူ့ကျင့်ဝတ်ပိုင်းအရ ဘယ်လိုမှအမြင်မတော်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှုတ်ဆိတ်နေမှုဟာ အလိုတူအလိုပါသဘော ပူးပေါင်းပါဝင်ရာရောက်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

ရခိုင်ပြည်နယ်ပြဿနာနဲ့ပတ်သက်လို့ ကုလအစီရင်ခံစာတခုမှာ ”ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်၏ လုပ်ရပ်များအပေါ်တွင် အရပ်သားအစိုးရက မည်သို့သောထိန်းချုပ်ဟန့် တားမှုမှ မလုပ်နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ ကျင့်ဝတ်တာဝန် (လုပ်သင့်လုပ်ထိုက်ခြင်း မလုပ်သင့် မလုပ်ထိုက်ခြင်းများကို ပြောဆိုလမ်းညွှန်နိုင်သည့်) ကို အသုံးပြုပြီး ကာကွယ်တားဆီးခဲ့ခြင်းမရှိ”လို့ ကောက်ချက်ဆွဲပါတယ်။

PropellerAds

ကျင့်ဝတ်တာဝန် (သို့မဟုတ်) ကျင့်ဝတ်အာဏာ (Moral Authority) ဆိုတာ ဘာလဲ။ ဝေဖန်သူတွေရဲ့ အပြောအရ နယူးယောက်မြို့ Wall Street လမ်းမလယ်မှာ ဒေါနဲ့မာန်နဲ့ဝှေ့ဖို့ပြေးလာတဲ့ ကျွဲရိုင်းကို အကြောက်အရွံ့ မဲ့ မားမားမတ်မတ်ရင်ဆိုင်တဲ့ မိန်းကလေးသဖွယ်တပ်မတော်ကို မားမားမတ်မတ် ရပ်တည်ရင်ဆိုင်ခြင်းလို့ ဆိုကြပါတယ်။ David-Goliath ရင်ဆိုင်တိုက်ပွဲလို အားမတန်သော်လည်း ရပ်တည်ရင်ဆိုင်ခြင်းကို ကျင့်ဝတ်သတ္တိလို့ အဓိပ္ပာယ်ဖွင့်ဆိုပြီး အဲဒီကနေမှ ကျင့်ဝတ်တာဝန်ဆိုတာ ဖြစ်လာ ပါတယ်။

ယနေ့ကမ္ဘာကြီးမှာ ကျင့်ဝတ်သိက္ခာဟာ လက်နက်တခုဖြစ်ပါတယ်။ ကိုယ်ကသိက္ခာတည်တယ်ဆိုပြီး ကျန်သူတွေကို ထိုးနှက်ဖို့၊ တစုံတယောက်ရဲ့ ဦးခေါင်းကိုထုနှက်ဖို့အတွက် ကျောက်တုံးတတုံးလို အသုံးချနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာမှာတော့ သတ္တိဆိုတာ ကြောက်ရွံ့မှုကင်းခြင်း၊ ရန်လိုမှုကင်းခြင်း၊ အမုန်းအာဃာတကင်းခြင်း ဖြစ်ပါတယ်။ ကြောက်ရွံ့မှုသည် ရန်လိုမှုကို ဖြစ်စေပါတယ်။ တစုံတယောက်ကို ရပ်တည်ရင်ဆိုင်ခြင်းထက် အဲဒီလူနဲ့ ဘေးချင်းယှဉ်ထိုင်နိုင်ခြင်းဆိုတာ သတ္တိကြောင့် ဖြစ်ပါတယ်။ သူမ နေအိမ်အကျယ်ချုပ်ချခံထားရစဉ်တုန်းက သူမရဲ့သတ္တိနဲ့ ဂုဏ်ကျက်သရေအပေါ် သူတော်စင်တဦး သဖွယ် ချီးမွှမ်းဂုဏ်ပြုခဲ့ကြပါတယ်။

၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဘဝက ပထမဆုံးအကြိမ် လွတ်မြောက်ခဲ့စဉ်က တွေ့ဆုံခွင့်ရခဲ့သူ John Pilger က လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဝန်းရံခံရခြင်း၊ မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေနဲ့ အဆက်ဖြတ်ခံထားရတာ ထိတ်လန့်တုန်လှုပ်မှုမဖြစ်ဘူးလားလို့ မေးခဲ့ဖူးပါတယ်။ သူမရဲ့ အဖြေကတော့ “No” လို့ ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။

”ဘာဖြစ်လို့လဲဆိုတော့ ကျွန်မသူတို့ကို ရန်လို မုန်းထားတာမဟုတ်တဲ့အတွက်ပါ။ ဒါကို လူတွေ သိပ် သဘောပေါက်ပုံမရဘူး။ ရန်လိုမုန်းထားမှုကနေ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတယ်လို့ ကျွန်မယူဆပါ တယ်။ ကျွန်မအနေနဲ့ သူတို့ (တပ်မတော်သားများ) အပေါ် ရန်လိုတာမရှိတဲ့အတွက် အေးဆေးတည်ငြိမ်စွာ ပဲရှိပါတယ်”လို့ သူမက ပြောခဲ့ပါတယ်။

PropellerAds

သူမရဲ့ ကျင့်ဝတ်သတ္တိဟာ အမုန်းတရားနဲ့ ကြောက်ရွံ့မှု ဒီနှစ်ခု ဒွန်တွဲနေတယ်ဆိုတာကို အခိုင်အမာ ယုံကြည်ခြင်းမှာ အခြေတည်ပါတယ်။ မမုန်းတဲ့လူတယောက်ကို ကြောက်ရွံ့မနေဘူးဆိုတဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးလွှတ်တော်ရောက်ရှိခဲ့တဲ့ ၂ဝ၁၂ ခုနှစ်တုန်းကလည်း သူမကို နှိပ်ကွပ်ခဲ့တဲ့ တပ်မတော်သားတွေနဲ့ အတူယှဉ်တွဲထိုင်ရတဲ့အပေါ် ဘယ်လိုခံစားမိလဲလို့ ဂျာနယ်လစ်တွေက မေးခဲ့ဖူးပါတယ်။

”ကျွန်မအနေနဲ့ တပ်မတော်အပေါ် အင်မတန်မှ စိတ်ကောင်းစေတနာရှိပါတယ်။ ဒီတော့ သူတို့နဲ့ အတူထိုင်ရတဲ့ အပေါ် ဘာစိတ်အနှောင့်အယှက်မှ မခံစားရဘူး။ ကျေနပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒီပြောစကားဟာ အနှစ်မပါ ဗလာသက်သက်မဟုတ်ပါ။ တပ်မတော်အပေါ်ထားရှိတဲ့ သူမရဲ့ သံယောဇဉ်ဟာ သူမရဲ့ဖခင်တပ်မတော်ကိုတည် ထောင်ခဲ့တဲ့လွပ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်မြတ်နိုး စိတ်ကြောင့်ဖြစ်ပါတယ်။ ”ဖေဖေတည်ထောင်ခဲ့တဲ့တပ်မတော်”ဖြစ်လို့ သူမအနေနဲ့ တပ်မတော်ကို အင်မတန် သံယောဇဉ်ကြီးမားကြောင်း ၂ဝ၁၂ ခုနှစ်အတွင်းက အင်တာဗျူးမှာပြောခဲ့တုန်းက ဘီဘီစီသတင်းထောက် ခရစ္စတီးယန်းကို အကြီးအကျယ်အံ့အားသင့်စေခဲ့ပါတယ်။

ခရစ္စတီးယန်းက တပ်မတော်အပေါ် စွပ်စွဲထားသည့် ရာဇဝတ်မှုများကိုရွတ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ”ဟုတ်ပါတယ်။ ဒီကျူးလွန်မှုတွေဟာ ဆိုးရွားပါတယ်။ ဒါတွေကို ကျွန်မ လုံးဝမကြိုက်ပါဘူး။ ဒါပေမဲ့ တစုံတယောက်အပေါ် မေတ္တာထားတယ်ဆိုတဲ့ နေရာမှာ ဘယ်လိုကြောင့် ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် မဟုတ်ပါဘူး။ သူတို့ကိုယ်သူတို့ ပြုပြင်နိုင်မယ့်အချိန်၊ အမှားတွေကို ပြင်ဆင်နိုင်မယ့်အချိန်ရောက်လာဖို့တော့ အမြဲတမ်းမျှော်လင့်မိတာ ပေါ့လေ”လို့ ဖြေကြားခဲ့ပါတယ်။

ဘယ်သူမဆို ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုတဲ့ ဒီအတွေးအခေါ်ဟာ ဗုဒ္ဓဘာသာအဆုံးအမဖြစ်တဲ့ သတ္တဝါဝေနေယျအပေါ် အတိုင်းအဆမဲ့၊ အခြေအနေအချိန်အခါမရွေး ထားရှိတဲ့မေတ္တာတရားရဲ့ အမြုတေ ဖြစ်ပါတယ်။ မေတ္တာကြောင့် လူပုဂ္ဂိုလ်နဲ့လုပ်ရပ်ကို ခွဲခြားရှုမြင်နိုင်တဲ့ ကရုဏာဖြစ်ပေါ်စေပါတယ်။ လူပုဂ္ဂိုလ်နဲ့ လုပ်ရပ်ကို ခွဲခြားရှုမြင်နိုင်တဲ့အတွက် ခွင့်လွှတ်နိုင်မှုဖြစ်လာပါတယ်။ ကရုဏာရှိမှခွင့်လွှတ်နိုင်မှာဖြစ်ပြီး ခွင့်မလွှတ်နိုင်သူတဦးဟာ မေတ္တာလွှမ်းခြုံမှုအောက်က လွတ်ကင်းနေမှာပဲ ဖြစ်ပါတယ်။

မေတ္တာရဲ့ စွမ်းအား တန်ခိုး၊ လူသား၏ကောင်းမြတ်ခြင်းအပေါ်မှာ အခိုင်အမာယုံကြည်ခြင်းများနဲ့ လူ့အသိုင်းအဝိုင်း၊ လူမှု ဓလေ့စရိုက်ကို ပြောင်းလဲနိုင်ပါတယ်။ နိုင်ငံရေးမှာ မေတ္တာကိုအခြေခံပြီး လုပ်ကိုင်ခြင်းဟာ ရုတ်တရက်ဆို မဖြစ်နိုင်လောက်အောင် မြင့်မားနေသလိုလို၊ ကြမ်းတမ်းပြင်းထန်တဲ့ လက်တွေ့ဘဝနဲ့ကင်းကွာသလိုလို ရှိပေမဲ့ တကယ်တမ်းမှာ တပ်မတော်နဲ့ညှိနှိုင်းလုပ်ကိုင်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ဆန္ဒကြောင့်ပဲ လက်တွေ့ နိုင်ငံရေးစားပွဲဝိုင်းဆီ ရောက်ရှိစေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်နိုင်ငံရေးမှာ အတားအဆီးဖြစ်နေတဲ့ အကာအရံတံတိုင်းတွေကို ကျော်လွှားကွေ့ဝိုက်သွားနိုင်ဖို့အတွက် အငြိမ်းစား ဗိုလ်ချုပ်ကြီးများကို ရာထူးတာဝန်ပေးထားပြီး ဒီပုဂ္ဂိုလ်ကြီး တွေရဲ့အရည်အချင်း၊ အချိတ်အဆက်တွေနဲ့ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။

PropellerAds

သို့သော်လည်းပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ကတော့ ပွင့်ပွင့်လင်းလင်း၊ မမှိတ်မသုန်ပြောဆိုနေပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍအပေါ် တည့်တည့်ပဲ ပြောဆိုမေးခွန်းထုတ်ပါတယ်။ အလားတူပဲ အကြမ်းဖက်မှုကို ဝေဖန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုကို ရှုတ်ချခြင်း၊ တရားဥပဒေစိုးမိုးရေးမူဘောင်ထဲက တရားမျှတမှုအကြောင်း ပြောဆိုခြင်းတွေဟာလည်း ရပ်တန့်မသွားပါဘူး။

သို့ပေမဲ့ သူမအနေနဲ့ လုပ်ရပ်အပေါ်မှာသာ ဝေဖန်ပြောဆိုမှာဖြစ်ပြီး လူပုဂ္ဂိုလ်ကိုတော့ ဘယ်တော့မှာ ရှုတ်ချမှာ မဟုတ်ပါဘူး။ တပ်မတော်ရဲ့လုပ်ရပ်ကဆိုးတာဖြစ်ပြီး တပ်မတော်ကဆိုးတာမဟုတ်ဘူးဆိုတာပါ။ သူမအနေနဲ့လည်း တပ်မတော်ဟာ တနေ့နေ့ တချိန်ချိန်မှာ ပြောင်းလဲလာမယ်လို့ အမြဲတစေမျှော်လင့်နေမှာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှခေတ်မီသလိုဖြစ်နေတဲ့ ဒီနေ့အချိန်မှာ စိတ်ကြိုက်ဝေဖန်နိုင်ပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ဟာ ယုံကြည်ခံယူမှုခိုင်မာတဲ့ နိုင်ငံရေးသမားဖြစ်ပါတယ်။ အမှန်ကတော့ ဒီလို လူပုဂ္ဂိုလ်မျိုးဟာ ယနေ့ခေတ်မှာ အင်မတန်ရှားပါးသွားပြီဖြစ်တဲ့အတွက် ကိုယ့်မျက်မှောက်မှာရှိနေတာ ကိုတောင် မသိကြတော့တဲ့ အခြေအနေဖြစ်ပါတယ်။

မော်ရိုး
Ref ; The Economic Times
(Why we misread Suu Kyi and her refusal to demonise the Burmese Army by Abhijit Dutta)

PropellerAds

ဖေ အောင်
News Watch

Leave a Reply