ဖြစ်ရပ်မှန်လူသိနည်းသော ဂျက်ကီချန်း (Jackie Chan) ရဲ့ ရာဇဝင်

ဂျက်ကီချန်း (Jackie Chan) လို့ နာမည်ကြားလိုက်တာ နဲ့ ကလေး၊ လူငယ်၊ လူကြီး အကုန်သိပြီးဖြစ်မှာပါ။ သိုင်းပညာမှာ ထူးချွန်သလို စတန့်ပြကွက်များကို ဟာသ နှောပြီးရိုက်ကူးတတ်လို့ကမ္ဘာ့ အအောင်မြင်ဆုံးအက်ရှင် မင်းသားတွေထဲမှာထိပ်ဆုံးမှာရှိနေတဲ့သူတစ်ယောက်ပါ။ မိခင်နိုင်ငံဖြစ်တဲ့ ဟောင်ကောင်၊ တရုတ်ပြည်မကြီးမှာ သာမက ဟောလီးဝုဒ်မှာပါ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ဖြစ်ရပ်မှန် လူသိနည်း ဂျက်ကီချန်း (Jackie Chan) ရဲ့အကြောင်းများကို ဖော်ပြ လိုက်ပါတယ်။

အချက်အလက်များကို သင်သိရဲ့လား? မှ ကူးယူဖော်ပြ ပါတယ်။

PropellerAds

Jackie Chan
ဂျက်ကီချန်း၏မိခင်သည် ဘိန်းကုန်သည်၊လောင်းကစားဒိုင် စသည့် အလုပ်များ လုပ်ကိုင်ခဲ့ဖူးပြီး တရုတ်မြေအောက် ဒုစရိုက်လောက၏ နာမည်ကြီး ဂိုဏ်းစတား တစ်ယောက်ဖြစ်ခဲ့သည်။ ဂျက်ကီချန်း၏ ဖခင်သည် တရုတ်အမျိုးသားအစိုးရ၏ သူလျှိုတစ်ယောက်ဖြစ်ပြီး နောက်ပိုင်းတွင် မြေအောက် ဒုစရိုက်လောက၌ ဂိုဏ်းခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ဂျက်ကီ့အမေ ဘိန်းမှောင်ခိုကူးခြင်းကို ၄င်း၏ အဖေက ဖမ်းဆီးခဲ့သည့်အချိန်တွင် သူတို့ ၂ ဦး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်

ဂျက်ကီချန်း၏ မိဘများသည် တရုတ်ပြည်မကြီးမှ ဟောင်ကောင် သို့ ပြောင်းရွှေ့နေထိုင်ချိန်တွင် အလွန် ဆင်းရဲခဲ့သည်။ ထို့ကြောင့် ဟောင်ကောင်၌ ဂျက်ကီချန်း အား မွေးသည့်အချိန်တွင် ဆေးရုံစရိတ်ပေးရန် မတတ်နိုင်ခဲ့ သောကြာင့် မွေးကင်းစ ဂျက်ကီအား ချမ်းသာ သော ဗြိတိသျှဆရာဝန် လင်မယားထံသို့ ရောင်းချခဲ့ပြီး ဆေးရုံစရိတ်ကို ဖြေရှင်းခဲ့သည်။

Jackie Chanဂျက်ကီချန်း၏ နာမည် အရင်းမှာ
Chan Kong-Sang ဖြစ်သည်။ လူငယ်စတန့် သရုပ်ဆောင် အဖြစ် ရုပ်ရှင်ကားအချို့တွင် ဝင်ရောက် သရုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့သည့် ဂျက်ကီချန်းသည် ၁၉၇၀ ပြည့်လွန် အစောပိုင်းကာလ များတွင် မိဘများရှိရာ သြစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ သို့ သွားရောက်ခဲ့ပြီး ဆောက်လုပ်ရေး အလုပ်သမား အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားခေါင်း Jack ၏ လက်အောက်တွင် လုပ်ခဲ့ပြီး Little Jack ဟု နာမည်ရလာခဲ့သည်။ အတိုကောက်အနေဖြင့် Jackie ဟုခေါ်ဆိုကြပြီး နောက်ပိုင်းတွင် ရုပ်ရှင်ရိုက်ရာ၌ Jackie Chan ဟူသော အမည်ကို သုံးစွဲခဲ့သည်။

Jackie Chanဂျက်ကီချန်းသည် အသက် ၁၇ နှစ် အရွယ်တွင် Bruce Lee ၏ Fist of Fury နှင့် Enter the Dragon ဇာတ်ကားများတွင် စတန့်သရုပ်ဆောင် အဖြစ်ပါဝင်ခဲ့သည်။ အတိုက်အခိုက်စတန့်ရိုက်ကွင်း တစ်ခုတွင် Bruce Lee သည် ဂျက်ကီချန်း၏ ခေါင်းကို မတော်တဆ ပြင်းပြင်းထန်ထန် ကန်မိခဲ့သဖြင့် ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ အဆိုပါဖြစ်ရပ်အတွက် Bruce Lee က တောင်းပန်ခဲ့ပြီး ယင်းဖြစ်ရပ်သည် သူ့ဘဝ၏ အကောင်းဆုံး အဖြစ်အပျက်ဖြစ်ကြောင်း ဂျက်ကီချန်း က ပြောကြားခဲ့သည်။

ဂျက်ကီချန်းသည်သရုပ်ဆောင်မင်းသားအနေဖြင့် သာမက အဆိုတော်တစ်ဦးအဖြစ်လည်း အောင်မြင်ခဲ့သည်။ အင်္ဂလိပ်ဘာသာ၊ ကန်တံဘာသာ၊ မန်ဒရင်းဘာသာ၊ ဂျပန်ဘာသာ၊ ထိုင်ဝမ်ဘာသာစသည့် ဘာသာစကား (၅) မျိုးဖြင့် သီချင်းခွေပေါင်း ၂၀ ကို သီဆို ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ဂျက်ကီချန်းသည် ငယ်စဉ်က ပီကင်းအော်ပရာကျောင်းတွင် ကွန်ဖူးပညာ နှင့် အဆိုပညာကို တစ်ပြိုင်နက်တည်း သင်ယူခဲ့သည်။ ဂျက်ကီချန်းသည် တစ်ခါတစ်ရံတွင် ၄င်းရိုက်ကူးသော ရုပ်ရှင်၏ အပိတ်စာတန်းထိုး သီချင်းများကို ကိုယ်တိုင် သီဆိုခဲ့သည်။

PropellerAds

၁၉၈၂ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် Dragon Lord ရုပ်ရှင်ကားတွင် ကြက်တောင်ခတ်သော ဇာတ်ဝင်ခန်း များ ပါဝင်ခဲ့သည်။ ဂျက်ကီချန်းသည် လေထဲတွင် ပျံဝဲ နေသော ကြက်တောင်ကို acrobatic လှုပ်ရှားမှုဖြင့် ကန်သွင်းရသည့် အခန်းအား တည်းဖြတ်မှု မလုပ်ဘဲ တစ်ဆက်တည်းရိုက်ကူးရန် ဆုံးဖြတ်ခဲ့သည်။ ယင်းဇာတ်ဝင်ခန်း တစ်ခုထဲကို ပီပြင်စေရန်အကြိမ်ပေါင်း ၂၉၀၀ ခန့်နှင့် ရက်ပေါင်း ၄၀ ကြာ ရိုက်ကူးခဲ့ရသည်။

သူ၏ သိုင်းပညာသည် အခြားသူများကို ထိခိုက်ဒဏ်ရာ ရစေခဲ့သောကြောင့် ဂျက်ကီချန်းအနေဖြင့် နိုက်ကလပ် လုံခြုံရေးအလုပ်ကို စွန့်လွှတ်ခဲ့ရသည်။ နိုက်ကလပ်ရန်ပွဲ တစ်ခုတွင် လူတစ်ဦးအား အလဲထိုးခဲ့ပြီးနောက် သူ၏ လက်ဆစ်မှ အရိုးတစ်ခု ငေါထွက်နေကြောင်း တွေ့ရှိခဲ့ ရသည်။ အမှုအခင်း ဖြစ်မည် စိုးရိမ်သောကြောင့် ဆေးရုံ သို့ မသွားဘဲ အရိုးကို အတွင်းသို့ ဖိသွင်းခဲ့သည်။ ၂ ရက် အကြာတွင် ငေါထွက်နေသော အရိုးသည် သူ၏အရိုး မဟုတ်ဘဲ သူအလဲထိုးခဲ့သောလူ၏ သွားဖြစ်နေကြောင်း သိရှိခဲ့သည်။

၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များ ဝန်းကျင်တွင် ဟောင်ကောင် ရုပ်ရှင်လောကအား The Triad ဟု အမည် ရသည့် ဒုစရိုက်ဂိုဏ်းတစ်ခုက ချုပ်ကိုင်လွှမ်းမိုး ထားသည်။ ယင်းဂိုဏ်းသည် ဟောင်ကောင် ရုပ်ရှင် လောကအား ငွေကြေးခဝါချရန် အသုံးပြုခဲ့သည်။ ရုပ်ရှင်ကုမ္ပဏီများသည် ဆက်လက်ရှင်သန်နိုင်ရေး အတွက် အဆိုပါဂိုဏ်းကို ဆက်ကြေးများ ပေးဆောင် နေရသည်။ ဂျက်ကီချန်းသည် ယင်းဂိုဏ်းကို ဆန့်ကျင်ခြင်း ကြောင့် နောက်ယောင်ခံလိုက်မှုများ၊ နှောင့်ယှက်ခြင်းများ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ဂျက်ကီချန်းနှင့် သူ၏ အဖွဲ့သားများသည် မိမိလုံခြုံရေး အတွက် သေနတ်များ၊ လက်ပစ်ဗုံးများ ဆောင်ထားခဲ့ရ သည်။

ဂျက်ကီချန်းသည် အသက်အန္တရာယ်နှင့် အလွန်နီးကပ် သော စတန့်များကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ သော်လည်း ၁၉၈၆ ခုနှစ်တွင် ထွက်ရှိခဲ့သော Armour of God ရုပ်ရှင် ရိုက်ကွင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။ ရိုက်ကွင်းတွင် သာမန်စတန့်ပြကွက်ဖြစ် သည့် သစ်ကိုင်းစွန်းပေါ်သို့ တွဲလောင်းခိုသည့် အခန်းကို ရိုက်ကူးစဉ် သစ်ကိုင်းကျိုးကျသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့သည်။ ပြုတ်ကျသည့်အရှိန်ပြင်းထန်သော ကြောင့် ဂျက်ကီချန်း၏ ဦးခေါင်းခွံကွဲသွားခဲ့ပြီး ဦးနှောက် ထိခိုက်ခဲ့သည်။ အဆိုပါဒဏ်ရာကြောင့် အပေါက် ဖြစ်သွား သော ဦးခေါင်းခွံတွင် ပလပ်စတစ်ဖြင့် အစားထိုး ခဲ့ရပြီး အကြားအာရုံအနည်းငယ် ချို့ယွင်း ခဲ့သည်။ ယင်းရုပ်ရှင်၏ အခြား ဇာတ်ဝင်ခန်းတစ်ခုတွင် လည်း ဂျက်ကီချန်းသည် လေယာဉ်ပျံပေါ်မှ မိုးပျံပူဖောင်း ပေါ်သို့ ခုန်ချပြခဲ့သည်။

၁၉၈၂ ခုနှစ်တွင် ဂျက်ကီချန်းသည် သူနှင့် ကာလ ရှည်ကြာ တွဲလာခဲ့သည့် ချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါသတင်းကြောင့် သူ၏ မိန်းကလေးပရိသတ် အများအပြားက ကြေကွဲ ဒေါသထွက်ခဲ့ကြသည်။ မိန်းကလေးပရိသတ်တစ်ဦး သည် မြေအောက်ရထားလမ်းတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး နောက်မိန်းကလေးပရိသတ်တစ်ဦး သည် ဂျက်ကီချန်း၏ ရုံးခန်းရှေ့တွင် အဆိပ်သောက်၍ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။

ဂျက်ကီချန်းသည် Guinness Book of World Records စာအုပ်တွင် ၂ ကြိမ် မှတ်တမ်းဝင်ခဲ့သည်။ ပထမမှတ်တမ်းမှာ စတန့်ပြကွက်များ အများဆုံး ပြုလုပ်ခဲ့သည့် သက်ရှိထင်ရှားပုဂ္ဂိုလ်ဖြစ်ပြီး ဒုတိယ မှတ်တမ်းမှာ ရုပ်ရှင်တစ်ကားအတွင်း credit အများဆုံး ပါဝင်သည့် ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သည့် Chinese Zodiac ရုပ်ရှင်ဇာတ်ကားတွင် ဂျက်ကီချန်းသည် မူရင်း ဇာတ်လမ်းရေးသားသူ၊ဒါရိုက်တာ၊ဇာတ်ဆောင်မင်းသား၊ ထုတ်လုပ်သူ၊ Executive producer ၊ ရိုက်ကူးရေး ပညာရှင် ၊ art director ၊ unit production manager ၊ အကျွေးအမွေးစီစဉ်သူ၊ စတန့်ပြကွက်စီစဉ်သူ၊ အလုပ်သမားခေါင်းဆောင်၊ တေးရေးဆရာ၊ ဇာတ်ဝင်သီချင်း သီဆိုသူ၊ ရိုက်ကွင်း စီစဉ်သူ၊ စတန့်သမား စသည့် နေရာ (၁၅) အခုအတွက် credit ပေးခံခဲ့ရခြင်းကြောင့် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

အသက်အန္တရာယ်နှင့် နီးစပ်လွန်းသည့် ဂျက်ကီချန်း၏ စတန့်ပြကွက်များကြောင့် မည်သည့်အာမခံကုမ္ပဏီကမှ ဂျက်ကီချန်းနှင့် သူ၏ စတန့်အဖွဲ့အတွက် အာမခံ ပေးခြင်း မရှိပါ။ ထို့ကြောင့် ဂျက်ကီချန်းသည် စတန့် ပြုလုပ် နေစဉ်အတွင်း အဖွဲ့သား တစ်ယောက် ယောက် ဒဏ်ရာ ရရှိခဲ့ပါက ကုသမှု ကုန်ကျစရိတ် ကို ကျခံ ပေးသည့်အပြင် ယင်းအဖွဲ့သား ၏ ဘဝ တစ်သက်တာ အတွက် အထောက်အပံ့များကိုပါ ဆက်လက်ကူညီ ပေးလျက်ရှိသည်။

ဂျက်ကီချန်းတွင် သားတစ်ဦးတည်းသာ ရှိသော်လည်း သူပိုင်ဆိုင်သော ဒေါ်လာ သန်း ၁၃၀ ကို အမွေအဖြစ် မပေးခဲ့ပေ။ ယခင်က သူပိုင်ဆိုင်သမျှ ချမ်းသာမှုများကို မိသားစုကို တစ်ဝက်ခွဲပေးပြီး ကျန်တစ်ဝက်ကို လှူဒါန်း ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပိုင်ဆိုင်သမျှ အားလုံးကို လှူဒါန်းရန် စီစဉ်ခဲ့သည်။ ဂျက်ကီချန်းသည် သူ၏ သားနှင့် ပတ်သက်၍ “အစွမ်းအစရှိရင်တော့ သူ့ပိုက်ဆံသူရှာနိုင်မှာပေါ့။ သူမရှာနိုင်ရင်တော့ ကျွန်တော့်ပိုက်ဆံတွေကို သူဖြုန်းပစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။

PropellerAds

ဂျက်ကီချန်းသည် Unicef နှင့်အတူ လူမှုကူညီရေး အသင်းအဖွဲ့များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား လျှက်ရှိပါတယ်။

Credit:DATA DOCTOR

Leave a Reply