#သူများယောင်တိုင်း လိုက်မယောင်မိပါစေနဲ ( ဗန်းမော်သိန်းဖေ )

ကျွန်တော် စင်္ကာပူမှာ အလုပ်လုပ်နေစဉ်တုန်းက တက်ခဲ့တဲ့ စီမံခန့်ခွဲရေးသင်တန်းတစ်ခုမှာ သင်တန်းဆရာက ဒီအကြောင်းလေးကို ပြောပြခဲ့ပါတယ်။ မျောက်လေးတွေကို စမ်းသပ်မှုလုပ်တဲ့ အကြောင်းလေးပါ။

သံလှောင်အိမ်ကြီးရဲ့ အလယ်ခေါင်မှာ လှေခါးတစ်ခုကို ထောင်ထားတယ်။ လှေကားထိပ်မှာ မှည့်နေတဲ့ ငှက်ပျောသီးတစ်ဖီးကို ချိတ်ဆွဲထားတယ်။ စမ်းသပ်သူက မျောက် ၅ ကောင်ကို သံလှောင်အိမ်ထဲ ထည့်လိုက်တယ်။

မျောက်တစ်ကောင်ဟာ ငှက်ပျောသီးတွေကို မြင်မြင်ချင်း လှေကားပေါ် ပြေးတက်လိုက်တယ်။ လှောင်ချိုင့်အမိုးပေါ်မှာ ပုန်းကွယ်နေတဲ့ လူတစ်ယောက်က ရေပိုက်ခေါင်းကို ဖွင့်ပြီး ကျန်တဲ့ မျောက်တွေအပေါ် အေးစိမ့်နေတဲ့ ရေခဲရေတွေ ဖြန်းချလိုက်တယ်။ မျောက်တွေလည်း အေးလွန်းတဲ့ ရေခဲရေကြောင့် ချမ်းပြီး တုန်နေကြတယ်။

နောက်ထပ် မျောက်တစ်ကောင် လှေကားပေါ်တက်ဖို့ လုပ်လိုက်တိုင်း ကျန်တဲ့မျောက်တွေအားလုံးဟာ ရေခဲရေနဲ့ လောင်းချခံရပြန်တယ်။ ကြာတော့ မျောက်တွေဟာ ရေခဲရေနဲ့ လောင်းချခံရမှာကို ကြောက်ကြလို့ လှေကားပေါ် တက်ဖို့ လုပ်တဲ့ မျောက်ကို ထုနှက်ရိုက်ပုတ်ကြပြီး လှေကားပေါ်က ဆွဲချကြတယ်။ နောက်ဆုံးတော့ မျောက်တွေအားလုံးလည်း လှေကားနားကို မကပ်ရဲကြတော့ဘူး။

ဒီအချိန်မှာ စမ်းသပ်သူက လှောင်အိမ်ထဲက မျောက်တစ်ကောင်ကို ဆွဲထုတ်ဖယ်လိုက်ပြီး မျောက်အသစ်တစ်ကောင်ကို လှောင်အိမ်ထဲကို ထည့်ပေးလိုက်တယ်။ လှောင်အိမ်ထဲ ရောက်လာတဲ့ မျောက်အသစ်ဟာ အပေါ်က ငှက်ပျောသီးကို မြင်တော့ လှေကားပေါ် ပြေးတက်ဖို့ လုပ်တယ်။ အရင်အတိုင်းပဲ ကျန်မျောက် ၄ ကောင်ဟာ ရေခဲရေအလောင်းခံရမှာစိုးလို့ သူ့ကို ထုနှက်ရိုက်ပုတ်ကြပြီး လှေကားပေါ် မတက်နိုင်အောင် ရိုက်နှက်ဆွဲဖယ်ကြပြန်တယ်။ အဲဒီမျောက်အသစ်လည်း ကြောက်ပြီး လှေကားနား မကပ်ရဲတော့ဘူး။

ဒီလိုနဲ့ စမ်းသပ်သူက မူလမျောက် ၅ ကောင်ကို တစ်ကောင်ပြီး တစ်ကောင် လှောင်အိမ်ထဲက ထုတ်ပြီး မျောက်အသစ်တွေနဲ့ လဲထည့်ပေးလိုက်တယ်။ အခု လှောင်ချိုင့်ထဲမှာ ရောက်နေကြတာ ရေခဲရေနဲ့ အလောင်းမခံရဖူးတဲ့ မျောက်အသစ်တွေချည်း ဖြစ်နေကြပါပြီ။

ဒါပေမဲ့ သူတို့ဟာ မျောက်အသစ်တစ်ကောင် ၀င်လာပြီး လှေကားပေါ်တက်မယ် လုပ်တိုင်း အရင်လိုပဲ အဲဒီမျောက်ကို ရိုက်နှက်ထုထောင်းကြတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ကောင်မှ ရေခဲရေလောင်းချခံရတဲ့ အကြောင်းရင်းကို မသိကြပါဘူး။ အများလုပ်လို့ လိုက်လုပ်ကြတာပါ။

မင်းတို့လည်း တစ်ခုခု လုပ်တော့မယ်ဆိုရင် တခြားသူတွေက မလုပ်နဲ့လို့ ပြောကြတယ်။ ဘာကြောင့် မလုပ်ရမှာလဲလို့ မေးကြည့်လိုက်ရင် သူတို့က “ဘာကြောင့်ဆိုတာတော့ မသိပါဘူး။ အရင်လူတွေက မလုပ်ရဘူးလို့ ပြောထားခဲ့ကြလို့ပါ” လို့ ပြောကြတယ်။ အဲဒီစကားကို နားထောင်လိုက်ရင် မင်းတို့လည်း လှောင်ချိုင့်ထဲက မျောက်တွေနဲ့ တူနေပါလိမ့်မယ်။

သူများပြောတိုင်း အရမ်းမယုံပါနဲ့။ သူများပြောလို့ မလုပ်ဘဲ မနေပါနဲ့။ ကိုယ်ပိုင်ဦးနှောက်ကို သုံးပြီး စဉ်းစားပါ။ တွေးပါ။ ဆင်ခြင်ပါ။

ဗန်းမော်သိန်းဖေ

Leave a Reply