#အနာခံမှ အသာစံရမယ် – ဗန်းမော်သိန်းဖေ

ဆောင်းရာသီတစ်ခုမှာ အလွန့်အလွန် အေးနေတယ်။ အေးလွန်းတဲ့ ဒဏ်ကြောင့် တောထဲမှာ ရှိတဲ့ တိရစ္ဆာန်တွေ အတော်များများ သေကုန်ကြတယ်။ ဒီအခြေအနေကို မြင်တွေ့ကြတဲ့ ဖြူကောင်တွေဟာ အသက်ရှင်ချင်ရင် အနွေးဓာတ်ရအောင် သူတို့အချင်းချင်း ပူးပူးကပ်ကပ် နေကြရမယ်လို့ တိုင်ပင်ကြတယ်။

သူတို့ဟာ အချင်းချင်း ပူးကပ်လိုက်တိုင်း သူတို့ကိုယ်ပေါ်က ဖြူဆူးတွေဟာ ထိုးမိကြလို့ အလွန်နာကျင်နေကြတယ်။ နာကျင်မှုဒဏ်ကို မခံနိုင်လို့ ပူးကပ်မနေကြတော့ဘူး။ ဒီတော့ တချို့ ဖြူကောင်တွေဟာ အအေးဒဏ်ကို မခံနိုင်ကြဘဲ သေဆုံးကုန်ကြတယ်။

အခု ကျန်တဲ့ ဖြူကောင်တွေဟာ စဉ်းစားကြတယ်။ အအေးဒဏ်ကြောင့် သေဆုံးတာကို ခံကြမလား။ တစ်ကောင်နဲ့တစ်ကောင် ဆူးတွေအထိုးခံရပြီး အနာခံရတာကို အောင့်ပြီး ကိုယ်ကို ပူနွေးအောင် လုပ်ကြမလာ။

သူတို့ဟာ ပူးကပ်နေကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့အချင်းချင်း ဆူးတွေ ထိုးမိကြတာကို အောင့်အီးခံကြလို့ နွေးထွေးစွာ နေနိုင်ကြတယ်။ ဆောင်ရာသီကုန်ဆုံးချိန်မှာ ပူးကပ်နေကြတဲ့ ဖြူတွေ အားလုံး အသက်ရှင်ကြပါတယ်။

ဒီဖြူကောင်လေးတွေအကြောင်း ပုံပြင်ကနေ ဘာသင်ခန်းစာတွေ ယူလို့ ရသလဲ။`
၁) အနာခံမှ အသာစံရမယ် (ဆူးနဲ့ထိုးတဲ့ ဒဏ်ကိုတော့ ခံမှ ဆောင်းအအေးဒဏ်ကို ခံနိုင်ကို ခံနိုင်မယ်)။
၂) အများနဲ့ ပူးပေါင်းမှုမရှိသူဟာ ကြာရှည် မရပ်တည်နိုင်ဘူး၊ အနှေးနဲ့ အမြန် ကျရှုံးမှာပါပဲ (ဖြူကောင်လေးတစ်ကောင်တည်း သီးသန့်နေရင် အအေးဒဏ်ကို မခံနိုင်ဘဲ သေမှာပဲ)။
၃) စည်းလုံးညီညာ အောင်ကြောင်းဖြာ (သူတို့ဟာ တစ်ကောင်နဲ့တစ်ကောင် ပူးကပ်နေရုံ မဟုတ်ကြဘဲ ရာချီတဲ့ အကောင်တွေဟာ ပူးကပ်စုနေကြလို့ နှင်းတဖွဲဖွဲ ကျနေတဲ့ ဆောင်းတွင်း အအေးဒဏ်ကို ခံနိုင်ဖို့ လုံလောက်တဲ့ အပူဓာတ်ကို ရနေကြပါတယ်)။
၎) တစ်ကောင်နဲ့တစ်ကောင် ဖေးမကူညီကြတယ် (သူတို့ဟာ ပူးကပ်နေရင် အချင်းချင်း စိတ်ဓာတ်မကျအောင် အားပေးစကားပြောကြတယ်)။

ဗန်းမော်သိန်းဖေ

Leave a Reply