ကြိုးပေး ခံရတော့မယ့် ဆဲဆဲမှာ ဂဋ္ဌုန်ဆရာစံ တောင်း တဲ့ ဆု

(၂၈.၁၁.၁၉၃၁)နံက် ၆နာရီခန့်တွင် ကြိုးပေးကွပ်မျက်ခံရ မည့်ဆဲဆဲတွင် ဂဋ္ဌုန်ဆရာစံ၏ ၃ ပေခန့်အကွာအဝေးတွင် တာဝန်ထမ်းဆောင်နေရသော သာယာဝတီထောင် လက်ထောက် ထောင်မှုကြီး ဦးစိန် က ဆရာစံကြိုးပေးကွပ်မျက်ခံရမှုကို ထောင်မှတ်တမ်းတင်နေရသည် …

ဆရာစံကို ကြိုးပေးတဲ့စင်ဟာ ယခုလက်ရှိ သာယာဝတီ ထောင်က ကြိုးစင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်အခြမ်းက စင်ဖြစ်ပါတယ် …

ဆရာစံကို ကြိုးပေးတဲ့အခါမှာ တက်ရောက်ကြည့်ရှုခဲ့သူတွေထဲမှာ သာယာဝတီခရိုင် ဒုတိယ အရေးပိုင်မင်း ဦးကျော် ( A.D.M)(နောင်တွင် ရခိုင်တိုင်းမင်းကြီး(B.A.K. S.M.A.T.M) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ)နှင့်လက်ပံတန်း မြူနီစီပါယ် လူကြီးမင်းများ၊ သုံးဆယ်သူကြီးမင်းများ၊ အထူးအာဏာရ သူကြီးမင်းများ အားလုံး လူ၂၀ခန့် တက်ရောက် ကြည့်ရှုခဲ့ပါတယ် …

နိုဝင်ဘာ(၂၈)နံက် ၅နာရီ ၄၅မိနစ်လောက်တွင် ဆရာစံအား အကျဉ်းသား နှစ်ယောက်က ကြိုးတိုက်မှ ကြိုးတုပ် အင်္ကျီကို ဝတ်ပေးပြီး လက်ထိပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ် ကွေးကနေကြိုးထပ်ချည်လိုက်ပါတယ် …အားလုံး အစီအစဉ်အတိုင်း ဆောင်ရွက်ပြီး ဆရာစံကို ကြိုးစင်ရှိရာသို့ တွဲ၍ ခေါ်လာသည် …

ကြိုးစင်ပေါ်တက်ခါနီးတွင် တွဲလာသူ အကျဉ်းသားနှစ်ဦးကို ဆရာစံမှ ခန္ဓာကိုယ်နှင့်တွန်းတိုက်ဖယ်ပြီး ….

“အမျိုးဘာသာ သာသနာ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ ယခုလို ကြုံတွေ့ရတာကို သုခ လို့မှတ်ပါတယ် ”

အနားရှိ အကျဉ်းသားနှစ်ဦးကိုလည်း …

“ဖယ်ပေး ငါ့ဟာငါ တက်မယ်”ဆိုပြီး ကြိုးစင်ပေါ်တက်သွားပါတယ် …

ကြိုးစင်ပေါ်ရောက်သည်နှင့် ဆရာစံက သူ၏ ကြိုးပေးကွပ် မျက်ခံရမှုကို တက်ရောက်ကြည့်ရှုရသော ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ အမှုထမ်း အရာထမ်း လူကြီးမင်းများအားနှုတ်ဆက်၍

“အားလုံးပဲ ကျုပ်တော့ သွားပြီ … ဖြစ်လေရာ ဘဝတိုင်းမှာ နယ်ချဲ့ကိုလိုနီ အင်္ဂလိပ်တွေကို နိုင်ရတဲ့ကိုယ် ဖြစ်ရပါစေလို၏” ဟု ဆုတောင်းသွားပါတယ် …

ဆရာစံလည်း ဆုတောင်းပြီး မျက်နှာဖုံး အိတ်ကြီးကို စွပ်ပေး ပြီး လည်ပင်းကို ကြိုးတပ်ပြီးတော့ ဆရာစံ ရပ်နေသည့်ခြေထောက်အစုံအောက်က ကြိုးစင် ကြမ်းခင်းဒေါက်ကို ဖြုတ်ချ ကွပ်မျက်လိုက်ပါတယ်

မိတ်​​ဆွေများကို ​လေးစားလျက်

ASP

Leave a Reply