Sun. Jun 16th, 2019

လမ်းဘေးမှာ အိပ်ရတဲ့ဘဝမှ ဘီလျံနာဖြစ်သွားတဲ့ ကုမ္ပဏီပိုင်ရှင်

1 min read

သူဟာ ကလေးဘဝမှာ ဆင်းရဲတဲ့မိဘက မုန့်ဖိုးမပေးနိုင်လို ခရစ္စမတ်ကဒ်လေးတွေကို အိမ်တကာ လိုက်ရောင်းပြီး မုံ့ဖိုးရှာရတယ်။ မနက်အစောကြီးထပြီး ကျောင်းမသွားခင် သတင်းစာ လိုက်ပို့ရတယ်။ အမေက ကျွေးမထားနိုင်တော့လို့ မိဖမဲ့ကလေးဂေဟာကို အပို့ခံရတယ်။ သူ အသက် ၂၂ နှစ်မှာ မိန်းမက ရှိတဲ့ပိုက်ဆံလေးယူသွားပြီး အိမ်ပေါ်က ဆင်းသွားလို့ နောက်နေ့မှာ အိမ်လခမပေးနိုင်တာနဲ့ ငှားနေတဲ့အိမ်ခန်းက ဆင်းပေးရတယ်။ နေစရာမရှိလို့ ၂ နစ်အရွယ်သားလေးနဲ့ လမ်းဘေးနဲ့ ဘူတာရုံမှာ ညအိပ်ရတယ်။ စားစရာမရှိလို့ Coke အအေးဘူးအခွံတွေ လိုက်ကောက်၊ ဘူးခွံဝယ်တဲ့ဆိုင်မှာ သွားရောင်းပြီး ရတဲ့ ပိုက်ဆံလေးနဲ့ သားအဖ ၂ ယောက် စားစရာဝယ်စားကြရတယ်။ ကိုယ်ပိုင်လုပ်ငန်း PMS System စလုပ်ချိန်မှာလဲ နေစရာအိမ်မရှိပြန်လို့ သူ့ကားထဲမှာ ၂ ပါတ်ကြာ အိပ်ခဲ့ရပြန်တယ်။ သူ့ဘ၀ဟာ မျှော်လင့်ချက် လုံးဝကင်းမဲ့နေပြီလို့ ထင်စရာပါ။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူဟာ ဘီလျံနာသူဋ္ဌေးကြီးတယောက် ဖြစ်လာခဲ့တယ်။ သူ့နာမည်က ဂျွန်ပေါလ်ဒေဂျိုးရီးယား (John Paul DeJoria) ပါ။ ယုံနိုင်စရာရှိပါရဲ့လား။ မယုံဘူးဆိုရင် သူ့ရဲ့ ဖြစ်ရပ်မှန်အကြောင်းကို အောက်မှာ ဖတ်ကြည့်လိုက်ပါ။

ဂျွန်ကို ၁၉၄၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့က အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် လော့စ်အင်ဂျဲလိစ့်မြို့မှာ မွေးဖွားခဲ့တယ်။ သူ့မှာ အကိုတယောက်ရှိတယ်။ အဖေက အီတလီနိုင်ငံကဖြစ်ပြီး အမေက ဂရိနိုင်ငံကဖြစ်တယ်။ သူတို့ ၂ ဦးဟာ အမေရိကန်မှာ လာရောက်အခြေချနေထိုင်ကြရင်း ဆုံတွေ့ချစ်ကြိုက်သွားကြပြီး လက်ထပ်ခဲ့ကြတာပါ။ သူတို့မိသားစုဟာ အိမ်သေးသေးလေးတခုမှာ နေကြရပြီး အတော်လေး ဆင်းရဲကြတယ်။ ဂျွန် အသက် ၉ နှစ်သားအရွယ်မှာပဲ ခရစ္စမတ်ကဒ်လေးတွေ အိမ်တကာလှည့်ရောင်းရင်း သူ့မုံ့ဖိုးရှာရတယ်။ အသက် ၁၀ နှစ်ရောက်တော့ သူ့အကိုနဲ့အတူ လမ်းထဲက အိမ်တွေကို သတင်းစာလိုက်ပို့ကြရတယ်။ သူတို့ ၂ ယောက်ဟာ မနက်အစောကြီး ၄ နာရီလောက်မှာ အိပ်ယာကထပြီး လိုက်ဝေမဲ့ သတင်းစာတွေကို ခေါက်ကြရတယ်။ မနက်စောစော သတင်းစာတွေကို အိမ်တွေမှာ လိုက်ပို့ပြီးမှ ၂ ယောက်စလုံး ကျောင်းကို သွားကြရတယ်။ ဂျွန် ၂ နှစ်သားအရွယ်မှာ အဖေနဲ့အမေဟာ ကွာရှင်းလိုက်ကြပြီး အဖေက အိမ်ကထွက်သွားတယ်။ အမေ့မှာ အလုပ်မရှိလို့ သူတို့ညီအကို ၂ ယောက်ဟာ မိသားစုစားဝတ်နေရေးအတွက် ရတဲ့အလုပ်လေးတွေလုပ်ပြီး ပိုက်ဆံရှာပေးကြတယ်။ ဒါပေမဲ့ သူတို့ ရှာပေးနိုင်တာဟာ စားဖို့တောင် မလောက်ငလို့ အမေက သူတို့ညီအကို ၂ ယောက်ကို မိဖမဲ့ကလေးဂေဟာကို ပို့လိုက်ရတယ်။

ဂျွန်ဟာ အဲဒီကလေးဂေဟာမှာ ကျောင်းတက်နေရင်း လမ်းသူရဲလေးတွေနဲ့ ပေါင်းမိပြီး ဆိုးသွမ်းလူငယ်တယောက် ဖြစ်လာခဲ့တယ်။ ကျောင်းမှာ စာကောင်းကောင်းမသင်ဘူး။ တနေ့မှာ သင်္ချာသင်တဲ့ဆရာက သူ့ကို “မင်း ဒီဘဝတသက်မှာ ဘယ်တော့မှ အောင်မြင်တဲ့ လူတယောက် ဖြစ်မှာ မဟုတ်ဘူး” လို့ ပြောလိုက်တယ်။ အဲဒီစကားကြောင့် ဂျွန်ဟာ စိတ်ထဲမှာ အတော်မခံချင်ဖြစ်သွားတယ်။ ဒါကြောင့် သူ့ဘဝကို ပြောင်းလဲသွားစေဖို့ သူ့ အကျင့်စရိုက်တွေကို ပြုပြင်လိုက်တယ်။ ဆိုးသွမ်းတဲ့ အပြုအမူ၊ အကျင့်စရိုက်ဆိုးတွေ အားလုံးကို ရပ်ပစ်လိုက်ပြီး စာပြန်ကြိုးစားတယ်။ အဲဒီဆရာပြောတဲ့ စကားမမှန်ဘူးဆိုတာ တနေ့ သက်သေပြမယ်လို့ စိတ်ထဲက ကြုံးဝါးထားလိုက်တယ်။

ကျောင်းတက်နေရင်းနဲ့ ကျောင်းအားချိန်တွေမှာ မုံ့ဖိုးရအောင် တောက်တိုမယ်ရအလုပ်တွေ လုပ်တယ်။ အဲဒီအလုပ်တွေထဲက တခုကတော့ Encyclopedia အင်္ဂလိပ်စွယ်စုံကျမ်းစာအုပ်တွေကို အိမ်တွေမှာ တံခါးခေါက်ပြီး လိုက်ရောင်းတာပါ။ စာတအုပ်ရောင်းရတိုင်း သူ ကော်မရှင်ရတာမို့ စာအုပ်များများရောင်းရအောင် ကြိုးစားတယ်။ သူက “အဲဒီစာအုပ်ရောင်းရတာ တကယ့်ကို မလွယ်တဲ့ အလုပ်ပဲဗျာ။ အိမ်တံခါးခေါက်လိုက်လို့ တံခါးပွင့်လာရင် လက်မှာကိုင်ထားတဲ့ စွယ်စုံကျမ်းစာအုပ်ကိုပြရင်း စကားလေးတခွန်းလောက် စပြောရုံရှိသေးတယ်၊ ဝုန်းကနဲ တံခါးကို ဆောင့်ပိတ်သွားတာမျိုး မကြာခန ကြုံရတယ်။ တခါတလေ အိမ်ပေါင်း ၃၀ – ၄၀ လောက်က မဝယ်ဘူးလို့ ငြင်းပယ်တာခံရပြီးမှ တအုပ်တလေ ဈေးဦးပေါက်ရောင်းရတယ်”လို့ ပြန်ပြောပြတယ်။ ဒါပေမဲ့ အဲဒီအတွေ့အကြုံဟာ နောင်တချိန် သူကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့အခါမှာ အရှုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့ သတ္တိဖြစ်ပေါ်လာစေခဲ့တယ်။

သူ အသက် ၁၇ နှစ်မှာ အထက်တန်းကျောင်းအောင်တယ်။ ရေတပ်ထဲမှာ ၂ နှစ်အမှုထမ်းတယ်။ ရေတပ်ကပေးတဲ့လစာနဲ့ ချီးမြှင့်ငွေကို စုထားပြီး သွားကောလိပ်တက်ဖို့ ကြံရွယ်ထားတယ်။ ဒါပေမဲ့ ရေတပ်ကထွက်ချိန်မှာ စုမိတဲ့ငွေဟာ မလုံလောက်တာကြောင့် သွားကောလိပ်ကို မတက်ဖြစ်တော့ဘူး။ သူ အသက် ၁၉ နှစ်မှာ အိမ်ထောင်ကျတယ်။ သူဟာ အလုပ်အကိုင် အတည်တကျမရှိပဲ ရရာအလုပ်ကို လုပ်နေရတယ်။ သူ့မှာ အလုပ်မရှိတဲ့အချိန်က များနေလို့ သူ့မိန်းမက စိတ်ကုန်သွားပြီး အိမ်ပေါ်က ဆင်းသွားတယ်။ အဲဒီအချိန်မှာ သူ့အသက် ၂၂ နှစ်ပဲ ရှိသေးတယ်။ ၂ နှစ်ရွယ်သားလေးတယောက်နဲ့ အိမ်မှာ ကျန်ခဲ့တယ်။ မိန်းမက အိမ်ပေါ်က မဆင်းခင်လေးမှာ အိမ်မှာကျန်နေတဲ့ ပိုက်ဆံလေးကို ယူသွားလိုက်သေးတယ်။

နောက်နေ့မှာ အိမ်ရှင်က အိမ်လခ လာတောင်းတယ်။ အိမ်လခ ပေးစရာမရှိလို့ ၂ ပါတ်အကြာမှာ အိမ်ပေါ်က ဆင်းပေးလိုက်ရတယ်။ နေစရာမရှိလို့ လမ်းဘေးမှာ သူ့သားလေးနဲ့ အိပ်ရတယ်။ အလုပ်ရှာမရလို့ လမ်းဘေးက Coke သံဘူးခွံတွေ လိုက်ကောက်ပြီး ဘူးခွံဝယ်တဲ့ဆိုင်လေးတွေမှာ သွားရောင်းရတယ်။ ဘူးခွံအသေးတခုကို ၂ ပြား (2 cents)နဲ့ အကြီးက ၅ ပြား (5 cents)ပဲရတယ်။ အဲဒါလေးနဲ့ သားအဖ ၂ ယောက် ဈေးပေါတဲ့ အစားအသောက်လေးတွေ ဝယ်စားကြရတယ်။ ကံဆိုးလွန်းလှတဲ့ ဂျွန်တို့ သားအဖဘဝပါ။ တော်ပါသေးတယ်။ ၂ ပါတ်အကြာမှာ သူငယ်ချင်းတယောက်က ဒုက္ခရောက်နေတဲ့ သူတို့သားအဖကိုတွေ့သွားပြီး သနားလို့ နေစရာလေးတနေရာ စီစဉ်ပေးလိုက်တယ်။ အဲဒီသူငယ်ချင်းက သူ့ကို ဒီလောက် ဒုက္ခရောက်နေတာကို ဘာကြောင့် ဆွေမျိုး၊ အပေါင်းအသင်းတွေဆီက အကူအညီမတောင်းတာလဲလို့ မေးကြည့်တော့ ဂျွန်က “သူများဆီက အကူအညီတောင်းရမှာ ရှက်လွန်းလို့ပါဗျာ”လို့ ရီရင်း ပြန်ဖြေတယ်။

နောက် ၁၀ နှစ်ကာလတလျှောက်မှာ သူ့သားကျောင်းစရိတ်နဲ့ သူတို့သားအဖ စားဝတ်နေရေးအတွက် ဂျွန်ဟာ ရသမျှအလုပ်တွေ အကုန်လုပ်တယ်။ ဓါတ်ဆီဆိုင်မှာ ဆီဖြည့်ပေးတယ်။ ကျောင်းစောင့်လုပ်တယ်။ အသက်အာမခံတွေ လိုက်ရောင်းတယ်။ Time မဂ္ဂဇင်းရဲ့ ဈေးကွက်ရှာတဲ့ ကိုယ်စားလှယ်အလုပ် လုပ်တယ်။ ၁၉၇၁ ခုနှစ် (သူ့ အသက် ၂၇ နှစ်)မှာ ဆံပင်အလှပြင်ပစ္စည်းတွေရောင်းတဲ့ Redken ကုမ္ပဏီမှာ အရောင်းသမား အလုပ်ရတယ်။ အဲဒီအချိန်က Redken ကုမ္ပဏီဆိုတာ ဆံပင်အလှပြင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ အမေရိကန်နိုင်ငံက ကုမ္ပဏီတွေထဲမှာ အကြီးဆုံးပါ။ သူဟာ လစာဒေါ်လာ ၆၀၀ နဲ့ ကားအသုံးစရိတ် ၁၂၅ ဒေါ်လာပဲရတယ်။ တနှစ်ခွဲအကြာမှာ အရောင်းဋ္ဌါနကြီး ၂ ခုရဲ့မန်နေဂျာ ဖြစ်လာတယ်။ သူ့လက်အောက်မှာ အတွင်းရေးမှူးအမျိုးသမီး ၂ ယောက်နဲ့ ဝန်ထမ်း ၄ ယောက်ရှိတယ်။ ၁၉၇၅ ခုနှစ်မှာ သူအလုပ်ဖြုတ်ခံလိုက်ရတယ်။ အလုပ်ဖြုတ်ခံလိုက်ရတာက သူအလုပ်မှာမကြိုးစားလို့၊ သူ့ဋ္ဌါနတွေမှာ အမြတ်နဲလို့ မဟုတ်ပါဘူး။ သူဟာ ဝန်ထမ်းနဲနဲလေးနဲ့ ကုမ္ပဏီအတွက် ဝင်ငွေအများကြီး ရအောင် ရှာပေးနိုင်ခဲ့ပါတယ်။ အဲဒါကို တခြားမန်နေဂျာတွေက မနာလိုဖြစ်ပြီး အထက်ကို မဟုတ်မမှန် လုပ်ကြံတိုင်ပြောကြလို့ အထက်လူကြီးက အထင်မှားပြီး သူ့ကို ဖြုတ်လိုက်တာပါ။

ဂျွန်ဟာ မတရားအလုပ်ဖြုတ်ခံလိုက်ရလို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပေမဲ့ စိတ်ဓါတ်ကျမသွားပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကုမ္ပဏီမှာ ၄ နှစ်ကြာအောင် လုပ်ခဲ့တာကြောင့် သူ့အတွက် အကျိုးအများကြီး ရလိုက်တယ်လို့ ခံယူမိလို့ပါ။ အဲဒီအကျိုးတွေက သူများအခိုင်းခံဝန်ထမ်းဘဝမှာ မနေချင်တော့ပဲ ကိုယ်ပိုင်ကုမ္ပဏီတခု ထူထောင်ချင်စိတ် ဖြစ်ပေါ်လာခဲ့တယ်။

Redkenက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေရဲ့ အားနဲချက်တွေကို သိနေလို့ အဲဒီပစ္စည်းတွေထက် ပိုကောင်းတဲ့ပစ္စည်းတွေ သူလုပ်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်စိတ် ဖြစ်ပေါ်လာခဲ့တယ်။ ၃) ပစ္စည်းထုတ်လုပ်တာ၊ ရောင်းချတာ၊ ဈေးကွက်ရှာတာစတဲ့ နယ်ပယ်စုံကိုလဲ နှံ့ နှံ့ စပ်စပ်နားလည် သဘောပေါက်သွားတယ်။ ၄) ဆံပင်အလှပြင်တာကို လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ လူတိုင်းစိတ်ဝင်စားကြတာမို့ ဆံပင်နဲ့ ပါတ်သက်တဲ့ ဈေးကွက်ဟာ အကြီးကြီးပဲဆိုတာကို သိလိုက်တယ်။ ဆံပင်အလှပြင်နဲ့ ပတ်သက်တာတဲ့လုပ်ငန်း လုပ်ရင် ကြီးပွားချမ်းသာနိုင်တယ်ဆိုတာကို သိလိုက်တယ်။ ဒါကြောင့် သူဟာ ဆံပင်အလှပြင်လုပ်ငန်းလုပ်ဖို့ အခွင့်အလမ်းကို ရှာကြံပါတော့တယ်။

၁၉၈၀ ခုနှစ်လောက်မှာ သူငယ်ချင်း ဆံပင်အလှပြင်ဆရာ ပေါလ်မစ်ချဲ (Paul Michell) နဲ့ PMS System (John Paul Mitchell System) ဆိုတဲ့ ကုမ္ပဏီတခု ထောင်လိုက်တယ်။ ကုမ္ပဏီထောင်ဖို့ လိုနေတဲ့ငွေ ဒေါ်လာ ၇၀၀ ရဖို့ ဂျွန်က သူ့အမေဆီက ဒေါ်လာ ၃၅၀ ချေးယူပြီး မစ်ချဲက ဒေါ်လာ ၃၅၀ ထဲ့ဝင်တယ်။ ကုမ္ပဏီရုံးခန်းတခု ဖွင့်လိုက်တယ်။ ရုံးခန်းကလဲ အခန်းကျဉ်းလေးတခုမှာ စားပွဲတလုံးနဲ့ အဲဒီစားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းခေါ်လာရင် အမျိုးသမီးတယောက်ရဲ့ အသံသွင်းထားတာကို ပြန်ဖြေပေးတဲ့ answering machine တလုံးပဲ ရှိတယ်။

နောက်ပိုင်းမှာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အကျိုးကို ခံစားလာရပါပြီ။ အခု ဂျွန်ဟာ ဒေါ်လာသန်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ PMS ကုမ္ပဏီပိုင်ရှင်ဖြစ်နေပါပြီ။ သူနဲ့အကျိုးတူစီးပွားဖက် မစ်ချဲဟာ ၁၉၈၉ ခုနှစ်မှာ ကွယ်လွန်သွားခဲ့လို့ PMS ကုမ္ပဏီဟာ ဂျွန်တဦးတည်းပိုင် ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့PMS အလှပြင်ပစ္စည်းအမျိုးပေါင်း ၉၀ ကျော်ကို အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံပေါင်း ၇၀ ကျော်က ဆံပင်အလှပြင်ဆိုင်ပေါင်း တစ်သိန်းကျော်ဟာ နှစ်စဉ်တစ်ဘီလီယံဖိုး ဝယ်ယူနေကြပါတယ်။

ဂျွန်တယောက် ဒါနဲ့ကျေနပ်သွားပြီလား။ အောင်မြင်မှုရဲ့ အရသာကို သိသွားသူဟာ တကြိမ်အောင်မြင်မှုရုံနဲ့ ဘယ်တင်းတိမ်ရောင့်ရဲနိုင်ပါ့မလဲ။ ဂျွန်တယောက် နောက်ထပ် ဘာအောင်မြင်မှုများ ထပ်ရှာအုံးမှာလဲ။ နောက် ၁၀ နှစ်တာကာလအတွင်းမှာ ဂျွန်ဟာ ညကလပ်တွေဖွင့်တာ၊ စက်ဘီးထုတ်စက်ရုံတည်တာ၊ သဘာဝဓါတ်ငွေ့ထုတ်လုပ်တာစတဲ့ လုပ်ငန်း ၁၇ မျိုးကို လုပ်နေခဲ့တယ်။ အဲဒီလုပ်ငန်းတွေဟာ အောင်မြင်မှုတွေ အသင့်အတင့်ရနေပေမဲ့ သူ့ကို အောင်မြင်မှုအကြီးအကျယ် ရစေခဲ့တဲ့လုပ်ငန်းတခုကတော့ Patron Spirits Co ကနေ တာကီလာအရက်ထုတ်လုပ်ရောင်းချခြင်းပါ။

ရှေ့လ ဇွန်လဆန်းမှာ ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေမဲ့ ကျနော့်ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ “ဆင်းရဲနွံမှ ချမ်းသာဘုံသို့” ထဲက စာမြည်းအပိုင်းလေးပါ။ အပြည့်အစုံကိုတော့ စာအုပ်မှာ ဖတ်ကြည့်ကြပါ။စာအုပ်က ငယ်စဉ်က ဆင်းရဲလွန်းလှတဲ့ ဘဝကနေ ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ မီလျံနာ၊ ဘီလျံနာသူဋ္ဌေး ဖြစ်သွားကြသူ (၂၃) ယောက်ရဲ့ တကယ့်ဖြစ်ရပ်မှန် အကြောင်းတွေပါ။

ဒီစာအုပ်ကို ဖတ်ခြင်းဖြင့် ဆင်းရဲလို့၊ ဘွဲ့မရလို့ စိတ်ပျက်အားငယ်နေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေသလို ကိုယ်ပိုင်စီးပွားရေးလုပ်ချင်သူတွေ၊ လုပ်နေသူတွေအတွက် မီလျံနာ၊ ဘီလျံနာဖြစ်သွားသူတွေရဲ့ စိတ်ဓါတ်၊ ခံယူချက်နဲ့ သူတို့ရဲ့နည်းနာကောင်းတွေလဲ ရလာနိုင်ပါတယ်။

Ref: ဗန်းမော်သိန်းဖေရဲ့မျှဝေလိုသောအတွေးများ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.