Thu. Jun 27th, 2019

မင်း တုတ်ချောင်းမဟုတ်ပါ

မြစ်ကမ်းဘေးကနေ တုတ်ချောင်းတစ်ချောင်းကို မြစ်ထဲကို ပစ်ချကြည့်လိုက်ပါ။

တုတ်ချောင်း ဘာဖြစ်သွားမလဲ။ မြစ်ရေစီးကြောင်းအတိုင်း ပေါလောပေါ်ပြီး မျောပါသွားမယ်။

တုတ်ချောင်းဟာ မြစ်တစ်ဖက်ကမ်းကို ရောက်ချင်ရောက်သွားမယ်။ ရေစုန်အတိုင်း လိုက်ပါရင်း မြစ်အဆုံးထိ ရောက်ချင်ရောက်သွားမယ်။

ဒီရေတက်လို့ ပစ်ချလိုက်တဲ့ နေရာကို ပြန်ရောက်လာနိုင်တယ်။

ပင်လယ်ပြင်ကြီးထဲလည်း ရောက်သွားနိုင်တယ်။

တုတ်ချောင်းဟာ သူ ဘယ်သွားချင်တယ်ဆိုတာ သူ့ဖါသာ ဆုံးဖြတ်လို့ မရဘူး။ မြစ်က ဆုံးဖြတ်တယ်။ မြစ်ရေစီးက ပို့ပေးတဲ့ နေရာကို သွားရတယ်။

ဒါပေမဲ့ မင်းဟာ တုတ်ချောင်း မဟုတ်ပါဘူး။ လူပါ။ လူဆိုတာ မိမိလုပ်ချင်တာကို လုပ်ပိုင်ခွင့် ရှိပါတယ်။ မြစ်တစ်ဖက်ကမ်းကို သွားချင်ရင် မြစ်ကို ဖြတ်ပြီး ရေကူးသွားလို့ ရတယ်။ မြစ်ရေစုံအတိုင်း လိုက်ပါချင်ရင် ကိုယ်ဖေါ့လိုက်ပါရုံပါပဲ။ ရေဆန်ကို ဆန်တက်ကူးသွားလို့ ရတယ်။

မင်း သွားချင်တဲ့ နေရာကို သွားလို့ ရတယ်။ ဘယ်သွားမယ်ဆိုတဲ့ ရည်မှန်းချက်တော့ ရှိရပါမယ်။

ဒီတော့ မင်း ကိုယ်ကို မြစ်ရေရဲ့ သယ်ဆောင်မှုကို မခံပါနဲ့။ မြစ်ရေစီးချင်ရာ စီးနေတဲ့အပေါ်မှာ သာယာပြီး လိုက်ပါမနေပါနဲ့။ နောက်ဆုံး ပင်လယ်ထဲရောက် ဒါမှမဟုတ် နွံထဲနစ်သွားမှ နောင်တမရမိပါစေနဲ့။

မင်းဟာ တုတ်ချောင်းလို မြစ်ရဲ့ ပြုသမျှ နုရမယ့် ဘဝမဟုတ်ပါဘူး။မြစ်က ပို့ပေးတဲ့ နေရာကိုပဲ သွားရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ။ မင်းဟာ တုတ်ချောင်း မဟုတ်လို့ပါ။

မင်းဟာ တုတ်ချောင်းမဟုတ်လို့ သွားချင်တဲ့ နေရာကို သွားလို့ရတယ်။ လိုချင်တာကို ရအောင် လုပ်နိုင်တယ်။ ဆန္ဒရှိတာကို လုပ်လို့ ရတယ်။ ဒါပေမဲ့ မင်းမှာ ကိုယ့်အားကိုယ်ကိုးပြီး မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ ဇွဲရှိဖို့ လိုပါတယ်။

ဗန်းမော်သိန်းဖေ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Copyright © All rights reserved. Newsphere by AF themes.