ပုဂံပြည်မှာ ရှင်ဘုရင် အဖြစ် သုံးကြိမ်ဖြစ်ခဲ့သော ဘီလူး

ဂေါတမမြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က တန့်ကြည့်တောင်ကို ဒေသစာရီကြွချီတော်မူရာမှာ တောင်စောင့်ဘီလူးတစ်ကောင်က အင်ဖက်သုံးရွက်နဲ့ နေရောင် ကာ ပေးခဲ့တယ်လို့ဆိုပါတယ်။ မြတ်စွာဘုရား က ပြုံးတော်မူပြီး “သည်နေရာမှာ နှစ်ပေါင်းများစွာ ကြာ တဲ့အခါ မင်းနေပြည်တော်ကြီးအဖြစ်စည်ကားလိမ့်မယ်။ သည်ဘီလူးဟာ ယခုလို အင်ဖက်သုံးရွက်နဲ့ နေ ကာပေး တဲ့ ကုသိုလ်ကြောင့် အဲ့နေပြည်တော်ကြီးမှာ မင်း အဖြစ်ကို သုံးခါ ရရှိလိမ့်မယ်” လို့ ရှင်အာနန္ဒာကို မိန့်ကြားခဲ့ပါတယ်။

အမှန်တကယ်လည်း ဒီဘီလူးဟာ သုံးကြိမ် သုံးခါ မင်း ဖြစ်ခဲ့ပါတယ်။ စလေမင်းခွေး၊ နရသူ(ကုလားကျမင်း) နဲ့ နရသီဟပတေ့(တရုတ်ပြေးမင်း)တို့ပဲ ဖြစ်တယ်လို့ ရာဇ၀င်ကျမ်းများ အရ သိရှိရပါတယ်။

ထိုမင်းတို့သည် ဘီလူးဘဝမှ လာသောကြောင့် အမျက် ဒေါသကြီးသည်။ ရက်စက်ကြမ်းကြုပ်သည်။ အစား ကြူးသည်။ပုဂံခေတ်တစ်လျှောက်လုံးတွင် ထိုမင်းသုံးပါး သည် မင်းဆိုးမင်းညစ်များ ဖြစ်လေသည်။

၁။ #စလေမင်းခွေး
________________
ပုဂံပြည်တွင် သိင်္ဂမင်း၏ သားတော် မင်းညီနောင်နှစ်ပါး နန်းလုကြရာ အစ်ကိုသိန်းခွန် နိုင်၍ ညီငယ်မှာ စလေ အရပ်သို့ထွက်ပြေးကာ ဆင်းရဲငြိုငြင်စွာနေထိုင်ရသည်။ ထိုညီငယ်၏ မြေးတော်သူ မောင်ခွေး သည် မိဘတို့ သုံး စရာမရှိ၍ သူကြွယ်လူဝကြီးတစ်ဦးထံတွင် ရောင်းစား ခံရသည်။ လူကသာ ဆင်းရဲစုတ်ပြတ်နေသော်လည်း အလှအပ လွန်စွာ ကြိုက်ကာ တစ်နေ့လျှင် ခေါင်း သုံးခါ ဖြီးသည်ဟုဆိုသည်။ထို့ကြောင့် သူကြွယ်ကြီးက လက်ကြော မတင်းသော မောင်ခွေးကို မကြာခဏ ရိုက်နှက်ခဲ့သည် ဆို၏

များမကြာမီ မောင်ခွေးသည် သူကြွယ်ကြီးအမိန့်အရ ဧရာဝတီမြစ်စဉ်တစ်ကြောတွင် ကုန်သွယ်သော လှေကြီး တစ်စင်းပေါ်တွင် လှေထိုးသားအဖြစ် ဝင်ရောက် လုပ်ကိုင်ရန် ခိုင်းစေခြင်း ခံရသည်။ (ထိုသို့ လုပ်ကိုင်နေစဉ် ပုဂံပြည်တွင်ဘုရင်ဖြစ်မည့် ရှေ့ပြေး အိပ်မက်ကို မက်ခဲ့သည် ဆို၏။)

အိပ်မက်ထဲတွင် မောင်ခွေး၏ ဗိုက်ပေါက်ထွက်ကာ သူ ၏ အူများသည် ပုဂံပြည်ကြီးကို ရစ်ပတ်သည်ဟု မြင် မက်လေသည်။

ထို့နောက် လှေကြီး ကမ်းကပ်စဉ် နိမိတ်ဟော ပုဏ္ဏား တစ်ဦးထံ သွားရောက်မေးမြန်းရာ အလွန်ဖြစ်ခဲသော အိပ်မက်ဖြစ်ကြောင်း၊ မင်းအဖြစ်ကိုရမည် ဖြစ်ကြောင်း၊ မိမိကိုမမေ့စေလိုကြောင်း၊ ပုဂံနန်းတော်နှင့်အနီးကပ် နေသင့်ကြောင်း တို့ကို ဟောပြောအကြံပြုလေ၏။

ထို့ကြောင့် ပုဂံပြည်သို့သွားကာ ထိုစဉ်က စိုးစံနေသော တန်နက်မင်း ထံခစားခဲ့သည်။ မောင်ခွေး၏ တာဝန်မှာ ပုဂံနန်းတော်ရှိ မြင်းဇောင်းတွင် မြင်းများကို ပြုစုရသည့် တာဝန်ဖြစ်သည်။

တန်နက်မင်း သည် မြင်းချစ်သူတစ်ဦးဖြစ်သည်။ ညစဉ် ညတိုင်း အဖော်အဖြစ် မောင်းမငယ်တစ်ဦးကို ခေါ်ကာ မြင်းဇောင်းသို့ လာလေ့ရှိသည်။ ( သက်တော်စောင့် မှူးမတ်များလည်း မပါပေ။ )

ထိုအခြေအနေကို အခွင့်ကောင်းယူကာ မောင်ခွေး သည် မောင်းမငယ်နှင့်ပူးပေါင်းပြီး တန်နက်မင်းကို မြင်း ချေးတွင်းထဲ တွန်းချကာ လုပ်ကြံခဲ့သည်။

စလေမင်းခွေးသည် ဘုရင်ဖြစ်ပြီး မကြာမီ ယခင်က သူ့ သခင်ဖြစ်ခဲ့သော သူကြွယ်လူဝကြီးကို နှောင်ကြိုးတည်း ကာ နန်းတော်သို့ခေါ်လာစေသည်။ ထို့နောက် ရေကန် ထဲသို့ ပစ်ချကာ ရေမွန်း၍ ပေါ်လာလျှင် “ဝက်” ဟု အော် ကာ လှံဖြင့်ထိုး၍ သတ်လေသည်။

ထိုမျှနှင့်အားမရဘဲ ပုဂံနေပြည်တော်ရှိ အသားနီနီ၊ လူဝကြီးများကိုပါ အထက်ပါ နည်းအတိုင်း သတ်ဖြတ် လေရာ တိုင်းသူပြည်သားများ စိတ်ညစ်ညူးလာ ကြသည်။
(ဤသို့ အမျက်စောင်မာန်ကြီးသော စလေမင်းခွေးကို မှူးမတ်များက လုပ်ကြံရန်ကြံစည်ကြတော့သည်။)

စလေမင်းခွေးကို ဆင်စီးစေကာ… တိမ်ကောခါနီး ရေကန်ကြီး တစ်ကန်ကို ကြည့်ရှုစစ်ဆေးပေးပါရန် တောင်းဆိုကြသည်။

ထို့နောက် စလေမင်းခွေးက ကန်ကြီးကို ကြည့်ရှုနေစဉ် ရုတ်တရက် ဆင် ကုန်းလယ်မှ ကြိုးပြတ်ကျကာ မင်းကြီး လည်း ရွှံ့ညွှန်များထဲ ပြုတ်ကျသွားတော့သည်။ (မှူးမတ်များက ဆင်ကကြိုး ဖြတ်ရန် ဆင်ဦးစီးကို ငွေ ပေးစေခိုင်းခဲ့ခြင်း ဖြစ်သည်။)

ထိုသို့ ရွှံ့နွံထဲတွင်နစ်ကာ ဝူးဝူးဝါးဝါး ဖြစ်နေသော စလေမင်းခွေးကို မှူးမတ်များက တစ်ယောက် တစ်လက် ဖြင့် ရွှံ့ညွှန်များဆုပ်ကာ ဝိုင်းဝန်းပစ်ပေါက်၍ လုပ်ကြံကြသည်တွင် မင်းကြီး ရွှံ့မွန်းကာ အသက် ပျောက်သွားတော့သည်။
(ထိုကန်ကို … ညွှန်လက်တစ်ဖက်ကန် ဟု ယနေ့တိုင် ခေါ်တွင်လေ၏။)

(သူပြုခဲ့သည့် အကုသိုလ်များအရ အပါယ်ငရဲကျရမည် ဖြစ်သော်လည်း ဘုရားဗျာဒိတ်တော် အင်ဖက်ကုသိုလ် အာနုဘော်အရ ပုဂံပြည်တွင် ဒုတိယအကြိမ် မင်း ဖြစ်လာလေသည်။)

၂။ #နရသူ (#ကုလားကျမင်း)
____________________
နရသူ သည် အလောင်းစည်သူမင်း၏ သားတော် ဖြစ်သည်။ သို့သော် မိဖုရားငယ်မှ မွေးဖွားသူဖြစ်သဖြင့် ထီးနန်းဆက်ခံရန် ဥပရာဇာအဖြစ် သတ်မှတ်ခြင်း မခံရပေ။

ထိုစဉ်က ဥပရာဇာမှာ သားတော်ကြီး မင်းရှင်စော ဖြစ်သည်။ သို့သော် သူသည် မောက်မာထောင်လွှား သဖြင့် အဝေးပို့ ဒဏ်ခံရကာ အောင်ပင်လယ်ကန်အနီး တွင် နောက်လိုက်များနှင့်သွားရောက်အခြေချခဲ့သည်။

မင်းရှင်စော မရှိတော့သောအခါ နရသူက နန်းတွင်း ကိစ္စများကို မိမိစိတ်တိုင်းကျ ကြိုးကိုင်ခြယ်လှယ် ခဲ့သည်။အထူးသဖြင့် ခမည်းတော် အလောင်းစည်သူ မင်းကြီး နာမကျန်း ဖြစ်သည့်အခါ ပို၍ လူပါးဝ လာ ခဲ့သည်။

အလောင်းစည်သူမင်းကြီး ဝေဒနာပြင်းစွာဖြင့်သတိလစ် နေစဉ် မင်းကြီး၏သလွန်ကို ရွှေဂူကြီးဘုရားသို့ ရွှေ့ပြောင်း ထားခဲ့သည်။မင်းကြီး သတိပြန်လည်လာ၍ မေးမြန်းသည့်အခါ ဘေးတွင်စောင့်နေသော နရသူက ခေါင်းအုံးဖြင့် ဖိကာ လုပ်ကြံခဲ့သည်။

နရသူသည် ထီးနန်းကို ရယူရန် အောင်ပင်လယ်မှ ပုဂံ သို့ ချီတက်လာသော နောင်တော် မင်းရှင်စောကိုလည်း ပရိယာယ်ဖြင့် လုပ်ကြံခဲ့သည်။

ဤသို့ ကောက်ကျစ်သော နရသူသည် ဖခင်နှင့် နောင်တော် ကို လုပ်ကြံသောအကုသိုလ်များကြောင့် သူ၏ ဇာတ်သိမ်းသည်လည်း မကောင်းခဲ့ပေ။

၃။#နရသီဟပတေ့မင်း
___________________
နရသီဟပတေ့မင်းသည် အမတ်ကြီးရာဇသင်္ကြန် ကောင်းမှု ကြောင့် မင်း ဖြစ်လာသူဖြစ်သည်။ တနေ့ ဥဇနာမင်းကြီး လွန်သော် သားတော်ကြီးဖြစ်သော သီဟသူ သည် နန်းလျာဖြစ်ရာ နန်းတက်ရာတွင် အမတ်ကြီး ရာဇသင်္ကြန်မှ နန်းတွင်း အမတ်များကို စည်းရုံး ပြီး

သီဟသူသည် ဒေါသကြီးသူဖြစ်သည်၊ တရားစောင့်သူ မဟုတ်ဟု စသဖြင့် သိမ်းသွင်းသဖြင့် အမတ်များလည်း ရာဇသင်္ကြန်နှင့် တစိတ်ဝမ်းဖြစ်ကြ့ပီးလျှင် သီဟသူကို နန်းချကာ နရသီဟပတေ့ကို နန်းတင်လေသည်။
နန်းတင်ပြီး နရသီဟပတေ့သည် ရာဇသင်္ကြန် လျှောက် ထားသည်ကို အမျက်ရှပြီး ဒလမြို့သို့ စည်းစိမ်သိမ်းပြီး ပို့ဆောင်စေလေသည်။ နေပြည်တော်တွင် ရာဇသင်္ကြန် မရှိဟု ကြားလျှင် နိုင်ငံတ၀န်း ပုန်ကန်ကြလေသည်။ ထိုအကြောင်းကို နရသီဟပတေ့ သိသော် စိတ်မသာ မယာ ဖြစ်နေပြီး တိုင်ပင်စရာ အမတ်ကောင်းလည်း မရှိ သဖြင့် မှိုင်နေသည်ကို မိဖုရားက မင်းကြီးကို ရာဇသင်္ကြန် အမတ်အား ပြန်ခေါ်ရန် တိုက်တွန်း လေသည်။

မင်းကြီးလည်း ကြံရမရတော့ဘဲ မင်းမိန့်သိမ်းကာ ရာဇသင်္ကြန် အမတ်ကို ပြန်လည် ဆင့်ခေါ်စေ လေသည်။
နရသီဟပတေ့လည်း ရာဇသင်္ကြန်ကို စားမြဲ၊ရှိမြဲ အဆောင် အယောင်အပြင် ဆုလာဘ်အသစ်တွေပါ ချပေးပြီး ပုန်ကန်ခြားနားရာ မုတ္တမသို့ စစ်ချီတက်စေ လေသည်။

မုတ္တမကို အောင်မြင်စွာသိမ်းနိုင်ပြီးလျှင် နောက်ထပ် ပုန်ကန်ရာ မစ္ဆဂီရီ(ယခုသရက်မြို့)ကို စစ်ချီတက် ပြန်သည်။ မစ္ဆဂီရီကို အောင်နိုင်သော်လည်း အမတ်ကြီး ရာဇသင်္ကြန်မှာ အသက်အားဖြင့် ၆၂ ရောက်နေသည် ကား တစ်ကြောင်း၊ အလွန်အမင်း အလုပ်ကြိုးစားပြီး နားချိန် မပေးသည်ကားတစ်ကြောင်း နေပြည်တော် မရောက်မီပင် အနိစ္စရောက်လေသည်။

ယူနန်နယ်သည် မြန်မာနယ်နိမိတ်နှင့်တဆက်တည်း တည်ရှိနေသောကြောင့် နယ်စစ်ပြဿနာအရှုပ် အထွေး များ ပေါ်ပေါက်ခဲ့သည်။ ၁၂၇၃ ခုနှစ်တွင် ဗန်းမော်မြို့အထက်ရှိ ကံငယ်မြို့စားသည် တရုတ်တို့ ဘက်သို့ ဝင်ရောက်၍ သစ္စာခံသည်။ မြန်မာတို့ သွား ရောက်တိုက်ခိုက်ရာ ၄င်းမြို့စားသည် တရုတ်တို့ထံမှ အကူအညီတောင်းသည်။ ကူဗလိုင်ခန်က လိုအပ်သော အကူအညီ ပေးရန် ယူနန်ဘုရင်ခံကိုအမိန့််ပေး လိုက်သည်။

ယူနန်ဘုရင်ခံသည် မြန်မာပြည်ကို ဝင်ရောက် တိုက်ခိုက် ရာ တရုတ်မြန်မာစစ် ဖြစ်ပွားခဲ့သည်။

တရုတ်တို့သည် ဗန်းမော်မြို့အထိ ချီတက်လာကြသည်။ မြန်မာတပ်များက ဆုတ်ခွာပေးသဖြင့် တိုက်ပွဲ အကြီး အကျယ်မဖြစ်ချေ။ သို့သော်ပူပြင်းသောရာသီဥတုဒဏ်ကို မခံနိုင်သဖြင့် တရုတ်တပ်များ တပ်နှုတ်၍ မြန်မာပြည်မှ ပြန်ကြသည်။

#တရုတ်မြန်မာ_ဒုတိယစစ်ပွဲ
_____________
၁၂၈၃ခုနှစ်တွင် ယူနန်နယ်စပ်ကို မြန်မာတို့က သွားရောက်တိုက်ခိုက်သောကြောင့် ဒုတိယအကြိမ် တရုတ်တို့ ချီလာပြန်သည်။တရုတ်တို့သည် ဧရာဝတီ မြစ်ဝှမ်းတလျှောက်တွင် တပ်စွဲနေကြသည်။ နရသီဟပတေ့သည် တရုတ်တို့ကိုခုခံရန် ပထမကြံစည် သော်လည်း အကြောင်းထူးမည် မထင် သောကြောင့် အလုံးအရင်းဖြင့် သားတော်ကြီးရှိရာ ပုသိမ်သို့ ရေကြောင်းဖြင့်စုန်ခဲ့သည်။

ဤသို့တရုတ်တို့၏ရန်ကို တိမ်းရှောင်ရသောကြောင့် တရုတ်ပြေးမင်းဟု တွင်လေသည်။

နရသီဟပတေ့သည် လမ်းခရီးတွင် ပြည်မြို့အနောက် ဘက် လှည်းကျအရပ်သို့ရောက်သော် သစ်ဆိမ့်ကြီး မထေရ် ရှင်ဒီသာပါမောက္ခကို တာတာနေပြည်တော်သို့ သံစေလွှတ်သည်။ ဆရာတော်သည်ဝါတွင်း မှာတွင်ပင် တာတာတို့ လက်အောက်ရှိ အထက်မြန်မာပြည်ကို ဖြတ်ကျော်၍ ဒုက္ခအမျိုးမျိုးခံကာ ကူဗလိုင်ခန်နှင့် သွား ရောက်တွေ့ဆုံခဲ့သည်။

သာသနာတော်ကို အကြောင်းခံ၍ မေတ္တာရပ်ခံသော ကြောင့် ကူဗလိုင်ခန်က ၄င်းတပ်များကို မြန်မာနိုင်ငံ မှ ပြန်ရုတ်သိမ်းခဲ့သည်။ မြန်မာပြည်၏ ရာသီဥတုဒဏ် ကို မခံနိုင်ခြင်း၊ စားရေရိက္ခာရှားပါးခြင်းတို့က တရုတ်တို့ အမြန်ပြန်ဖို့ အကြောင်းများဖြစ်လာခဲ့သည်။ နရသီဟပတေ့သည် ဆရာတော်ကို လယ်မြေများလှူ၍ အဖြစ်အပျက်ကို “မင်္ဂလာစေတီကျောက်စာ”တွင် မှတ်တမ်းတင်ခဲ့သည်။

တရုတ်တို့ပြန်လျှင် နရသီဟပတေ့သည် ပုသိမ်တွင် စံ နေရာမှ အင်အား မစုရုံးမိခင်ပင် ရေကြောင်းဖြင့် ပုဂံ သို့ ဆန်တက်သည်။ ပြည်မြို့သို့ အရောက်တွင် သားတော် သီဟသူက လုပ်ကြံမည့်အရေးကို ထင်လင်းစွာသိရ သောကြောင့် အဆိပ်ပါသော ပွဲတော်ကို စားတော်ခေါ် ၍ မင်းကြီး နတ်ရွာစံသည်။

#ကိုးကား
ဦးကုလား၏ မဟာရာဇဝင်တော်ကြီး
မှန်နန်းမဟာရာဇဝင်တော်ကြီး ပဉ္စမတွဲ

#Credit_Org

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.