ကျောင်းမတက်နိုင်တဲ့သူတွေအတွက် ကိုယ်ပိုင်ကျောင်းထောင်ပေးခဲ့တဲ့ ၁၂နှစ်သား။

သူ့နာမည်ကတော့ Leonardo Nicanor Quinteros ပါ။ အာဂျင်တီးနားနိုင်ငံ San Juan မြို့ကြီးအနီး Las Piedritas မြို့ငယ်လေးက ၁၂နှစ်အရွယ် အလယ်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့အသက်ဟာ ငယ်ရွယ်ပေမယ့် သူဟာ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေအတွက် သူတတ်ထားတဲ့ပညာတွေကို ပြန်လည်မျှဝေဖို့အတွက် ကိုယ်ပိုင်ကျောင်းတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ စာသင်ကြားရတာကိုချစ်တယ် ၊ စာတော်တဲ့ကျောင်းသားလေးတစ်ယောက် ဖြစ်ပြီး သူတတ်ထားတာတွေကို အခြားသူတွေကို ပြန်လည်မျှဝေလေ့ရှိသူပါ။ သူကျောင်းတက်နေရပေမယ့် ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အခြားကလေးသူငယ်တွေဟာ ကျောင်းတက်ဖို့အခက်အခဲဖြစ်ပြီး အသက်ရှင်သန်ရေးအတွက် လမ်းပေါ်မှာပဲ အချိန်တွေကုန်နေတာကို သူမြင်ခဲ့ရပြီးတဲ့နောက်မှာ သူတစ်စုံတစ်ခု လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ သူဟာ သူ့အဖွား Ramona ကို အကူအညီတစ်ခု တောင်းခဲ့ပါတယ်။ အဲဒါကတော့ အဖွားဖြစ်သူရဲ့ အိမ်ဘေးကနေရာမှာ သူ့ကိုကျောင်းဆောက်ခွင့်ပြုဖို့ပါ။ ပထမတော့ အဖွားဖြစ်သူ အံသြသွားတယ် ။ ပြီးတော့ မယုံသလို ဖြစ်တယ်။ ဒါပေမယ့် မြေးဖြစ်သူရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ ခွင့်ပြုပေးခဲ့တယ်။

အခုအချိန်မှာတော့ အဲဒီ အခမဲ့ကျောင်းလေးဟာ ကျောင်းသား အယောက် ၄၀ခန့် ရှိတဲ့ကျောင်းလေးတစ်ခု ဖြစ်ခဲ့ပြီး။ Nico ကတော့ ဒီကျောင်းရဲ့ ဆရာဖြစ်သလို ကျောင်းအုပ်လည်း ဖြစ်တယ်။ အယောက် ၄၀ ဆိုတာ သိပ်မများပေမယ့် ၁၂နှစ်သား တစ်ယောက်ရဲ့ စွမ်းဆောင်မှုကြောင့် အဲဒီကလေးတွေရဲ့ဘ၀ဟာ အပြောင်းလဲကြီးပြောင်းလဲခဲ့ရပါတယ်။

Nico ရဲ့ကျောင်းဟာ သာမန်တဲသာသာ အခန်းလေးတစ်ခန်းသာ ဖြစ်ပေမယ့် သူ့ရဲ့ပတ်ဝန်းကျင်ကိုတော့ အလွန်အကျိုးပြုတဲ့နေရာလေးဖြစ်တယ်။ သူ့ရဲ့ကျောင်းကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာဖို့ Nico ကြိုးစားနေတယ်။ အစပိုင်းမှာ တစ်ယောက်တည်းက အခက်အခဲဖြစ်ခဲ့ပေမယ့် သူ့ရဲ့စွမ်းဆောင်မှုကို ကြားသွားတဲ့ ပတ်ဝန်းကျင်က လူတွေနဲ့ အဖွဲ့အစည်းတွေက ကူညီခဲ့တာကြောင့် အခုဆိုရင် သူ့ရဲ့ကျောင်းလေးဟာ ကျောင်းသားတွေအတွက် ခုံတွေ ၊ စာသင်ပုန်းတွေ ၊ Locker တွေ အပြင် စာကြည့်တိုက်အသေးစားလေး တစ်ခုလည်း ရှိလာပြီဖြစ်တယ်။ ဒါ့အပြင် ကျောင်းတက်ကျောင်းဆင်းချိန်အသိပေးဖို့ ခေါင်းလောင်းတစ်လုံးကို ထားရှိတဲ့အပြင် ကျောင်းတက်တဲ့ပထမဆုံး အချိန်မှာ အာဂျင်တီးနားနိုင်ငံတော်သီချင်းကို သံပြိုင်ဆိုနိုင်ဖို့ပါ စီစဉ်ထားတယ်။ အားလုံးက Nico ရဲ့ စိတ်ကူးတွေပါ။

ဒီကျောင်းတည်ထောင်လိုက်တဲ့အတွက် Nico ဟာ သူ့ရဲ့အားလပ်ချိန် ၊ ဆော့ကစားချိန် အားလုံးကို ဒီကျောင်းအတွက်ပဲ အသုံးပြုရတော့တယ်။ သူ့ကျောင်းမှာလာတက်တဲ့ ကလေးတွေကလည်း မပြည့်စုံတဲ့သူတွေဖြစ်လေတော့ သူတို့အဆင်ပြေစေဖို့ အတန်းကို ညအချိန်မှာ ဖွင့်ရတာတွေလည်းရှိခဲ့တယ်။ သူ့ကိုယ်သူ ကျောင်းအုပ်တစ်ယောက်လို့ ခံယူထားတဲ့ Nico ဟာ သူ့ရဲ့ကျောင်းကလေး အဆင်ပြေစေဖို့ အမြဲလုံးပမ်းနေတယ်။

သူက အဖွားရဲ့အိမ်နဲ့ စက်ဘီးနဲ့လာရင် မိနစ် ၂၀ လောက်ကြာတဲ့ အကွာအဝေးမှာ နေတယ်။ မိုးရွာ ၊ နေပူ ၊ နှင်းကျ ပါစေ နေ့စဉ်နေ့တိုင်း သူ့အတန်းကျောင်းပြီးတာနဲ့ ကိုယ်ပိုင်ကျောင်းလေးဆီကို စက်ဘီးလေးနဲ့အတူ မပျက်မကွက်လာလေ့ရှိတယ်။ သူ့ရဲ့ကျောင်းမှာ သင်ခန်းစာတွေ အများကြီးကို မသင်ပေးနိုင်ပေမယ့် အင်္ဂလိပ်သဒ္ဒါ နဲ့ သင်္ချာလို အခြေခံသင်ခန်းစာတွေကိုတော့ ပိုင်ပိုင်နိုင်နိုင် သင်ပေးနိုင်တယ်။

“ကျွန်မတော့ အံသြတယ် ။ သူကျောင်းကို တစ်ခါမှ မပျက်ပဲလာတယ်။ ကလေးတစ်ယောက်အနေနဲ့ ဒီလိုလုပ်နိုင်တယ် ဆိုတာ ယုံတောင်မယုံချင်ဘူး” လို့ အဖွားဖြစ်သူ Ramona က အံသြစွာ ဆိုတယ်။

သူ့ရဲ့အကြောင်းဟာ အာဂျင်တီးနား တစ်နိုင်ငံလုံးကိုသာမက ဆိုရှယ်နက်ဝက်ပေါ်က လူတွေကိုပါ တအံတသြဖြစ်စေခဲ့တယ် ဆိုတာကို ဒီ ၁၂နှစ်သားလေး သိချင်မှသိပါလိမ့်မယ်။ သူသိထားကတော့ သူ့ကျောင်းကို ကောင်းသထက်ကောင်းအောင် ၊ သူ့ကျောင်းသားတွေကို တတ်သထက်တတ်အောင် သင်ပေးနိုင်ဖို့ ၊ အများအကျိုးကို နိုင်သလောက်ထမ်းဖို့ ကြိုးစားရမယ် ဆိုတာပါပဲ။

ဖေအောင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.