ဘဝဦးတည်ချက်ပျောက်ဆုံးနေခဲ့ရင် ၂၀၁၉ မှာ ဒီအဆင့် ၆ ဆင့်နဲ့ ရှာဖွေပါ

ဘဝကို ပြီးပြည့်စုံစေမယ့် ဦးတည်ရာ ပန်းတိုင်ဆိုတာ သင့်မှာ ရှိပါပြီလား။ မရှိသေးရင်လည်း စိတ်ဓာတ်မကျပါနဲ့ဦး။ ဘဝရဲ့ ဦးတည်ချက်ကို မတွေ့သေးသူတွေ များစွာရှိနေပါသေးတယ်။ လူအများစုက သူတို့ တကယ်ဝါသနာပါရာမဟုတ်ဘဲ အခွင့်အရေးရသလောက်သာ နေနေတတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ကို တကယ်မပျော်ရွှင်စေပါဘူး။ ဘဝမှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သေချာ မသိသေး၊ မလုပ်နိုင်ကြသေးတာကြောင့်ပါ။

ကိုယ်နဲ့ တစ်သားတည်းအဖြစ်ဆုံး ဝါသနာ၊ ရည်မှန်းချက်ကသာ ပျော်ရွှင်ခြင်းအစစ်အမှန်ကို ယူဆောင်လာပေးနိုင်တာပါ။ ဒါကြောင့် ဘဝဦးတည်ချက် ပျောက်ဆုံးနေခဲ့ရင် ၂၀၁၉ မှာ အောက်က ၆ ချက်ကို လုပ်ကြည့်ပြီး ရှာဖွေကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

(၁) ကိုယ့်အကြောင်းကိုယ်သိအောင် လုပ်ပါ.. လူတိုင်းမှာ ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲ့လို ဖြစ်ချင်တာတွေကိုပဲ စမ်းတဝါးဝါး လိုက်လုပ်နေရင် ကိုယ်နဲ့ မကိုက်တာတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဘာဖြစ်ချင်လဲဆိုတာထက် ကိုယ်က ဘယ်လိုလူလဲဆိုတာ အရင်သိအောင် လုပ်ပါ။ ကိုယ့်ရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကို သိအောင်လုပ်ပြီးရင် ဘယ်လိုနေရာမှာ အားထုတ်သင့်တယ်ဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။

(၂) စိတ်အားထက်သန်ရာက ဘာလဲ.. ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတာဟာ ဘဝရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုကို ယူဆောင်လာပေးနိုင်ပါတယ်။ တစ်ဘဝလုံး ကိုယ်စိတ်ဝင်စားရာကိုပဲ လုပ်နေရတော့မှာလေ။ အလုပ်ထဲမှာ ပျော်နေရင် အလုပ်လုပ်နေရတယ်လို့တောင် ခံစားမိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လိုအလုပ်မျိုးကို အလုပ်ချင်ဆုံးလဲဆိုတာ သိရဖို့ ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေး ပြန်မေးကြည့်ပါ။ “ဘယ်လိုအလုပ်မျိုးဆို ပိုက်ဆံမရဘဲတောင် လုပ်နိုင်လဲ” ဆိုပြီးပါ။

(၃) ကိုယ့်ကိုယ်ကို ယုံကြည်ပါ.. သင့်ရဲ့ စိတ်ထဲမှာ သင့်ကို ဘာလုပ်သင့်တယ်၊ ဘာလုပ်စေချင်တယ်ဆိုပြီး ပြောနေတဲ့ အသံတစ်ခု ရှိပါလိမ့်မယ်။ ဒါဟာ သင့်ရဲ့ အလိုလို ကြိုသိနေတဲ့ စိတ်ရဲ့ အသံဖြစ်ပါတယ်။ ဒီလိုသင့်ကို တွန်းအားပေးတဲ့ သင့်ရဲ့ တစ်စိတ်တစ်ပိုင်းကို ယုံကြည်စွာ နားထောင်လိုက်ပါ။ အခွင့်အလမ်းတွေကို ပိုမြင်လာအောင် တက်ကြွမှုတွေ ဖြစ်လာစေပါလိမ့်မယ်။

(၄) သင့်ကျွမ်းကျင်မှုနဲ့ ဆက်စပ်တဲ့ နယ်ပယ်ကို ရှာဖွေပါ.. သင်ဝါသနာပါရာ သို့မဟုတ် သင်ကျွမ်းကျင်ရာ ပညာရပ် တစ်ခုခုနဲ့ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်ဆက်စပ်နေတဲ့ နယ်ပယ်ဆိုတာ ရှိပါလိမ့်မယ်။ သင်ဟာ အဲဒီလို နယ်ပယ်မျိုးမှာ အလုပ်အကိုင် ရှာဖွေဖို့ ပိုသင့်တော်ပါလိမ့်မယ်။ ဒီလို အလုပ်မျိုးတွေက သင့်ကို အချိန်ဖြုန်းသလိုမျိုး ဘယ်တော့မှ ဖြစ်စေမှာ မဟုတ်ပါဘူး။

(၅) အကူအညီတောင်းပါ.. တစ်ခါတစ်ရံမှာ ဘေးလူတွေက ကိုယ်ကိုယ်တိုင်ထက် ကိုယ့်အကြောင်းကို ပိုသိနေတတ်ပါတယ်။ သင့်ရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေကို သိရဖို့ မိသားစုနဲ့ မိတ်ဆွေတွေကို မေးမြန်းပါ။ ကိုယ်စိတ်ဝင်စားတဲ့ နယ်ပယ်က ကျွမ်းကျင်သူတွေဆီက အကြံပြုမှုတွေ တောင်းခံပါ။

(၆) ရယ်ဒီ.. အက်ရှင်! နောက်ဆုံးအဆင့်က သင့်ဘဝမှာ ဘာဖြစ်ချင်လဲဆိုတဲ့ ဦးတည်ချက်ကို သိသွားပြီဆိုတာနဲ့ လိုအပ်တာတွေကို စတင်ပြင်ဆင်ပါတော့။ တွေးပြီး စိတ်ပူစရာ မလိုပါဘူး။ ကိုယ်လုပ်ချင်တဲ့ အလုပ်နဲ့ ပတ်သက်လို့ လေ့လာဆည်းပူးမှုတွေကို လုံးဝနောက်ပြန်မလှည့်ဘဲ လုပ်လိုက်ပါ။ သင်မသိလိုက်ခင်မှာပဲ သင့်ဘဝရဲ့ ဦးတည်ချက်လမ်းကြောင်းအမှန်ပေါ် ရောက်နေပါလိမ့်မယ်။

Ref: Naaree

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.