ရုပ်နုပေမယ့် ယောက်ျားတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတဲ့ စက်ပြင်ဆရာမလေး

အလှအပနဲ့ ဘဝဟာ ဆိုင်ချင်မှ ဆိုင်တာပါ။ တစ်ခါတလေကျပြန်တော့လည်း ဘဝက ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေရိပ်ထဲမှာ နေနေရပေမယ့် ရုပ်ကျတော့ ရဲယိုသီးကို အုတ်နီခဲနဲ့ ထုထားသလို ဘယ်ကြည့်ကြည့် မလှဖြစ်နေတတ်ပါတယ်။

တစ်ချို့ကျပြန်တော့လည်း ဘဝက နေပူစပ်ခါး ဝမ်းတစ်ပါးဝဖို့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရပေမယ့် ရုပ်ကလေးက နုထွတ်ပြီး၊ နတ်ပြည်နဲ့မှားပြီး လူလာဖြစ်လေသလားလို့တောင် ထင်မှတ်မှားရပါတယ်။ ဘဝဆိုတာ အကျိုးပေးချင်းတော့ ဘယ်တူမှာလည်းလေ။

အခုလည်း စက်ပြင်အဖြစ် အသက်မွေးဝမ်းကြောင်းပြုရတဲ့ ဖိလစ်ပိုင်မလေးကိုတော့ Pampanga မြို့မှာ အလှဆုံးစက်ပြင်ဆရာမလေး-လို့ လူတွေက ခေါ်ကြပါတယ်။ သူမရဲ့ နာမည်ကတော့ Pinay Tantin Legaspi Meneses ဖြစ်ပြီး၊ လူမှုကွန်ယက်ပေါ်မှာ စက်တွေကြိုးစားပန်းစား ပြင်နေတဲ့ ဓာတ်ပုံတွေကနေ လူချစ်လူခင်များလာတဲ့ ကောင်မလေးပါ။

အသက်ကလည်း (၂၁)နှစ်သာ ရှိသေးပြီး စက်ဆီတွေပေကျံနေတဲ့ ခန္ဓာကိုယ်နဲ့ တစ်နေကုန်တစ်နေခမ်း အလုပ်လုပ်နေရပေမယ့်၊ အဲဒီစက်ဆီမည်းမည်းတွေက သူမအလှကို ရုပ်ဆိုးသွားအောင် မဖန်းတီး မနှောက်ယှက်နိုင်ပါဘူး။ ဆက်ဆီတွေ ပေကျံနေတာတောင် ရုပ်ခံလေးက ဒီလောက် လှနေတယ်ဆိုတာ မြင်သာစေတဲ့ Pinay ဟာ တစ်ခြား မော်ဒယ်တွေ၊ မင်းသမီးတွေလိုလဲ ဓာတ်ပုံတွေ ရိုက်ရတာ ဝါသနာပါသူပါ။

သူမရဲ့ စက်ပြင်အဝတ်အစားနဲ့ မဟုတ်တဲ့ စမတ်ကျကျ Sexy ကျကျ ဓာတ်ပုံတွေကို ကြည့်ပြန်တော့လည်း စက်ပြင်မလုပ်ဘဲ မင်းသမီးလုပ်ရင်တောင် ထမင်းမငတ်မဲ့သူလို့ အမွှမ်းတင်ခံရပါတယ်။ ရုပ်ကလေးက နုထွတ်နေလို့ အလုပ်လုပ်ရာမှာ ပျော့တယ်လို့ ထင်ရင်၊ သင်မှားသွားမှာပါ။ စက်ပြင်လောကထဲမှာ သူမကလည်း ဆရာတစ်ဆူပါဘဲ။ ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး၊ လုပ်ငန်း ယုံယုံကြည်ကြည် အပ်နှံခံရသူတစ်ယောက်ပါ။

Pinay ဟာ စက်ပြင်မိသားစုမျိုးရိုးကနေ ဆင်းသက်လာသူမို့ စက်ပြင်ဘဝနဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုဖို့ အကြောင်းဖန်လာခဲ့တာပါ။ ငယ်စဉ်ကတည်းက တူတွေ၊ ခွတွေ၊ ဝက်အူရစ်တွေ၊ စက်ဆီမည်းမည်းတွေနဲ့ တရင်းတနီးဖြစ်လာခဲ့သူမို့ နီးစပ်ရာလုပ်ငန်းကို သံယောဇဉ်တွယ်မိတာ ဆန်းတော့ မဆန်းပါဘူး။

Piany ဟာ စက်ပြင်ပညာကို လူတွေ့အပြင် စာတွေ့နဲ့ပါ သင်ကြားခဲ့သူပါ။ သူမဟာ မက္ကဆီကို ဆန်းလူဝစ်မှာတည်ရှိတဲ့ TESDA Gonzalo Puyat School of Arts and Trades စက်မှုသင်တန်းကျောင်းမှာ စက်ပြင်ပညာကို ကုန်ခမ်းအောင် သင်ခဲ့ပြီး၊ အမိနိုင်ငံမှာ မိသားစုနဲ့ တစ်စိတ်တစ်ဝမ်းတည်း အသက်မွေးဝမ်းကြောင်း ပြုခဲ့ပါတယ်။ အခုဆို ဘယ်လိုကားအမျိုးအစားမဆို ကောင်းကောင်းပြင်နိုင်နေပါပြီ။ ဒါဟာ ရှားရှားပါးပါး အရည်အချင်းပါ။

ဒီလိုပဲ တစ်ခြားအသက်မွေးဝမ်းကြောင်းမှုလေးက ရှိပါသေးတယ်။ စောစောက ဖော်ပြခဲ့သလို ဓာတ်ပုံရိုက်တာ ဝါသနာပါသည့်အလျှောက် အခုဆို အလွတ်မော်ဒယ်အဖြစ်လည်း အသက်မွေးဝမ်းကြောင်းပြုနေပြီး၊ ဆုတံဆိပ်တွေ အများကြီး ရရှိထားတဲ့ Cosplayer တစ်ယောက်အဖြစ်လည်းကောင်း ရပ်တည်နေပါကြောင်း။

credit – နတ်စည်တော် (Shwemmom)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.