“ရည်းစားဟောင်းကို မေ့နိုင်မယ့် နည်းလမ်း (၁၅) ခု

အချစ်ရှိတုန်းတော့ အားလုံးအားလုံးက သာယာလှပလို့။ ဒါပေမဲ့ ရန်ဖြစ်တဲ့ အခါမှာတော့ တစ်ယောက်မျက်နှာတစ်ယောက် ဘယ်လိုကြည့်စားမရလဲတောင် မသိတော့ဘူး။

ဝမ်းနည်းမယ်။ စုံတွဲဓါတ်ပုံတွေဆုတ်ဖြဲမယ်။ အမျိုးမျိုးပေါ့။ လူအသစ်တစ်ယောက်ထပ်ရှာလိုက်လို့ပဲ အကြံပေးလိုက်ချင်တယ်။ ဟဟ!! ပိုကောင်းတဲ့လူတစ်ယောက်ကိုရှာပြီး အစားထိုးလိုက်။ အေးရော!

ရည်းစားဟောင်းကို မေ့ဖို့ဆိုတာခက်ခဲပေမဲ့ မဖြစ်နိုင်တဲ့အရာတော့မဟုတ်ဘူး။ အားလုံးက ကိုယ့်အတွေးတွေကို ပြောင်းလဲခြင်းတွေကနေ စလုပ်ရမှာ။ ပြောပြမယ်။

၁။ အရာအားလုံး ပြီးဆုံးသွားပြီးလို့ ခေါင်းထဲမှတ်

သူများတစ်နေ့နေ့ပြန်လာမလားဆိုပြီး ဆက်မျှော်လင့်နေရင်တော့ မဆုံးနိုင်ပဲ ဒီအတိုင်းဆက်ခံစားသွားရမှာ။ တစ်ခြားလူအသစ်ကို ထပ်မရှာတဲ့အတွက် သူ့ကိုမေ့မရပဲ ဖြစ်နေမယ်။

အားလုံး ပြီးဆုံးသွားပြီးဆိုတာ လက်ခံလိုက်ပါ။ ပြန်မလာနိုင်တော့မယ့်လူကို ဘယ်တော့မှ ဆက်မျှော်လင့်မနေနဲ့တော့။ မထင်လိုက်နဲ့ အဲ့ဒါကိုယုံ။

၂။ အတိတ်အမှတ်တရတွေကို ဘိုင့်ဘိုင် လို့နှုတ်ဆက်ပလိုက်

အဲ့ဒီအမှတ်တရတွေကပဲ သူ့ကိုတစ်ချိန်လုံးမေ့မရနိုင်အောင် လုပ်နေတာ။ ချစ်ခဲ့ဖူးတဲ့အချိန်တွေ လျှောက်လည်ဖူးတဲ့နေရာတွေ ဘာတွေဘာတွေအတူလုပ်ခဲ့တာတွေကိုတွေးမိလိုက်တိုင်း သူ့ကိုသတိရစိတ်တွေထိန်းလို့မရဖြစ်မယ်။

အရမ်းခံစားရမယ် သူ့ကိုပိုသတိရမိမယ်။ အဲ့ဒါကြောင့် အတူသွား အတူရှိ အတူလည်ဖူးတဲ့နေရာတွေ အတူနားထောင်ဖူးတဲ့သီချင်းတွေကို ရှောင်ပြီး သူ့ကိုမေ့ပစ်နိုင်အောင် တစ်နေရာရာမှာသွားပြီး စားချင်တာစား သွားချင်ရာသွား နေချင်သလိုနေ ဘဝကိုအသစ်ကနေ ပြန်ရပ်တည်အားယူလိုက်။

၃။ သတိရစေတဲ့ အရာအားလုံးကိုစွန့်ပစ်ပလိုက်

အတူရိုက်ဖူးတဲ့ပုံတွေ ပေးခဲ့ဖူးတဲ့လက်ဆောင်တွေ ပို့ခဲ့ဖူးတဲ့စာတွေ မျက်စိနဲ့ဝေးရာမှာ သွားထားလိုက်။ ချစ်ခဲ့ချိန်တုန်းက ဘယ်လောက်ပဲ နှစ်သက်မြတ်နိုးခဲ့ပါစေ ဆက်သိမ်းထားစရာ ဘာအကြောင်းမှမရှိတော့ဘူး။ ထုပ်ပိုးထားချင်လည်းရတယ်။

ဖြေသိမ့်နိုင်တဲ့အချိန်မှ ပြန်ယူထုတ်ကြည့်ပြီး နေရာဟောင်းမှာ ပြန်ထားချင်လည်း ထားပေါ့။ ဒါပေမဲ့ သူ့ကိုလုံးဝသွားပြန်မအပ်နဲ့။ အဲ့ဒါ သူ့ကိုတွေ့ချင်လို့ တမင်အကြောင်းရှာတဲ့ အကြောင်းပြချက်သက်သက်ပဲ။ လုံးဝမလုပ်နဲ့။

၎။ နေထိုင်နေတဲ့ အပြင်အဆင်အခင်းအကျင်းကို ပြောင်းပစ်

အဲ့ဒါကို အခွင့်ကောင်းယူပြီး အခန်းရဲ့အခင်းအကျင်းကို ပုံစံအသစ်ပြန်ချပစ်။ လူသစ်ပြန်ဖြစ်သလိုခံစားရမှာဖြစ်ပြီး အလုပ်တွေရှုပ်စေလို့ ခေါင်းလည်းစားသလို သူ့ကိုသတိရမယ့်အချိန်မရှိတော့ဘူး။ အခန်းလှလှလေးတောင် ရသွားမှာဖြစ်ပြီး နေရာထောင့် ကောင်းကောင်းတစ်ခုလုပ်။ စာဖတ် ဒါမှမဟုတ် ကိုယ်နှစ်သက်တာကိုယ်လုပ်ပေါ့။

၅။ တစ်ယောက်ကိုတစ်ယောက် မဆက်သွယ်နဲ့

တစ်နေ့နေ့ကျရင် သူ့ချစ်သူအသစ်နဲ့ ကိုယ်က သူငယ်ချင်းဖြစ်ချင် ဖြစ်နေလိမ့်မယ်။ သူ့ရဲ့ဖုန်းနံပါတ်တွေ ၊ Line တွေ Facebook တွေကို ဖျက်ပစ်။ မဟုတ်ရင် သူပဲဆက်လာမလား ၊ ကိုယ်ပဲပြန်ဆက်သွားရင် ကောင်းမလားနဲ့ ဖုန်းပဲ တစ်ကြည့်ကြည့်ဖြစ်နေမှာ။

သူဖုန်းဆက်လာလည်း မကိုင်နဲ့။ မတော်တစ်ဆ ဆုံကြရင် သွားပြီး နှုတ်ဆက်ခေါ်ပြောစရာအကြောင်းလည်း မရှိဘူး။ ခဏနေ အတိတ်ဟောင်းအနံ့တွေ ပုတ်ပွထွက်လာနေဦးမယ်။ ဘာဝမ်းနည်းဖို့လိုလဲ ပျော်ပျော်နေတာပဲကောင်းတယ်။

၆။ အတွေးလေမလွင့်အောင် အလုပ်တွေများများလုပ်

အတွေးမများရအောင်လို့ တစ်ခုခု ကိုယ်ကာယလေ့ကျင့်ခန်းတွေ ကိုယ်နှစ်သက်တဲ့အရာတွေလိုက်လုပ်။ သူ့အကြောင်းတွေနဲ့ပဲ မနစ်မြှုပ်နေတော့မယ့်အပြင် အသိပညာအသစ်တွေကိုလည်း တတ်မြောက်သွားမယ်။ အုန်းမုတ်ခွက်ထဲမှာပဲအောင်းမနေပဲ အပြင်ကမ္ဘာကြီးမှာ လွတ်လွတ်လပ်လပ်နေပလိုက်။

၇။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကဲလိုက်

သူငယ်ချင်းတွေကို ဦးဆုံးသတိရဖို့မမေ့လိုက်နဲ့။ လူလွတ်တစ်ယောက်ပဲလေ သူငယ်ချင်းတွေနဲ့ လျှောက်လည် ဟေးဟေးဟားဟား လေပစ် လေကန် ကဲကြပေါ့။

နောက်ဆုံးတော့ ကိုယ့်စိတ်ကို ဖြေသိမ့်ပေးနိုင်သူက သူငယ်ချင်းတွေပဲဖြစ်တယ်။ ပြောမရဘူး။ အဲ့ဒီလူပျို လူလွတ်လို နေရတာကိုပဲ ပျော်ချင်ပျော်သွားမှာ။ ဟဟ! တစ်ကယ် တစ်ကယ်! အရေးကြီးဆုံးက လုံးဝအခန်းမအောင်းနဲ့။

၈။ မိမိကိုယ်ကို အပြစ်မတင်နဲ့

နောက်မဟုတ်ရင် ခံစားနေရမှာ။ ပြတ်ရတဲ့အကြောင်းအရင်းက ကိုယ့်အမှားကြောင့်ဖြစ်နေပါစေ။ ကိုယ့်ကိုယ်ကို လုံးဝအပြစ်မတင်နဲ့။ အချိန်ကို နောက်ဆုတ်ပြီး ပြန်ပြင်လို့ရနိုင်တာမှ မဟုတ်တာ။ အဲ့မှာ မနစ်မွှန်းနေနဲ့။

ကိုယ့်အခြေအနေကိုယ်သိ နောက်တစ်ခါထပ်မဖြစ်အောင် သင်ခန်းစာယူ ပြောင်းလဲနိုင်အောင်ကြိုးစားလိုက်။

၉။ တစ်ယောက်ယောက်ကို ရင်ဖွင့်

ကြိတ်ခံစားနေရတော့ နေထိုင်ရခက်တာပေါ့။ ကိုယ့်အကြောင်း တစ်ယောက်ယောက်ကို ရင်ဖွင့်တာက အကြံပေးချက်ကောင်းကောင်းတွေ သူတို့ဆီကရနိုင်လိမ့်မယ်။ ဒါ့မဟုတ်လည်း ရင်ဖွင့်လိုက်တော့ အားပေးမယ့်သူ ရှိလာမယ်။ ကိုယ်ဝမ်းနည်းတဲ့ အခါကိုယ့်ခံစားချက်ကို နားထောင်ပေးမယ့် လူရှိနေသေးတယ်ဆိုတာပေါ့။

၁၀။ မိမိကိုယ်ကို ပြောင်းလဲ

ဝမ်းနည်းနေတဲ့အချိန်မှာ အရင်ကကိုယ်လုပ်ခွင့်မရခဲ့တဲ့ နှစ်သက်ခဲ့တာတွေကိုလုပ်လို့ရပြီးပေါ့။ ဘယ်လိုဆံပင်ပုံကိုညှပ်မှာလဲ ၊ ညှပ်။ အဝတ်အစားစတိုင်လ်တွေဘယ်လိုပြောင်းချင်လဲ ၊ ပြောင်း။ ဘယ်သူပြောနိုင်လဲ? ပိုချောလာပြီး သူ့ထက်အဆ ၁၀၀ သာတဲ့လူအသစ်ကို ဖူးစာမြှားနတ်မောင်က မြှားနဲ့ခွင်းချင် ခွင်းပေးမှာ။

၁၁။ သူ့ရဲ့ မကောင်းကြောင်းကို စာရွက်မှာအကုန်ချရေး

ချစ်နေတုန်းက သူရဲ့မကောင်းတဲ့စိတ်ဓါတ်တွေ ၊ ရည်းစားများတာတွေ ၊ သူ့သဘောအတိုင်း တစ်ဇွတ်ထိုးလုပ်တာတွေ အကုန်ချရေး။ ပြီးရင်ပြန်ဖက်ကြည့်။ နောက်မှ သူဟာဘာမှ စိတ်ကောင်း သူများထက်သာတဲ့လူတစ်ယောက် မဟုတ်ပဲ သူ့ထက်စိတ်ကောင်းသူတွေ ကမ္ဘာမှာ တစ်ပုံကြီးရှိသေးမှန်းသိလာလိမ့်မယ်။ မနှမြောမိအောင် ဆိုးကွက်တွေကိုပဲတွေးပစ်လိုက်။

၁၂။ ကိုယ်အတွက် သားကောင်းအသစ်ကို ရှာဖွေလိုက် ဟဟ!!

နှလုံးသားကိုဖွင့်ပြီး တစ်ခြားလူအသစ်ကိုရှာ။ သူအသစ်ရှိခြင်းက သူ့ကိုမေ့ဖို့ ပိုမြန်စေတယ်။ လူသစ်က ကိုယ့်ကို လာချစ် လာဂရုစိုက်ခြင်းက ကိုယ်ကိုတန်ဖိုးရှိသူတစ်ယောက်လို့ ခံစားစေပြီး အထီးမကျန်စေဘူးပေါ့။

မတော်ရင် ရည်စားသစ်က ရည်စားဟောင်းနဲ့နှိုင်းယှဉ်လို့ မရနိုင်အောင် တန်ဖိုးရှိနေဦးမှာ။ လုပ်ရမှာက လူအသစ်နဲ့တွေ့ဆုံခွင့်ရှိနိုင်အောင် ရင်ခွင်တံခါးကို ဖွင့်ဟထားလိုက်ရုံပဲ။

ရည်းစာဟောင်းနဲ့အသစ်က ကောင်းချက် ဆိုးချက်တွေ ကွာချင်ကွာမယ်။ တစ်ကယ်လို့ ရည်းစားအသစ်ရှိတဲ့အခါ ရည်စားသစ်ကို ရည်းစားဟောင်းနဲ့ သွားမခိုင်းနှိုင်းသင့်ဘူးနော့်။

၁၃။ ရည်စားသစ်ကို ရည်းစားဟောင်းနဲ့ သွားမခိုင်းနှိုင်းနဲ့

ကိုယ်စီမှာ ကောင်းကွက် ဆိုးကွက်တွေ ရှိကြတာချည်းပဲ။ အသစ်ကို အဟောင်းနဲ့ နှိုင်းယှဉ်နေခြင်းက အဟောင်းကိုမေ့မရနိုင်ဖြစ်စေတဲ့အပြင် လက်ရှိချစ်သူအပေါ်အမြင်ဆိုးတွေ ဖြစ်ပေါ်စေနိုင်တယ်။

အကောင်းဆုံးက လက်ရှိချစ်သူရဲ့ကောင်းချက်တွေကို စာရင်းလုပ်ပြီး ကြည့်ကြည့်။ လက်ရှိချစ်သူက သူစတိုင်လ်နဲ့သူ ကောင်းကွက်တွေအများကြီးရှိနေတာကို တွေ့ရလိမ့်မယ်။ အကောင်းတွေကို မြင်တတ်လက်ခံတတ်ရမယ်နော့်။ သိလား!!

၁၄။ ရည်စားဟောင်းကို သွားခိုးမချောင်းနဲ့

ရည်းစားဟောင်းအကြောင်းကို Facebook တွေ သူငယ်ချင်းတွေဆီကနေ သွားစုံစမ်းမနေနဲ့တော့။ သူနဲ့အဆက်ဖြတ်လိုက်တဲ့အချိန်ကစပြီး သူဟာတစ်စိမ်းတစ်ယောက်ဖြစ်သွားပြီး။

အဲ့ဒါကြောင့် သူ့ဖာသူ ဘယ်သွားသွား ရည်းစားအသစ်ဘယ်နှစ်ယောက်ထပ်ရှိရှိ ကိုယ့်ကိစ္စမဟုတ်ဘူး။ Facebook ကို ဖျက်ထုတ် ဒါ့မဟုတ်လည်း Unfollow ပလိုက်။ နောက်မဟုတ် မတော်တစ်ဆ သွားမြင်မိရင် အရင်လိုပြန်ခံစားနေရဦးမယ်။

၁၅။ မိမိကိုယ်ကိုချစ်ပါ

လူတစ်ယောက်အတွက်ကြောင့် မိမိကိုယ်ကို တန်ဖိုးမရှိသူတစ်ယောက်လို့ မမှတ်လိုက်နဲ့။ အရက်တွေသောက် ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်တဲ့နည်းတွေနဲ့ အရွဲ့မတိုက်လိုက်နဲ့။

ကိုယ့်ရဲ့တန်ဖိုးကို သိတဲ့လူတွေကိုပဲ အလေးထားရမယ်ဆိုတာ မြဲမြဲမှတ်ထားလိုက်။ ကိုယ့်တန်ဖိုး နားမလည်သူတွေကို ပစ်ထားလိုက်။ ကိုယ့်အပေါ်ကောင်းပြီး သူ့ထက်သာသူတွေ တစ်ပုံတစ်ပန်းကြီး စောင့်နေတယ်ဆိုတာ လုံးဝမမေ့လိုက်နဲ့။

RIP ရည်းစားဟောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.