World War II မှာ အတူတိုက်ပွဲဝင်၊ အိမ်ထောင်သက် (၇၀)အထိမခွဲ၊ တစ်ချိန်တည်းမှာ သေဆုံးခဲ့တဲ့စုံတွဲ

မြန်မာကဗျာဆရာ/ကာတွန်းဆရာတစ်ဦး လို့ထင်ရတဲ့ (ကလောင်အမည် မမှတ်မိ) ဆရာတစ်ဦး ရေထားတာလေးကို မှတ်မိနေတယ်။ ” မင်းမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ အတူတူ အိုမင်းရမှာကို ကိုယ်စိုးရိမ်တယ်”တဲ့။ သူရေးထားတဲ့ စာသားကိုလည်း နည်းနည်းမေ့နေလို့ အတိအကျတူချင်မှတော့ တူမှာပါ။ အဓိပ္ပါယ်ကတော့ အဲဒီသဘောပါဘဲ။

ချစ်ခြင်းမေတ္တာဆိုတာ ဘဝတစ်ခုအတွက် ရေရှည်စီမံကိန်းပါ။ တစ်ခဏတာအတွက် တန်းဖိုးမမဲ့စေချင်ဘူး။ တကယ်ချစ်သူတွေဟာ အတူတူနေရရုံတင် မက၊ အတူတူ အို၊ အတူတူ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး တစ်ဘဝခန္ဓာကို ချုပ်ငြိမ်းချင်ကြတာ ချစ်သူတိုင်းရဲ့ ဆန္ဒပါ။

အခုလည်း အိမ်ထောင်သက်(၇၀)အထိ အတူလက်တွဲလာတဲ့ သက်တော်ရှည်စုံတွဲတစ်တွဲဟာ တစ်ရက်တည်းမှာပဲ ရှေ့ဆင့်နောက်ဆင့် လူ့လောကကြီးကနေ နှုတ်ဆက်သွားပါတယ်။ သူတို့ရဲ့ သံယောဇဉ်ဟာ ဒုတိယကမ္ဘာစစ်အတွင်း အတူတူတိုက်ပွဲဝင်ရင်း စတင်ခဲ့တာပါ။

အဲဒီစုံတွဲအမည်ကတော့ Preble Staver နဲ့ Isabell Whitney တို့ ဖြစ်ပါတယ်။ Stever ကတော့ (၁၉၂၁)ခုနှစ်၊ အောက်တိုဘာ (၁၇)မှာ မွေးဖွားခဲ့သူဖြစ်ပြီး၊ Isabell ကတော့ အဲဒီနှစ် မွေးလတူဖြစ်တဲ့ အောက်တိုဘာ (၃၁)မှာ မွေးဖွားခဲ့ပါတယ်။ အသက်အားဖြင့်လည်း Stever က (၁၄)ရက်သာ ပိုကြီးပါတယ်။

အမေရိကန်နိုင်ငံ ဒုတိယကမ္ဘာစစ်အတွင်း ဝင်ပါတော့ Staver နဲ့ Isabell တို့လည်း စစ်ထဲမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ Staver ကတော့ ရေတပ်မှာ အမှုထမ်းခဲ့ပြီး၊ ကြေးတံဆိပ်သူရဲကောင်းဆု စွတ်ခူးသည်အထိ ထူးချွန်ခဲ့ပါတယ်။

Isabell က ရေကြောင်းထောက်ကူ သူနာပြုတပ်မှာ တာဝန်ထမ်းခဲ့တာပါ။ စစ်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်တဲ့ရက်က များသော်လည်း စာအဆက်အသွယ် မပြတ်ခဲ့ပါဘူး။ တွေ့ကြပြန်ရင်လည်း မခွဲချင်လောက်အောင် ချစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့တစ်တွေ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သေဆုံးချိန်မှာ သားသမီး (၅)ဦး ကျန်ရစ်ခဲ့ပြီး အကုန်လုံးကလည်း အခုဆိုရင် သေသူသေ၊ အသက်ရှင်ကျန်ရစ်သူတွေကလည်း (၆၀)ကျော် အရွယ်တွေ ရောက်နေပါပြီ။ အဖိုးအဖွားစုံတွဲဟာ လက်ထပ်ပြီးကတည်းက ဘယ်တော့မှ မခွဲတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက် စောင့်ရှောက်ခြင်းတွေနဲ့ အချိန်ကုန်ခဲ့ပါတယ်။

နောက်ဆုံး အသက်ကြီးရောဂါနဲ့ အိပ်ယာပေါ်လဲနေကြချိန်မှာတောင် တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားပြီး၊ ဘဝရဲ့နောက်ဆုံးအချိန်ထိ သတ္တိရှိစွာ ရင်ဆိုင်ဖြတ်ကျော်ခဲ့ကြတာ။ နောက်ဆုံး အသက်ထွက်ပြီး၊ ဘဝကူးချိန်မှာလည်း အချိန်အပိုင်းအခြားသာ ကြာခဲ့ပြီး၊ သူတို့ရဲ့ ချစ်ခင်မြတ်နိုးမှုတွေကို စံပြအဖြစ် ထားရှိခဲ့ပါတယ်။

CRD-လင်းဇော်ကို (MyanmarNote)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.