ကြတ်ဂူ ရုပ်ရှင်ကားကြီး ရိုက်ကူးချိန်က ထူးခြားမှုတွေကို ပြောပြတဲ့ မြင့်မြတ်

ကြတ်ဂူ ရုပ်ရှင်ကားကြီး ရိုက်ကူးချိန်က ထူးခြားမှုတွေကို ပြောပြတဲ့ မြင့်မြတ်
ကယားပြည်နယ် လွိုင်ကော်မြို့ရဲ့ ကြတ်ဂူမှာ အခြေတည်ပြီး ရိုက်ကူးထားတဲ့ ကြတ်ဂူ ရုပ်ရှင်းကားကြီးကတော့ အခုတလော လူပြောများနေပါတယ်။

trailer ထွက်ရှိလာချိန်မှာတော့ ထူးခြားတဲ့ ဇာတ်အိမ်ဖွဲ့စည်းမှုတွေကြား ပရိသတ်တွေ စီးမျောသွားပါတယ်။ ကယားဒေသ အလှအပတွေနဲ့ ရိုးရာဓလေ့ကို ရိုက်ကူးထားတဲ့ ကြတ်ဂူရုပ်ရှင်ကားကြီးက ကယားဒေသအတွက် ဂုဏ်ယူစရာလို့ ဆိုရပါမယ်။

ကြတ်ဂူရုပ်ရှင်ကားကြီးမှာတော့ လူမင်း ၊ ထွန်းအိန္ဒြာဗိုလ်၊ မြင့်မြတ် ၊ အိန္ဒြာကျော်ဇင် ၊ ကျော်ထက်အောင်နဲ့ အခြားသော အနုပညာရှင်တွေ ပါဝင်ထားပါတယ်။ ရုပ်ရှင်ထဲက ကာရိုက်တာနဲ့ ကားရိုက်ကူးစဉ် ထူးထူးခြားခြား ကြုံတွေ့ရပုံတွေကို မြင့်မြတ်က ခုလို ပြောပြပါတယ်။

“ကျွန်တော့် ကာရိုက်တာကတော့ အမဲလိုက်တာ။ အဖေကလည်း မုဆိုး။ မွေးလာတဲ့ အချိန်ကျတော့လည်း အဖေ့ရဲ့ ခြေရာကို တစ်ထပ်တည်း နင်းတဲ့သား။ ကောင်းတာကို ယူတာ မဟုတ်ဘူး။ ဆိုးတာကို ယူပြီး အဖေနဲ့ တစ်ထပ်တည်းတူတဲ့ ကာရိုက်တာမျိုး။

ခါတိုင်းဇာတ်ကားတွေလို ကြမ်းကြမ်းတမ်းတမ်း သရုပ်ဆောင်တယ် ဆိုပေမဲ့ ပုံစံချင်းရော ပေးတဲ့ မက်ဆေ့ခ်ျချင်းရော မတူဘူးပေါ့နော်။ အဲ့ကားမှာကျတော့ ဆိုးသွမ်း မိုက်ရိုင်းတာတော့ မဟုတ်ဘူး။ ဒီလိုပဲ နယ်ဒေသမှာ နေတယ်။ အဲဒီမှာတင် ကြီးပြင်းတယ်။ အဖေကလည်း အမဲလိုက်လုပ်ငန်း လုပ်တယ်။ ကိုယ်ကလည်း ဒီအလုပ်ကိုပဲ လုပ်တတ်တယ်။ ဒီလိုသတ်နေရရင်ကို ပျော်တာဗျ။ အဲ့လို ကာရိုက်တာမျိုးလေးပါ။” လို့ ဆိုပါတယ်။

ကြတ်ဂူက နတ်ကြီးတယ်ဆိုတဲ့ အကြောင်းလည်း မြင့်မြတ်က ခုလို ပြောပြပါတယ်။“ထူးဆန်းတာတွေက အများကြီးပဲ။ ကြတ်ဂူက ဝင်သွားရင်လည်း အနက်ကြီးပဲ။ ဂူဆုံးအောင်ထိ ရောက်အောင်မှ မလျှောက်ခဲ့ကြပါဘူး။ ရုပ်ရှင်ရိုက်တဲ့ နေရာ အဲ့ထပ် ခပ်လှမ်းလှမ်းနေရာတွေလောက်ပဲ ကျွန်တော်တို့ သွားတာ။ တော်တော်သွားတာတောင်မှ အဲ့ဂူက မဆုံးဘူး။ အရမ်းနက်တယ်။

အဲ့နယ်မြေတွေက နတ်ကြီးတယ်ဗျ။ နတ်ကြီးတဲ့အတွက် အမှိုက်လေးတွေတောင် ပစ်မချရဲဘူး။ ကွမ်းစားရင်တောင် ကွမ်းတံတွေး လျှောက်မထွေးရဲဘူး။ နတ်ကြီးတယ်လို့လည်း ပတ်ဝန်းကျင်က ပြောတော့ စိုးရိမ်တာပေါ့။

အဲ့မှာ သားသတ်လွတ်ပဲ စားတယ်။ တစ်ခုခု ကိုယ့်ကြောင့် အမှားအယွင်း ဖြစ်သွားမှာစိုးလို့ အပေါ့အပါးကအစ မသွားဘဲ အောင့်ထားကြတာ။ သောက်တတ် စားတတ်သူတွေတောင် မသောက်ရဲကြဘူး။” ဆိုပြီး ကြောက်ခဲ့ရပုံတွေကို ပြောပြပါတယ်။

ကားရိုက်နေတုန်း ထူးဆန်းတာတွေ ဖြစ်ခဲ့ရကြောင်းလည်း ခုလိုမျိုး ပြန်ပြောင်းပြောပြပါတယ်။“ထူးထူးခြားခြား ဖြစ်တာတစ်ခုက ကြက်ကို လည်လှီးပြီး အရှင်လတ်လတ် သစ်ပစ်လိုက်လို့ မသတ်သင့်ဘူးပြောတဲ့ scene ရိုက်ဖို့ ကျွန်တော် ညနေစောင်းလောက်လေးမှာ လယ်ကွင်းကြီးထဲက ထန်းရည်ဆိုင်လေးမှာ တည်တယ်။

အဲ့ကြက်ကို သတ်ဖို့လုပ်တယ်။ အဲ့အချိန်မှာ မိုးတွေ ရွာလာတယ်။ ရှုတင် ပျက်သွားတယ်။ နောက်ရက် အဲ့ကြက်နဲ့ပဲ သတ်ဖို့ ထပ်လုပ်တယ်။ မိုးတွေ ရွာလာလို့ ရှုတင်ပျက်သွားတယ်။ သုံးရက်လောက်လည်းနေရော သံသယ ဝင်လာတယ်။ မဟုတ်တော့ ဘူးဆိုပြီး။ အဲ့ဒါနဲ့ပဲ အဲ့ကြက်ကို မသတ်ပဲ နောက်ကြက်နဲ့ အစားထိုးပြီး ရိုက်လိုက်ရတာ ရှိတယ်။ တော်တော်လေး ထူးထူးဆန်းဆန်း ဖြစ်ခဲ့တာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

မြင့်မြတ်ရဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ ကြားရတာနဲ့တင် ကြတ်ဂူရုပ်ရှင်ကားကို ကြည့်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါပြီ။ ပရိသတ်ကြီးကရော ကြတ်ဂူ ရုံတင်မယ့် နိုဝင်ဘာ ၁၆ ရက်နေ့ကျရင် သွားကြည့်မှာလား။

joker gyi
Burmese asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.