ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်တော့မယ်ဆိုရင် စဉ်းစားသင့်တဲ့အချက် (7) ချက်

(1) အမှန်တကယ် စွန့်စားလုပ်ကိုင်နိုင်ပါ့မလား သေချာစဉ်းစားပါ။

သင်ဟာ အလုပ်တစ်ခုခုက ထွက်လိုက်ပြီး နောက်အလုပ်သစ်တစ်ခုကို ရှာရဖွေရခက်ခဲလို့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တာဆိုရင်တော့ မလုပ်ပါနဲ့လို့ပဲ ပြောပါရစေ။ အားစိုက်ရှာဖွေပြီး အလုပ်သစ်ရတာထက် ကိုယ်ပိုင်လုပ်ငန်းထူထောင်တာက ပိုခက်ခဲပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်လုပ်ငန်းတစ်ခုခု စတော့မယ်ဆိုရင် စဉ်းစားရမယ့် အချက်တွေရှိပါသေးတယ်။ သင့်ကို ဘယ်သူကမှ ဘာလုပ်ပါလို့ လာပြောမှာမဟုတ်ပါဘူး ( သင့်ရဲ့ customer တွေက လွဲလို့ပေါ့)။ သင်ဟာ ကိုယ့်ကိုယ်ကို တွန်းအားပေးဖို့ အနစ်နာခံပေးဆပ်ရတာ များများလုပ်ဖို့ လိုပါတယ်။ ပြီးတော့ အလုပ်စပြီဆိုတာနဲ့ ရေရှည်ခိုင်မြဲဖို့ အမြဲကြိုးစားအားထုတ်နေရမှာပါ။
_________________________

(2) ဘယ်လိုအလုပ်မျိုးကို လုပ်ချင်တာလဲဆိုတာ ဆုံးဖြတ်ပါ။

အဖွဲ့အစည်းနဲ့လား .. တကိုယ်တော်လား? Service ပေးမယ့်အပိုင်းလား .. ထုတ်လုပ်ဖြန့်ချိမယ့်အပိုင်းလား? အပြင်မှာ လက်လီလက်ကားရောင်းမှာလား .. online မှာပဲရောင်းမလား? စသဖြင့် လုပ်ငန်းအမျိုးအစားတွေအများကြီးရှိသလို သူ့ကောင်းကွက်နဲ့သူ သူ့အားနည်းချက်နဲ့သူ ရှိပါတယ်။
_________________________

(3) ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းလေ့လာပါ။

အရေးအကြီးဆုံး သတိရနေသင့်တာကတော့ သင်ဟာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု အစပျိုးနေတာဖြစ်ပြီး ပြိုင်ပွဲဝင်နေတာ မဟုတ်ဘူးဆိုတာပါပဲ။ လောတတ်တဲ့သူတွေဟာ အချိန်ကောင်းကောင်းယူတတ်တဲ့သူတွေထက်စာရင် ပိုပြီးအထိနာတတ်ကြပါတယ်။ ခြေတလှမ်းသာရင် ပိုပြီး အကျိုးအမြတ်ရတယ်ဆိုတာ သင်လည်း ကြားဖူးမှာပါ။ product တစ်ခုခုကို သူများထက် လက်ဦးမှုရယူတဲ့ အကြံဥာဏ်ဟာ ကောင်းပေမယ့် လုပ်ငန်းအသေးစားတွေအတွက် ဝန်ကြီးလွန်းလှပြီး အဆင်မပြေနိုင်ပါဘူး။ ရင်းနှီးမြှုပ်နှံတာများသွားရင်လည်း အဖိုးတန်အရင်းအမြစ်တွေကို ဖြုန်းတီးရာရောက်ပါတယ်။ ဒါကြောင့် ပိုကောင်းတဲ့နည်းကတော့ သင်သိသမျှကို သေချာလေ့လာတာပါပဲ။ တခြားသူတွေ ဘာလုပ်နေသလဲ? ဘာလိုယှဉ်ပြိုင်မှုမျိုးဖြစ်လာနိုင်သလဲ? သုံးစွဲသူတွေ ဖောက်သည်တွေဟာ သင့်ရဲ့ product ကို မသုံးဘဲ တခြား အစားထိုးစရာဘာတွေကို သုံးနိုင်သလဲ? သက့်ရဲ့ product တွေကရော တကယ့် ပြဿနာတွေကို ဖြေရှင်းပေးနိုင်သလား? တစ်နှစ် နှစ်နှစ်စာတင်မဟုတ်ဘဲ နောက်ရေရှည်မှာရော လိုအပ်မှုမြင့်မားလာနိုင်သလား? စတဲ့ အချက်တွေအားလုံးအပေါ်မှာ ကွဲကွဲပြားပြားနားလည်သိမြင်ပြီးမှ အလုပ်စတာကောင်းပါတယ်။
_________________________

(4) Business plan ကို သတ်သတ်မှတ်မှတ်ရေးဆွဲပါ။

အလုပ်တကယ်မစခင်မှာ Business plan ကို တွေးရုံတင်မဟုတ်ဘဲ ချရေးပါ။ သင်တစ်ယောက်တည်းလုပ်မှာဆိုရင်တောင်မှ ချရေးသင့်တဲ့အကြောင်းကတော့ သင်ဟာ အောင်မြင်နိုင်တဲ့ အခွင့်အရေး ခိုင်ခိုင်မာမာ လိုချင်လာတဲ့အခါ ဒီလိုရေးတာဟာ သင့်အတွက် အရေးကြီးတဲ့မေးခွန်းတွေဖြေလာအောင် တွန်းအားပေးနိုင်လို့ပါ။ Business plan ဟာ သိပ်အရှည်ကြီးမဖြစ်ရဘဲ အောက်က အချက်တွေကိုလည်း cover ဖြစ်နေရပါမယ်။

– သင့်အလုပ်ရဲ့ ရည်ရွယ်ချက်ကဘာလဲ?

– သင့်ရဲ့ ဖောက်သည်တွေက ဘယ်သူလဲ?

– သင့်ရဲ့ product ဒါမှမဟုတ် service ဟာ ဘယ်လို ပြဿနာကို ဖြေရှင်းနိုင်မှာလဲ?

– ဘယ်သူက ပြိုင်ဘက်ဖြစ်လာနိုင်ပြီး သင့်ရဲ့ product / service ရဲ့ အဓိက အားသာချက်ကရော ဘာဖြစ်နိုင်မလဲ?

– ဘယ်လောက်ဈေးနှုန်းနဲ့ ဘယ်နေရာ ဘယ်ဈေးကွက်မှာရောင်းပြီး ဘာတွေက အထောက်အကူပြုနိုင်သလဲ?

– နောက် သုံးနှစ်ကနေ ငါးနှစ်လောက်အထိ သင့်ရဲ့ ငွေရေးကြေးရေးအစီအစဉ်က ဘာဖြစ်နိုင်မလဲ?
_________________________

(5) Business Structure ကို ရွေးချယ်ပါ။

အခွန်အခ ငွေရေးကြေးရေးပိုင်းနဲ့ ပတ်သက်ပြီး အုတ်မြစ်ချတာဟာ ဘယ်အပိုင်းမှ စမလုပ်ရသေးခင်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ လုပ်ငန်းရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အကျိုးသက်ရောက်မှု အရမ်းများပါတယ်။ ကိုယ့်လုပ်ငန်းရဲ့ structure ဟာ tradition cooperation လား S-cooperation လား LLC လား စသဖြင့် ဆုံးဖြတ်လိုက်တာဟာ နောက်ပိုင်း အခွန်အခပိုင်းဆိုင်ရာတွေမှာ ရေရှည်အကျိုးသက်ရောက်မှာမို့လို့ပါပဲ။
_________________________

(6) အသင်းအဖွဲ့ ဖွဲ့စည်းပါ။

သင့်ရဲ့ အဖွဲ့မှာ ပါဝင်တဲ့သူအများစုက အလုပ်သမားတွေဆိုရင်တော့ ပိုတွေးသင့်တာတွေရှိပါတယ်။ ရှေ့နေ စာရင်းကိုင် အာမခံပိုင်းဆိုင်ရာအကြံပေး စတဲ့သူတွေကို သင်လိုအပ်မှာပါ။ ဒါ့အပြင် အလုပ်ကို မကြေညာသေးခင် အစပျိုးချိန်မှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကူတစ်ယောက်လည်း လိုအပ်လာနိုင်ပါတယ်။
_________________________

(7) စာရွက်စာတမ်းတွေကို သေချာကိုင်တွယ်စီမံပါ။

အလုပ်တစ်ခုစပြီဆိုတာနဲ့ စာရွက်စာတမ်းကိစ္စတွေက ပါလာမှာအသေအချာပါပဲ။

– သင့်ရဲ့ နယ်မြေက အစိုးရပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေ လိုင်စင်တွေ register လုပ်တဲ့အပိုင်းတွေအတွက် ဖောင်တွေဖြည့်ဖို့ ရုံးတွေကို မေးမြန်းစုံစမ်းရပါမယ်။

-အသိဥာဏ်ပိုင်းဆိုင်ရာ မူပိုင်ခွင့်က သင့်အတွက်အရေးကြီးတယ်ဆိုရင်လည်း ချက်ချင်း မူပိုင်ခွင့်ရအောင် ဆောင်ရွက်ပါ။ မူပိုင်ခွင့်တွေ ကိုယ်ပိုင်အမှတ်တံဆိပ်တွေ ရအောင် ငွေကုန်ကြေးကျခံရတယ်ဆိုပေမယ့် ပြဿနာတစ်စုံတစ်ရာ အတိုက်အခံတစ်ခုခု ကြုံရင် ကိုယ့်ဘက်က တစ်ပန်းသာပါတယ်။

– Operation ပိုင်းမစရသေးခင်မှာ သင့်အတွက်အဆင်ပြေနိုင်တဲ့ လုပ်ငန်းအာမခံလည်း ယူထားသင့်ပါတယ်။
_________________________

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.