All posts by Chan Maye Aung

အောင်မြင်မှု အတွက် ကြိုးပမ်းရာမှာ လိုက်နာသင့်သည့် အချက် (၅) ချက်

အခြားလူများနှင့် တွဲဖက်လုပ်ဆောင်တတ်ရပါမယ်
ဘဝ ပန်းတိုင် သို့ လျှောက်လှမ်းရာမှာ ပိုမို မြန်ဆန်စွာ တိုးတက်ချင်သူများအတွက် ပေါင်းသင်းဆက်ဆံရေး နည်းလမ်းများနှင့် လိုက်နာထားရှိသင့်သော စိတ်ဓာတ်များဖြစ်ပါသည်။
ပူးပေါင်းဆောင်ရွက်မှု
အလုပ် လုပ် ရာတွင် တစ်ဖက်လူအပေါ် ယုံကြည်သင့်သလောက် ယုံကြည်တတ်ဖို့ လိုပါသည်။ အလုပ် ကိစ္စတင် မဟုတ်ဘဲ အခြား လူမှုရေးကိစ္စများတွင် အခြားလူများနှင့် တွဲဖက်လုပ်ဆောင်တတ်ရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက်အကြား ရှိသင့်သည့် အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှု ရှိလျှင် အလုပ်အတွက် အားစိုက်ထုတ်ပြီး ညီညွှတ်မှု ရှိသည့်အတွက် အလုပ်မြန်မြန်ပြီး၍ မိမိ ကြံစည်ထားသမျှလည်း အောင်မြင်နိုင်ပါသည်။
ကိုယ်နှုတ် အမူအရာစောင့်စည်းမှု
မိမိပြောချင်ရာ စကားကို လက်လွှတ်စပယ်ပြောခြင်းမျိုး မပြုသင့်ဘဲ တစ်ဖက်လူ စိတ်ဝင်စားမှုကို အရင် လေ့လာသင့်ပါသည်။ ပြီးမှ မိမိပြောချင်သည့် အကြောင်းအရာကို ဆက်စပ် ပြောဆိုသင့်ပါသည်။ လူတစ်ယောက်အကြောင်းကို ဂဃနဏသိအောင် သေချာ မလေ့လာဘဲနှင့် ထိုလူနှင့် တရင်းတနှီး ပြောဆိုဆက်ဆံခြင်း မပြုသင့်သလို မိမိအကြောင်း မသိသူအား မိမိအလုပ် နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္ဂ္စများကို ဖွင့်ဟပြောဆိုတိုင်ပင်ခြင်းမျိုး မပြုသင့်ပါဘူး။ ထို့ပြင် လူတစ်ယောက်အကြောင်း မည်မျှပင် သိထားသည်ဖြစ်စေ မိမိအား ထိုလူအကြောင်း မမေးမြန်းဘဲနှင့် ပြောခြင်း၊ အပြုသဘောဆောင်သော စကားဖြစ်ဖြစ်၊ အပျက်သဘောဆောင်သော စကားဖြစ်ဖြစ် ပြောသင့်၊ မပြောသင့် မစဉ်းစားဘဲ ပြောဆိုခြင်းမျိုးကို မပြုသင့်ပါဘူး။ အနေအထိုင် သိုသိုသိပ်သိပ်ဖြင့် အမြဲတမ်း နိုးနိုးကြားကြားရှိပြီး ဆင်ဆင်ခြင်ခြင် နေသင့်ပါသည်။
မိမိရည်မှန်းချက်ခိုင်မာမှု
ဘဝတစ်လျှောက် အခြားလူတွေရဲ့ အားပေးမှု၊ လူကြိုက်များမှု၊ မြောက်ပင့် ပြောဆိုမှုတွေ နောက် မလိုက်ဘဲ မိမိလုပ်သင့် လုပ်ထိုက်သည်များကို အမှန်အတိုင်း လုပ်ဆောင်တတ်ရပါမည်။ မိမိ အောင်မြင်မှုပန်းတိုင်ကို ပြတ်ပြတ်သားသားသိပြီး လမ်းတစ်ဝက်မှာ စိတ်မယိမ်းယိုင်ဘဲ ပန်းတိုင်ကို တန်းတန်းမတ်မတ် ရောက်အောင် သွားတတ်ရပါမည်။ မိမိ ကိုယ်စွမ်း ကိုယ်စနှင့် ကျွမ်းကျင်မှု တို့ကို မိမိ ကိုယ်တိုင်က အကြွင်းမဲ့ယုံကြည်မှု ရှိနေအောင် အမြဲတမ်း ကြိုးစားနေရပါမည်။
အကူအညီ
သူတစ်ပါးက ပေးသည့် အကူအညီကို မလိုအပ်ဘဲ လက်မခံသင့်သလို သူတစ်ပါးက အကူအညီမတောင်းဘဲ မိမိဆန္ဒဖြင့် အတင်း ဝင်ကူညီတာမျိုးကိုလည်း မပြုသင့်ပါဘူး။ နောက်ပြီး တစ်ဖက်လူ မိမိကို နှစ်သက်စေချင်၊ မိမိကို ပိုခင်မင်စေချင်သည့် စိတ်ဖြင့် မဆောင်ရွက်ဘဲ မိမိ စိတ်ထဲက တကယ်ပါမှ စေတနာသန့်သန့်ဖြင့် ကူညီဆောင်ရွက်ပေးပါ။ မိမိ၏ ဖြူစင်သည့် စေတနာကို အလွဲသုံးစား လုပ်တတ်တဲ့သူတွေကို ရှောင်ကြဉ်တတ်ဖို့လည်း လိုအပ်ပါတယ်။ အခြားသူတွေရဲ့ မှန်ကန်သည့် စေတနာကို အလွဲသုံးစားလုပ်ခြင်းမျိုး မပြုသင့်ပါဘူး။ မိမိဆန္ဒ မပါရင်တောင် တန်ဖိုးထားပြီး အထိုက်အလျောက် လေးစားသမှု ရှိရပါမည်။
ဂုဏ်သိက္ခာ
မိမိ တန်ဖိုးထား၊ မြတ်နိုးသည့် အရာများကို အခြားသူတစ်ယောက်က စော်ကားခြင်း၊ ဂုဏ်သိက္ခာတွေကို ထိပါးလာခြင်းကို လက်မခံသင့်၊ စကားဖြင့် ပြောဆိုခွင့်ကိုတောင် မပေးထားသင့်ပါဘူး။ မိမိကိုယ်ကို၊ မိမိ ပြုသမျှအလုပ် နှင့် အဆင့်အတန်းကို ကိုယ်တိုင် တန်ဖိုးထားတတ်ဖို့ အရေးကြီးပါတယ်။
Source : Entrepreneur

ဂျပန်တွေ သိပ်လိုချင်နေကြတဲ့ တန်ဖိုးကြီးမားတဲ့ ရခိုင်ကနေပူတောင်

နေပူတောင်ကျောက်သည် ထုံးကျောက်အမျိုးအစားတွင် ပါဝင်သည်။ အပေါ်ယံကျောက်စ၊ ကျောက်နများ ကိုကြည့်၍ နို့နှစ်ရောင်၊ ကျောက်ညိုရောင်၊ အုန်းခွံရောင်နှင့် ချော့ကလက်အရောင်များအဖြစ် အကြမ်းဖျင်း ခွဲခြားနိုင်သည်။ ကျောက်လွှာများသည် အညိုရောင်၊ အဖြူရောင်၊ နီညိုရောင်၊ နက်ပြာရောင်၊ ချော့ကလက်ရောင်ရင့်ရင့်စသည်ဖြင့် အကြောလွှာများ ဖြာထွက်နေသည်မှာ ကျောက်သား၏အလှကို ပဏာရစေပါသည်။

ကျောက်သားများထဲတွင် ယှေလကျောက် (Copper Cretaceous)၊ သဲကျောက် (Agillaceous)၊ ကယ်လ်စီယမ်ကာဗွန်နိတ်၊ အလူမီနီယံအောက်ဆိုဒ်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ ဆိုဒီယံမိုနောက်ဆိုဒ် အစရှိသော ဒြပ်ပေါင်းများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ ယှေလကျောက်သည် နှစ်သန်း(၇၀)မှ (၁၃၅)သန်းနှင့် သဲကျောက်သည် နှစ်(၂၅)သန်းမှ သန်း(၆၀)ကျောက်များ ဖြစ်ကြောင်း သိရသည်။

နေပူတောင် လမ်းခင်းကျောက်
၁၉၆၂-ခု၊ မတ်လ (၂)ရက်နေ့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီ အာဏာသိမ်းချိန်အထိ တောင်ဂုတ်တောင်ကြားလမ်းသည် လှည်းလမ်းသာသာရှိခဲ့သည်။ နွေရာသီ၌ ချက်ပလက်အင်ဂျင်သုံးကား၊ ဒေါ့ဂျက်ခေါင်းတိုကားများ သုံးည၊ လေးညခန့်အိပ်၍ ဖြတ်သန်းစပြုလာသည်။ ဆင်အုပ်ကြီးများနှင့် လူသားစား ကိုးတောင်ကျားကြီးများ၏ အန္တရာယ်ကား ကြီးမားလွန်းလှ၏။ ဒုတိယ ကမ္ဘာစစ် အင်္ဂလိပ်တို့ အိန္ဒိယသို့အဆုတ်၊ ဂျပန်အဝင် ဗမာပြည်မှ ပြေးလာကြသော ကုလားမျိုးစုံ (အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ) ရာပေါင်း၊ ထောင်ပေါင်းများစွာသည် အုပ်စုလိုက်၊ အဖွဲ့လိုက် တောင်ဂုတ်တောင် ကြားလမ်းတလျှောက် ရိုးမကိုကျော်ဖြတ်ကြသည်။ ရိုးမကျားကြီးများသည် ထိုစဉ်ကပင် လူသားအရသာ ကို ကောင်းမှန်းသိပြီး ၀၀ကြီးစားဖူးခဲ့ကြသည်။

ထို့ကြောင့် နောက်ပိုင်းဒေသခံတို့ လှည်းအုပ်၊ နွားအုပ်ကြီးများနှင့် ကူးသန်းသွားလာကြသောအခါ သတိကြီးစွာထား၍ ကာကွယ်သွားလာခဲ့ကြသည်။ ကျွန်ုပ်ဖခင်၏ တောင်ကြားခရမ်းလမ်းကို စက်ဘီးဖြင့်ဖြတ်သန်း အတွေ့အကြုံများအား ထိတ်လန့်ရင်ဖိုဖွယ် နားထောင်ခဲ့ရဘူးသည်။ ကျားနှင့်ရင်ဆိုင်တွေ့ရပုံ၊ သုံးလေးရက်ခရီး သစ်ပင်မြင့်မြင့်ပေါ် လင့်စင်ထိုး၍ အိပ်ရပုံတို့မှာ မဟာစွန့်စားခန်းကြီးများပင်။

၁၉၆၃-ခုနှစ် စာသင်နှစ်မှစ၍ တောင်ကုတ်အထက်တန်းကျောင်းကြီး စဖွင့်ခဲ့သည်။ နောက်ထပ် (၅)နှစ် (၆)နှစ်ခန့်လောက်တွင် ကျယ်လောင်ပြင်းထန်သော ပေါက်ကွဲသံကြီးများသည် ဆရာ/ဆရာမများနှင့် ကျောင်းတော်သူ၊ကျောင်းတော်သားတို့ကို မကြာမကြာ အထိတ်တလန့် ဖြစ်စေခဲ့၏။ မိုင်(၃၀)ခန့်အကွာ ရိုးမတောင်ပေါ်မှ ပျံ့လွင့်လာသော မိုင်းဗုံးခွဲသံကို နှစ်စဉ်ဆက်တိုက် ကြားနေခဲ့ကြရ သည်။ မိုင်းခွဲသံကြားတိုင်း “အဝေ့…နေပူတောင်က၊ အဝေ့…နေပူတောင်က”ဆိုသော အာမေဋိတ်ဖြင့် နေပူတောင်ကို ကျွမ်းဝင်နေပြီး ဖြစ်ခဲ့ကြသည်။

ရခိုင်ရိုးမတောင်တန်းသည် တွန့်ခေါက်တောင်တန်းကြီးဖြစ်သည်။ အနည်ကျကျောက်များဖြင့် ဖွဲ့စည်းထားသဖြင့် အပေါ်ယံမြေလွှာကို သည်းထန်သော ရခိုင်မိုးက တိုက်စားသည်။ အမြဲစိမ်းသစ်တော၊ ဝါးတောကြီးများ ထူထပ်စွာ ပေါက်ရောက်ခဲ့သည်။ ငယ်စဉ်ဘဝက ရိုးမကို ဒေါ့ဂျစ်ခေါင်းတိုကားဖြင့် လည်းကောင်း၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးကော်ပိုရေးရှင်းပိုင် အာရ်တီစီဆိုသော ကားများဖြင့် လည်းကောင်း ဖြတ်ဘူးခဲ့သည်။

စိမ်းလန်းစိုပြေသော ရိုးမ၏ အအေးဓါတ်ကြောင့် မိုးတိမ်တိုက်ကြီးတို့သည့် မြင့်မြင့်မားမား မရွေ့လျားနိုင်ခဲ့ကြချေ။ အမြင့်ပေ (၂၀၀၀)ကျော်၊ (၃၀၀၀)ကြားလောက်သော ရိုးမကားလမ်းပေါ်မှ တောင်အောက်ခြေ၌ မိုးရွာနေသည်ကို မြင်ဖူးခဲ့သည်။ တစ်ခါတစ်ရံ ကောင်းကင်မှလေယာဉ်ပျံတို့ မိုးတိမ်တိုက်ကိုဖောက်ထွက်လာမှုအား ရိုးကျော်ကားများ ကြုံတွေ့ရ၏။ မြူဆိုင်းလွန်းသဖြင့် ကားရပ်၍ အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့ရသည်လည်း ရှိသည်။

တောင်ကုတ်တောင်ကြားလမ်းမြေ၏ အောက်ခံကို (၁၀)လက်မ၊ (၉)လက်မမှသည် အားလူးကျောက်ခေါ် အရွယ်အစားအတိမျိုးစုံ၊ဆိုဒ်စုံကျောက်ဖြင့် အမာခံပြုရသည်။ ဘေးရေနှုတ်မြောင်းများ ဖောက်ရသည်။ လမ်းခင်းကျောက်များ ရှာဖွေစုဆောင်းထုခွဲ၍ ကျင်းဖွဲ့ထားရသည်။ တောတောင်၊ လျှိုမြောင်၊ ချောက်ကမ်းပါး အစရှိသည်သို့ လမ်းခင်းကျောက်များအတွက် လမ်းဖောက်ရသည်။ စရိတ်ဝင်သည်။ လက်ဝင်သည်။ ပင်ပန်းခက်ခဲ လွန်းခဲ့ကြသည်။

နေပူတောင်သို့ (၂)မိုင်ကျော်ခန့်ခရီးကို လမ်းဖောက်၊ မိုင်းခွဲ၊ ကျောက်ထု၊ ကျင်းဖွဲ့၊ လမ်းဘေးပုံကတည်းက စရိတ်မဝင်၊ လက်မဝင်၊ ပင်ပန်းခက်ခဲမှု လျော့ပါးသွားခဲ့ကြပြီ ဖြစ်၏။ တောင်ဂုတ်တောင်ကြားလမ်း၏ နေရာအစိတ်အပိုင်းတော်တော်များများသည် ကြွေထည်ရောင် ပြောင်လက်နေ၏။ မာဘဲလ်ကျောက်၏ တန်ဖိုးကို မသိ၍ပင်လော၊ သိသိကြီးနှင့် အသုံးမပြုတတ်၍ပင်လော ဆိုသည်ကို ထိုခေတ် ထိုအခါက နိုင်ငံဝန်ထမ်း ဦးဆောင်ဦးရွက်ပြုသူ ခေါင်းဆောင်ကြီးများသာ သိကြပေရော့မည်။

စစ်အာဏာသိမ်း ခေါင်းဆောင်ကြီးများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းတည်ဆောက်သည်။ စစ်တိုင်းကြီးများဖွဲ့၍ အုပ်ချုပ်နေရာမှ တိုင်း(၇)တိုင်း၊ ပြည်နယ် (၇)ပြည်နယ်ခွဲ၍ ပြည်ထောင်စု အမည်ခံသည်။ ရခိုင်ရိုးမ အရှေ့ဖက်ခြမ်း ဆင်တဲ၊ ဥသျှစ်ပင်၊ ထုံးဘို၊ ကမြိုင် အစရှိသည်ဖြင့် ရိုးတောင်ခြေအရှေ့ဘက်ခြမ်းတွင် ကာကွယ်ရေး စစ်လက်နက်ပစ္စည်းစက်ရုံများ၊ အကြီးစား စက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများ အစီအရီ တည်ဆောက်လာသည်။ ဂျပန်နှင့် ဂျာမန်လူမျိုး ပညာရှင်များ ရောက်ရှိလာသည်။

နေပူတောင် မာဘဲလ်ကျောက် အဖိုးတန်ပုံကို ထိုထိုသော လူမျိုးတို့ပြောပြမှ သိခဲ့ရသလောဟု မေးခွန်းထုတ်စရာ ဖြစ်ခဲ့၏။ ဂျပန်လူမျိုးတို့ ကမ္ဘာကျော်ငပလီသို့ ရေချိုးဆင်းရန် တောင်ကုတ်တောင်ကြားလမ်းကို ဖြတ်ကြပြီ။ ရိုးမတောင်ပေါ်မှ အေးမြသော အတွေ့အထိနှင့် ပဿဒဖြစ်ဖွယ်ရှုခင်းတို့ကို တွေ့ထိခံစားနိုင်ကြရန် ကားများကို လမ်းဘေးရပ်၍ ဆင်းလျှောက်ကြသည်။

ထိုစဉ်က ရခိုင်ရိုးမတောင်ကြောကြီးတစ်ခုလုံး သစ်တော၊ ဝါးတောကြီးများ ထူထပ်စွာ ပေါက်ရောက်နေ သည်။ လူသုံးလေးယောက်ဖက် လုံးပတ်ခန့်ကြီးများပြီး ခေါင်းပေါင်းကျွတ်မျှ မော်ကြည့်ရသော အဖိုးတန်သစ်ပင်ကြီးများကိုကြည့်ကာ ပြည်တွင်းထုတ်ကုန်အမျိုးမျိုးအဖြစ် ဝေဖန်သုံးသပ်ကြသည်။ စိတ်ကူးဖြင့် စက္ကူစက်ရုံကြီးများ တည်ဆောက်ကြသည်။ တောင်စဉ်၊ တောင်ကြားတစ်လျှောက် ဒလဟောစီးဆင်းပြီး မြစ်ချောင်း၊ သမုဒ္ဒရာကြီးအထိ စီးဝင်သွားသော မိုးရေများကိုကြည့်ကာ စိတ်မှန်းဖြင့် ရေကာတာကြီးများဆည်၍ မိုးရေဂါလံပမာဏကိုလည်း မှန်းဆကြသည်။

ကြွေထည်ရောင်ပေါက်နေသော ရိုးမလမ်းကို အာရုံစူးစိုက်မိသည်။ လမ်းဘေးထုခွဲ စုပုံထားသော ကျောက်စကျောက်နများကို ကောက်ယူသုံးသပ်သည်။ ဤမာဘဲလ်ကျောက်များ အဘယ် အရပ်က ထွက်ရှိသနည်း။ စူးစမ်းလိုအသိဖြင့် နေပူတောင်ရှိရာသို့ ကားများဖြင့် ဝင်ကြည့်သည်။

မာဘဲလ်ကျောက်ဆောင်ကြီးကို မိုင်းဖြင့်ခွဲ၍ အရွယ်အစားဆိုဒ်စုံ ထုဆစ်နေကြသည်ကို မြင်တွေ့ရသောအခါ ရင်ဘတ်ကိုထု၍ ပြေးထွက်လာကြသည်။ ကျောက်စနမူနာများကို ကောက်ယူပြီး ဂျပန်သံရုံးမှတစ်ဆင့် သူ့နိုင်ငံဂျပန်သို့ အမြန်ဆုံးပို့သည်။ မာဘဲလ်ကျောက် ဝယ်ယူရေးကိုယ်စားလှယ်များ အပြေးအလွှား ရောက်လာ ကြသည်။ အပေါ်ယံမျက်မြင် အနေအထားကို ကြည့်ရှုသည်။ သုံးသပ်ပိုင်းဖြတ်၍ ဝယ်ယူရရှိရေး ကမ်းလှမ်း သည်။ ဒေါ်လာကုဋေပေါင်းများစွာ တန်သည် ဟူသတတ်။

အရောင်းအဝယ်၊ အလျှော့အတင်း၊ အညှိအနှိုင်း
၁၉၇၀-ပြည့်လွန် တစ်နှစ်ခန့်ဖြစ်မည်။ ဗိုလ်တစ်ထောင်သတင်းစာ၏ ရှေ့မျက်နှာဖုံး၌ လက်မဝက်ခန့် စာလုံးမဲကြီးဖြင့် “ပြည်ခရိုင်၊ ပန်းတောင်းမြို့အပိုင် မိုင်(၇၀)အကွာ ရခိုင်ရိုးမပေါ်မှာတွေ့ရှိ၊ ဒေါ်လာ ကုဋေ(၉၀၀)တန်ဖိုးရှိ နေပူတောင်မာဘဲလ်ကျောက်ဆောင်ကြီး”ဟု ပါရှိလာသည်။ ပြည်ခရိုင်၊ ပန်းတောင်းမြို့အပိုင် မိုင်(၇၀)အကွာဟုဆိုသဖြင့် ကျွန်ုပ်တို့ မြို့နယ်တွင်း မိုင်(၃၀)ခန့်အကွာက မိုင်းခွဲ၊ ကျောက်ထု၊ လမ်းခင်းနေသော နေပူတောင်မဖြစ်နိုင်။ အခြားနေပူတောင်တစ်ခုသာဟု မှတ်ယူခဲ့ကြသည်။ အမှန်မှာ ကျွန်ုပ်တို့ မြို့နယ်အပိုင် နေပူတောင်မှ နေပူတောင်အစစ်ပင်ဖြစ်၏။

၁၉၇၃-၇၄ တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းကာ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ စစ်ဗိုလ်ကြီးများကို ဘောင်းဘီချွတ်ခိုင်းကာ အရပ်ဝတ် ဝတ်စေပြီး ပြည်နယ်ပါတီကောင်စီထိပ်ပိုင်းဥက္ကဌ၊ အတွင်းရေးမှူးနေရာများကို ယူခိုင်းထားသည်။ အလယ်အလတ်ပိုင်းနှင့် အောက်ခြေပိုင်းတွင် နိုင်ငံရေးကို သိနားလည်ခြင်းမရှိသူ သို့မဟုတ် သိနားလည်သော်လည်း လူကြီးလုပ်စားရန် ရွေးစရာ လမ်းမရှိသဖြင့် ပါဝင်သူ အများစုဖြစ်သည်။ ရွေးစရာလမ်းမရှိသဖြင့် ရနိုင်သမျှလောက်တော့ မြို့နယ်အကျိုးကို ဆောင်ရွက်ရန်ဟူသော အကြောင်းပြချက်ဖြင့် ပါဝင်သူတစ်ရာခိုင်နှုန်းမျှပင် ပြည့်ချေမည်မဟုတ်။

မည်သို့ဆိုစေကာမူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်ခံထားသဖြင့် မြို့နယ်အကျိုးအတွက် တောင်းဆိုမှုပြုခဲ့သူတို့ကား ရှိတော့ရှိ၏။ လက်ချိုးရေတွက်၍ ရ၏။ တစ်ဖက်မှ နေပူတောင်ကို ဈေးဖြတ်ဝယ်ယူနိုင်ရေးအတွက် ဂျပန်တို့ကကြိုးစားကြသည်။

နေပူတောင်ကျောက် ဒေါ်လာများစွာတန်ဖိုးရှိသည်ဟု ဆိုလိုက်သည်နှင့် အောက်ခြေမှပုဂ္ဂိုလ်တစ်ချို့က လမ်းဘေး၌စုပုံထားသော နေပူတောင်အနွယ်ဝင် ကျောက်တုံးကျောက်ခဲကိုမဆို မည်သူတစ်ဦးတစ်ယောက်မျှ မကောက်ရ၊ မကိုင်ရ၊ မသယ်ဆောင်ရ။ ကျောက်ပုံအနီး ကားမရပ်ရဟူ၍ နှုတ်မိန့်ထုတ်ကြသည် ဆိုသတတ်။

မကြာမြင့်မီကာလအတွင်း ထိုစဉ်က ဂျပန်ဝန်ကြီးချုပ်တာနာကာ ဦးဆောင်သော နေပူတောင် မာဘဲလ်ကျောက် ဝယ်ယူရေးအဖွဲ့ ရောက်ရှိလာခဲ့ကြောင်း ကြားလိုက်ရသည်။ တစ်ပါတီစစ်အာဏာရှင်အုပ်ချုပ်မှုအောက်တွင် သတင်းစကားစများ ပျံ့လွင့်ထွက်လာသည်။ ထို့အတွက်ကြောင့် အဘယ်မျှလောက်ထိ မှန်ကန်မည်ဆိုသည်ကို စံတစ်ခုထား၍တော့ မရနိုင်ပေ။

ဂျပန်ဝန်ကြီးချုပ် တာနာကာက ဝယ်ယူရေးအတွက် ညှိုနှိုင်းပြောဆိုကြရာတွင် ဂျပန်နှင့်မြန်မာသည် ယခုမှ ထိတွေ့ဆက်ဆံကြရသည်မဟုတ်။ လွန်ခဲ့သော (၁၇)ရာစု အလယ်ခန့်လောက်ကပင် ဂျပန်လူမျိုး ဆာမူရိုင်းစစ်သည်များ ရခိုင်ဘုရင်ထံ စစ်မှုထမ်းခဲ့ကြကြောင်း ပါဝင်သည်ဟုဆိုသည်။ ဂျပန်ဝန်ကြီးချုပ် တာနာကာက နေပူတောင် မျက်မြင်အရှိ ကျောက်တစ်ဆောင်လုံးကိုတွက်ချက်ပြီး ဝယ်ယူရေးစာချုပ် ချုပ်လိုသည်။

သက်ဆိုင်ရာ မြန်မာအစိုးရဘက်မှ လက်မခံသဖြင့် နောက်ဆုံး လေးပုံတစ်ပုံ အရောင်းအဝယ်ပြုလုပ်ရန် သဘောတူကြကြောင်း သိရှိရသည်။ ထိုစဉ်က ကာလပေါက်ဈေး (၁)ကုဗမီတာလျှင် (၁၂၉၈ိ/ ၄ဝါး)ဖြင့် တွက်ချက်လျှင် အမေရိကန်ဒေါ်လာ သန်း(၉၀၀၀)ရှိသည်ဟု သိရ၏။ မြေလွှာပေါ်ထိုးထွက်နေသော မျက်မြင်အရှိ ကျောက်သားကုဗပေမှာ (၃၄၉)သန်း၊ (၂)သိန်း၊ (၃)သောင်း၊ (၇)ထောင်၊ (၅)ရာရှိကြောင်း ဆို၏။

မြန်မာ၊ ဂျပန် ရောင်းသူနှင့်ဝယ်သူတို့ အပြန်အလှန် အလျှော့အတင်း အကျိုးအမြတ် ညှိနှိုင်းကြသည်။ ဂျပန်က ဝယ်ယူခွင့်ရရှိသော လေးပုံတစ်ပုံကို တောင်ကုတ်မှသံတွဲ မေရိုးဘေးသင်္ဘောဆိပ်သို့ ရထားလမ်းဖောက်မည်။ ထိုမှ သင်္ဘောကြီးများနှင့် ဂျပန်သို့ ပို့ဆောင်မည်ဟု ဆိုသည်။ မြန်မာဘက်မှ ဧရာဝတီမြစ်ကူးတံတား ထိုးပေးစေလိုသည်။ ပြီးမှ ပြည်မြို့မှ ရန်ကုန်သို့ ရထားလမ်းပိုင်း တိုးတက်ကောင်းမွန်အောင် ပြုလပ်စေပြီး ကြည့်မြင်တိုင်ဆိပ်ကမ်းမှ ဂျပန်သို့ သယ်ယူကြစေလိုသည်။

ဂျပန်တို့ အလိုကျဆိုလျှင် ခရီးတိုနှင့် သင်္ဘောပေါ်သို့ရောက်ရှိပြီး ကုန်ကျစရိတ်သက်သာကာ အကျိုးအမြတ်ပို၍ရှိမည်။ ဒေသခံတို့ အလိုအရဆိုလျှင် တောင်ကုတ်-သံတွဲဒေသ၏ ဖွံ့ဖြိုးရေးကို မြင်တွေ့နိုင်မည်။ မြန်မာတို့အလိုအရ ထိုစဉ်က မြစ်ကြီးများကို ကူးဖြတ်သော တံတားဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်မျှသာ ဖြစ်သဖြင့် ဂျပန်တို့၏ မာဘဲလ်ကျောက် မက်မောလိုချင်မှုကို အခြေပြု၍ ပြည်-ရန်ကုန်လမ်းတစ်လျှောက်လုံး၏ ဖွံ့ဖြိုးမှုကို ရအောင်ယူလိုဟန်တူသည်။

ဂျပန်တို့သည် နေပူတောင်ကျောက်ကို လိုချင်လွန်းသဖြင့် မဆလ စစ်အစိုးရ၏ လိုလားမှုမှန်သမျှကို လိုက်လျောကာ လေးပုံတစ်ပုံဝယ်ယူရေး စာချုပ် ချုပ်ဆိုလိုက်ကြကြောင်း ကြားသိလိုက်ရ၏။ သို့သော် ဂျပန်ဝန်ကြီးချုပ် တာနာကာ ဂျပန်သို့ပြန်ရောက်ပြီး မကြာခင်အတွင်း ထိုစဉ်က ပြင်သစ်ပိုင် လော့ဟိလေယာဉ်ကုမ္ပဏီမှ လာဘ်စားမှုဖြင့် ပြုတ်သွားသည်ဆို၏။ နောက်တက်လာသော ဂျပန်အစိုးရသစ်မှ တာနာကာနှင့်ချုပ်ဆိုခဲ့သော စာချုပ်အတိုင်း ဝယ်ယူရေးကို ဆက်လက် လုပ်ဆောင်ရန်ရှိသော်လည်း ဧရာဝတီမြစ်ကူးတံတားကိုမူ မြန်မာအစိုးရက ထက်ဝက်ကျခံရန် အဆိုပြုကြောင်းကြားရသည်။

ထိုစဉ်က အစိုးရသည်လည်း တစ်ပါတီစစ်အာဏာရှင် အရပ်သားတစ်ပိုင်း အစိုးရသာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းနှင့် ပြည်တွင်းစစ် မီးတောက်မီးလျှံကြား ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံဘဝသို့ လျှောဆင်းနေပြီဖြစ်၏။ ထို့ကြောင့် မြစ်ကူးတံတားကုန်ကျစရိတ်ကို ကျခံနိုင်ခြင်းမရှိသဖြင့် နေပူတောင် မာဘဲလ်ကျောက်အရောင်းအဝယ် ရပ်ဆိုင်းသွားခဲ့ရလေတော့သည်။

ဦးမြင့်ဆွေမောင် (ဝိဇ္ဇာ-သမိုင်း)
ဘွဲ့ယူမှတ်ပုံတင်အမှတ် – ၇၈၃၉၇(၇၈/၇၉)
ထောင်ဝင်အမှတ် – ၅၃၁၇/စီ (၈၆/၈၈)
#ကျမ်းကိုးစာရင်း
မြန်မာနိုင်ငံသမိုင်းမစတင်မီခေတ်
လွန်ခဲ့သော နှစ်သန်း (၁၆၀)က မြန်မာပြည်
ဘူမိဗေဒ သုတေသနဂျာနယ်
နေပူတောင်အလှဆင်ကျောက်-လင်းနောင်(တောင်ကုတ်)
ရခိုင်ပြည်နယ် ပထဝီအနေအထား
ဘဝတစ်သက်တာ မှတ်တမ်း
မြန်မာပို့စ်ဂျာနယ်

ထာဝရအကောင်းဆုံး လက်ဝှေ့သမား ၁၀ ဦး

လက်ဝှေ့သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး လက်ဝှေ့သမား(မြန်မာ့ရိုးရာလက်ဝှေ့မဟုတ်ပါ၊ Boxer ဖြစ်ပါတယ်)တွေကို ရွေးချယ်ရတာ အငြင်းပွားစရာ အကြောင်အရာတစ်ရပ်ပါ။ ဘာလို့လဲဆိုတော့ ကြိုးဝိုင်းထဲမှာ အသည်းမာမာ၊ ဇွဲပါပါနဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် ထိုးသတ်နိုင်ခဲ့တဲ့ လက်ဝှေ့သမား မရေတွက်နိုင်အောင် ရှိခဲ့လို့ပါပဲ။ လက်ဝှေ့လောကမှာ ထိုးသတ်ဟန်ကလည်း ထည့်သွင်းစဉ်းစားစရာ အကြောင်းအရာတစ်ရပ်ပါ။

အဲဒီအတွက် ထူးခြားတဲ့ ထိုးသတ်ဟန်ရှိပြီး လက်စွမ်းပြနိုင်ခဲ့တဲ့ ထိပ်တန်းလက်ဝှေ့သမား ၁၀ ယောက်ကို ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။ လက်ဝှေ့အားကစားဟာ ခွန်အား၊ သတ္တိ၊ ကြံ့ခိုင်မှု၊ အသည်းမာတာ စတဲ့အချက်တွေကို ပေါင်းစပ်ထားတဲ့ ကစားနည်းတစ်ရပ်ပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း လက်ဝှေ့လောကရဲ့ ဆင့်ကဲပြောင်းလဲမှုမှာ ပါဝါလက်သီးတွေထိုးပြီး အနိုင်ယူဖို့ ကြိုးစားရာကနေ အရှောင်အတိမ်းနဲ့ အမှတ်ရအောင်ယူပြီး ထိုးသတ်တဲ့ပုံစံ ပြောင်းလဲသွားတာ တွေ့ရပါတယ်။ လက်ဝှေ့သမိုင်းမှာ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေရှိခဲ့တဲ့ ပွဲပေါင်းလည်း မနည်းပါဘူး။ အဲဒီလို အနေအထားမှာ ပရိသတ်တွေနဲ့ အကြိုက်ချင်းတူမယ်လို့ ယူဆရတဲ့ လက်ဝှေ့သမား ၁၀ ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

1- ထာဝရအကောင်းဆုံး လက်ဝှေ့သမားအဖြစ် ရွေးချယ်စရာကတော့ မိုဟာမက်အလီအပြင် တခြားလက်ဝှေ့သမားမရှိပါဘူး။ ဟဲဗီးဝိတ်တန်းမှာ ဂျိုးဖရေဇာ၊ ဂျော့ဖိုမင်တို့ ခေတ်ကောင်းနေချိန်မှာ သူတို့နှစ်ဦးကို အနိုင်ယူနိုင်ခဲ့သူပါ။ အလွှမ်းမိုးနိုင်ဆုံး အားကစားတစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။ ကြောက်ခမန်းလိလိ စွမ်းဆောင်နိုင်တဲ့ လက်ဝှေ့သမားတစ်ယောက်လို့ ဆိုနိုင်သလို အကောင်းဆုံး ဖျော်ဖြေနိုင်စွမ်းရှိသူတစ်ယောက်လို့လည်း သတ်မှတ်ရမယ့်သူပါ။ ဝေဖန်ရေးသမားအများစုကတော့ သူ့ကို ထာဝရအကောင်းဆုံး လက်ဝှေ့သမားအဖြစ် သတ်မှတ်ကြပါတယ်။

2- ထာဝရအကောင်းဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမားတစ်ယောက်လို့ သတ်မှတ်ခံရသူပါ။ ၁၉၃၇ ခုနှစ်ကနေ ၁၉၄၉ ခုနှစ်ကနေ ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့ပြီး အသန့်ရှင်းဆုံး၊ အရိုးသားဆုံး လက်ဝှေ့သမားအဖြစ်လည်း နာမည်ကျော်ကြားပါတယ်။ လက်ဝှေ့အားကစားကို လောင်းကစား အကျိုးအမြတ်အတွက် ခြယ်လှယ်နေတဲ့ ကာလအတွင်း အဲဒီလို သတ်မှတ်ခံရဖို့က တော်တန်ရုံ မဟုတ်ပါဘူး။

သူဟာ အခွန်ဆောင်ရမယ့် ကြွေးကျန် အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ ကျန်ရှိနလို့ လက်ဝှေ့လောကကနေ အနားယူသွားပြီးမှ ကြိုးဝိုင်းထဲ တစ်ကျော့ပြန်ဝင်ခဲ့ရပါတယ်။ ကြိုးဝိုင်းထဲ ပြန်ဝင်လာပြီးချိန်မှာတောင် နာမည်ကျော်လက်ဝှေ့သမား ရော့ကီမာစီယာနိုကို
အနိုင်ယူခဲ့ဖူးပါတယ်။

3- ဖိလစ်ပိုင်နိုင်ငံက ထွန်းတောက်လာတဲ့ လက်ဝှေ့သမားပါ။ နိုင်ငံရေးသမား၊ သရုပ်ဆောင်မင်းသား၊ အဆိုတော် စတဲ့ ဘွဲ့ထူးတွေလည်း ပိုင်ဆိုင်ပါတယ်။ မတူညီတဲ့ ဝိတ်တန်းတွေမှာ ထိုးသတ်ပြီး လွှမ်းမိုးနိုင်ခဲ့တဲ့အတွက် ထာဝရအကောင်းဆုံး လက်ဝှေ့သမားစာရင်း ပါဝင်ခဲ့တာပါ။ ပက်ကွီအိုဟာ မတူညီတဲ့ ဝိတ်တန်း ၈ ခုမှာ ကမ္ဘာ့ချန်ပီယံ ၁၀ ကြိမ် ဖြစ်ခဲ့သူပါ။ လိုက်ဖလိုင်းဝိတ်တန်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ပက်ကွီအိုဟာ
မတူညီတဲ့ ဝိတ်တန်းတွေမှာ ထိုးသတ်ရင်း Ring Magazine ရဲ့ နံပါတ် ၁ အလွတ်တန်း လက်ဝှေ့သမားဖြစ်ခဲ့ပါတယ်။ ပက်ကွီအိုဟာ မက္ကဆီကို ထိပ်တန်းလက်ဝှေ့သမားတွေကို အနိုင်ယူခဲ့လို့ အမေရိကန်နိုင်ငံမှာ နာမည်ကျော်ကြားလာခဲ့ပြီး ထိုးသတ်ကြေးအများဆုံးရတဲ့ လက်ဝှေ့သမား ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ မေဝယ်သာကို ရှုံးနိမ့်ခဲ့ပါတယ်။ အခကြေးငွေ ပေးချေ ကြည့်ရှုသူ ၄.၄ သန်းရှိခဲ့ပြီး အဲဒီပွဲစဉ်ဟာ
လက်ဝှေ့သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

4- ဆူဂါရေးရော်ဘင်ဆန်ကို လက်ဝှေ့ဝေဖန်သူ တော်တော်များများက အကောင်းဆုံး အလွတ်တန်းလက်ဝှေ့သမားအဖြစ် သတ်မှတ်ကြပါတယ်။ သူက အရမ်းမြန်တဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ ၁၉၉၀ ပြည့်နှစ်က နာမည်ကျော်လက်ဝှေ့သမားပြခန်း(Boxing Hall of Fame)မှာ ပါဝင်ခဲ့သူပါ။ အပျော်တမ်းလက်ဝှေ့သမားဘဝမှာ ၈၅ ပွဲထိုး၊ ၈၅ ပွဲအနိုင်ရခဲ့ပြီး ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝမှာလည်း ၉၁ ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်း ပိုင်ဆိုင်ခဲ့ပါတယ်။ ပွဲ ၂၀၀ ထိုးသတ်ခဲ့ရာမှာ အလဲထိုးနိုင်ပွဲ ၁၀၈ ပွဲ အပါအဝင် ၁၇၃ ပွဲအနိုင်ရခဲ့ပြီး လက်ဝှေ့သမားဘဝကနေ အနားယူသွားခဲ့သူပါ။

5- လူတော်တော်များများက မိုက်တိုင်ဆန်ကို အကြမ်းတမ်းဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမား တစ်ယောက်အဖြစ် သတ်မှတ်ကြပါတယ်။ ကြောက်မက်ဖွယ် ဂုဏ်သတင်း ကျော်ဇောသူဖြစ်ပြီး အရှောင်အတိမ်းမြန်မြန်၊ တုံ့ပြန်မှုကောင်းကောင်း၊ လက်သီးချက်သွက်သွက် ထိုးသတ်နိုင်လို့လည်း အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ဆွတ်ခူးခဲ့သူပါ။ ပထမဆုံးပွဲစဉ် ၁၉ ပွဲကို အလဲထိုးအနိုင်ယူနိုင်ခဲ့လို့ အချိန်တိုအတွင်းမှာပဲ ပရိသတ်တွေ မျက်စိကျခဲ့ပါတယ်။ သူဟာ ၁၉၈၆ ခုနှစ်က ထရီဗာဘာဘစ်ကို ၂ ချီတည်းနဲ့ အလဲထိုးပြီး အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့ပါတယ်။
နောက်တစ်နှစ်အကြာမှာ WBA နဲ့ IBF ဟဲဗီးဝိတ်ရွှေခါးပတ်တွေ ဆွတ်ခူးနိုင်ခဲ့ပြီး IBF၊ WBC နဲ့ WBC ရွှေခါးပတ်တွေ ဆက်တိုက်ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ဟဲဗီးဝိတ်လက်ဝှေ့သမားဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ်မှာ မိုက်တိုင်ဆန်ကို ဖျက်မြင်းအဆင့်သာ သတ်မှတ်ခံရတဲ့ ဘက်စတာဒေါက်ဂလက်စ်က အနိုင်ယူခဲ့ဖူးပါတယ်။

မိုက်တိုင်ဆန်ဟာ အဓမ္မပြုကျင့်မှုနဲ့ စီရင်ချက်ချခံခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာ ကြိုးဝိုင်းထဲ ပြန်ဝင်ခဲ့ပြီး ဟိုလီဖီးနဲ့ ထိုးသတ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ရဲ့ ၁၁ ချီအရောက်မှာ ဒိုင်ပွဲရပ်နဲ့ မိုက်တိုင်ဆန် ရှုံးနိမ့်ခဲ့ပြီး စိတ်မကျေနပ်ပွဲ ပြန်ထိုးရာမှာတော့ ဟိုလီဖီးရဲ့ နားရွက်ကို ကိုက်ဖြတ်ခဲ့လို့ ပွဲကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ်က အသက် ၃၅ နှစ်အရွယ်မှာ လင်းနော့ဇ်လူးဝစ်နဲ့ ထိုးသတ်ရာမှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ
လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။

6- ”ကျောက်သားလက်”လို့ နာမည်ပြောင်ရထားသူပါ။ သမိုင်းတစ်လျှောက် လိုက်ဝိတ်တန်းမှာ အကောင်းဆုံး လက်ဝှေ့သမားတစ်ယောက်ဖြစ်ပြီး လိုက်ဝိတ်ကနေ မစ်ဒယ်ဝိတ်အထိ မတူညီတဲ့ ဝိတ်တန်း ၄ ခုမှာ ထိုးသတ်နိုင်သူပါ။ ဆယ်စုနှစ်ငါးခုအတွင်း လက်ဝှေ့ထိုးနိုင်ခဲ့တဲ့ ဒုတိယမြောက် လက်ဝှေ့သမားဖြစ်ပါတယ်။

7- ထာဝရအကောင်းဆုံး လက်ဝှေ့သမားလို့ သတ်မှတ်ကြတဲ့ မိုဟာမက်အလီရဲ့ အကြိတ်အနယ် အရှိဆုံးပြိုင်ဘက်က ဂျိုးဖရေဇာပါပဲ။အိုလံပစ် ရွှေတံဆိပ်ဆုရှင်ဖြစ်ပြီး ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးသူပါ။ ဒဏ္ဍာရီထဲကအတိုင်း လက်ဝှေ့သမားတွေကို လေ့ကျင့်ပေးလို့နာမည်ကျော်ကြားတဲ့ လက်ဝှေ့နည်းပြ အက်ဒီဖက်ခ်ျရဲ့ အထင်ရှားဆုံး တပည့်တစ်ဦးကို ပြပါဆိုရင်တော့ ဂျိုးဖရေဇာကိုပဲ ပြရမှာပါ။ ခန္ဓာကိုယ်ထဲ ပစ်သွင်းတဲ့ လက်သီးချက်တွေ၊ တရစပ်ထိုးနှက်ချက်တွေ၊ သြချရလောက်တဲ့ သက်လုံပိုင်းတွေကြောင့်လည်း နာမည်ကြီးပါတယ်။ မိုဟာမက်အလီကိုတောင် တစ်ပွဲအနိုင်ရခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ မိုဟာမက်အလီနဲ့ ဂျိုးဖရေဇာတို့ရဲ့ စိတ်မကျေပွဲက သမိုင်းဝင်ပွဲစဉ်ပါပဲ။

8- ဇရာထောင်းနေပေမယ့် ထိပ်တန်းလက်ဝှေ့သမားတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိလို့ သူ့ကို ဒီစာရင်းမှာ ရွေးချယ်ခဲ့တာပါ။ ဘားနက်ဟော့ကင်ဟာ အသက် ၅၁ နှစ်အရွယ်အထိ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် နာမည်ကျော်ကစားသမားတွေကို ရင်ဆိုင်ထိုးသတ်နိုင်စွမ်းရှိတုန်းပါပဲ။ ကမ္ဘာ့ချန်ပီယံရှစ် ပြိုင်ပွဲမှာ အနိုင်ရတဲ့ အသက်ကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်ထားတဲ့ ဂျော့ဖိုမင်ရဲ့ စံချိန်က ဘားနက်ဟော့ကင်က ချိုးဖျက်ခဲ့တာပါ။ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်ကအထိ ကမ္ဘာ့မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့သူပါ။

9- မက္ကဆီကိုလက်ဝှေ့သမားတွေက အသည်းမာတယ်လို့ ကျော်ကြား သူတွေပါ။ ဂျူလီယိုဆီဆာချာဗက်ဇ်ကတော့ မက္ကဆီကို လက်ဝှေ့သမားတွေ အသည်းမာတဲ့ ပြယုဂ်ပါပဲ။ ၁၉၈၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အထိ လက်ဝှေ့ထိုးခဲ့ပြီး ဟိုယာ၊ တေလာ၊ ကာမာချိုတို့နဲ့ ထိုးသတ်ခဲ့ဖူးပါတယ်။ ချာဗက်ဇ်ဟာ ၁၃ နှစ်အတွင်း ၈၇ ပွဲ ဆက်တိုက် နိုင်ပွဲဆက်မှုကြောင့် နာမည်ကျော်ကြားသလို စိတ်လှုပ်ရှားစရာ လက်ဝှေ့ပွဲတွေကြောင့်လည်း နာမည်ကျော်ကြားသူပါ။ နည်းစနစ်ကောင်းပြီး ပါဝါလက်သီးချက်တွေကြောင့် ပရိသတ်တွေ သတိထားမိခဲ့သူပါ။ ဘယ်ဝိုက်လက်သီးနဲ့ ပွဲသိမ်းနိုင်သူဖြစ်ပြီး မာကျောတဲ့ပြိုင်ဘက်တွေနဲ့ လက်သီးချင်း ယှဉ်ထိုးနိုင်စွမ်းရှိသူပါ။ သူဟာ ၁၉၈၄ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်ကြား ဝိတ်တန်း ၃ ခုမှာ ကမ္ဘာ့ချန်ပီယံခါးပတ် ၆ ခုဆွတ်ခူးခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ လောလောဆယ်တော့ သားဖြစ်သူ ချာဗက်ဂျူနီယာရဲ့နည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

10- ဖယ်သာဝိတ်တန်းမှာ ဆရာတစ်ဆူဖြစ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသူ တစ်ယောက်ပါ။ ကျွမ်းကျင်မှုက ညက်ညောပါတယ်။ ၁၉၄၀ ပြည့်နှစ်ကနေ ၆၀ ပြည့်နှစ်တွေအထိ လက်ဝှေ့ထိုးသတ်ခဲ့ပြီး အလဲထိုး နိုင်ပွဲ ၆၅ ပွဲ အပါအဝင် နိုင်ပွဲ ၂၂၉ ပွဲ ရှိခဲ့ပါတယ်။ ဒီနေ့ခေတ် လက်ဝှေ့သမားတွေထဲမှာ သူနဲ့ပုံစံတူတာ ပက်ကွီအို၊ ကယ်ဒါရွန်တို့ပါပဲ။ ခြေထောက်အရွှေ့အပြောင်း၊ ချိန်သားကိုက် လှုပ်ရှားမှု၊ လက်သီးချက် မြန်ဆန်နှုန်းတွေက မှတ်သားလောက်စရာ စွမ်းဆောင်မှုတွေပါ။ မတော်တဆမှုတစ်ခုကြောင့် လက်ဝှေ့လောကကနေ အနားယူခဲ့ပြီး ၂၀၀၆ ခုနှစ်က အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Post by Kaung Khant

လောကမှာအကောင်းဆုံးခင်ပွန်းဆိုတာ သင့်အတွက် ဒီ (၁၅) ချက်ကို လုပ်ပေးတဲ့သူပါ

သင့်ခင်ပွန်းရဲ့ အားနည်းချက်တွေ၊ အပြစ်တွေ၊ အသေးအမွှား ကိစ္စလေးတွေကို အပြစ်တင်နေမယ့်အစား သူဟာ သင့်အတွက်ဘာတွေလုပ်ပေးနေလဲဆိုတာကိုသာ အာရုံစိုက်ကြည့်လိုက်ပါ။ သင့်ခင်ပွန်းဟာ သင့်ဘဝအတွက် အရေးပါဆုံးသူတစ်ယောက်ဖြစ်သလို၊ ဒီလိုအရာတွေကို သင့်အတွက်လုပ်ပေးတယ်ဆိုရင် လောကမှာအကောင်းဆုံး ခင်ပွန်းကို ပိုင်ဆိုင်ထားသူအဖြစ် ကိုယ့်ကိုယ်ကိုဂုဏ်ယူလိုက်ပါ။

(၁) သင့်ကို အရာရာပုံအပ်တယ်
သင်ဘာလုပ်လုပ်သံသယ မရှိတဲ့သူပါ။

(၂) သင့်အပေါ်ကို သစ္စာရှိတယ်

သင်မသိအောင် ကွယ်ဝှက်ထားတာမျိုး မရှိပါဘူး။ သူနဲ့ ပတ်သက်ပြီးအရာအားလုံးကို သင်လွတ်လွတ်လပ်လပ် ကြည့်မြင်နိုင်ပါတယ်။

(၃) သင်ကြိုက်တဲ့အရာတွေကိုသိတယ်
သင်ကြိုက်တဲ့ အစားအစာကိုသိတယ်၊ သင်ကြိုက်တဲ့ ဇာတ်ကားတွေကိုသိတယ်၊ သင့်ရဲ့ဝါသနာကို ကောင်းကောင်းသိတယ်။

(၄) ကိုယ်ပိုင်အချိန်ပေးတယ်
သင့်သူငယ်ချင်းတွေနဲ့ အပြင်သွားချင်တဲ့အခါမျိုး၊ ဆံပင်သွားညှပ်ချင်တဲ့အခါမျိုး၊ တစ်ယောက်တည်း ရုပ်ရှင်ကြည့်ချင်တဲ့အခါမျိုးမှာ သင့်ကိုလွတ်လွတ်လပ်လပ် ခွင့်ပြုထားသူပါ။ တစ်ခါတလေ သင်တစ်ယောက်တည်း နေချင်တဲ့ အခါတွေလည်းရှိတယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။

(၅) အားလပ်ရက်တွေမှာ သင့်ကိုအချိန်ပေးတယ်
သင့်ဘဝရဲ့ အရေးကြီးတဲ့နေ့တွေ၊ အားလပ်ရက်တွေမှာ သင့်အတွက် ပျော်ရွှင်စရာ အစီအစဉ်လေးတွေ စီစဉ်ထားတတ်သူပါ။

(၆) အားပေးတယ်
သင့်ကိုသင် မုန်းတဲ့စကားမျိုးကို သူလက်မခံပါဘူး။ သင့်ကိုသင် ယုံကြည်မှုရှိလာအောင်၊ သင်အားငယ်နေတဲ့အချိန် ခွန်အားတွေကို ပေးတတ်သူပါ။

(၇) သင့်ဟာသတွေကို ရယ်ပေးတယ်
သင်ပြောနေတဲ့ ဟာသက ရယ်စရာမကောင်းလည်း သင့်ကိုရယ်ပေးတဲ့သူမျိုးပါ။

(၈) သင့်ကိုယုံကြည်တယ်
သူ့အပေါ်ကိုသင် အမြဲတမ်းရိုးသားမယ်လို့ သူအမြဲယုံကြည်ပါတယ်။

(၉) သင်နဲ့အတူရယ်တယ်
သင်နဲ့ပျော်စရာကောင်းတာတွေလုပ်တယ်၊ ရယ်စရာတွေပြောတယ်၊ ဟာသတွေလုပ်နေတတ်တယ်။

(၁၀) သင့်ခံစားချက်တွေကို တန်ဖိုးထားတယ်
သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို ကောင်းကောင်းသိပြီး သင်နဲ့ထပ်တူထပ်မျှ ခံစားပေးပါတယ်။

(၁၁) သင့်ကိုအရမ်းချစ်တာသင်သိတယ်
သင့်ကိုသူ အရမ်းချစ်တယ်၊ သူ့ဘဝမှာ အချစ်ဆုံးက သင်ပဲဖြစ်တယ်ဆိုတာကို ခံစားရတယ်။

(၁၂) သင့်ဘဝကိုပိုပြီးလွယ်ကူစေတယ်
သင့်ဘဝအတွက် အထောက်အပံ့ပေးပြီး သင့်အတွက် ကောင်းတာတွေကိုပဲ သယ်ဆောင်လာပေးတယ်။

(၁၃) အိမ်အလုပ်တွေကူတယ်
အိမ်မှုကိစ္စတွေကို သူအားနေရင် ကူညီပေးပါတယ်၊ ပန်းကန်ဆေးတာ၊ ကလေးထိန်းတာကအစ သင်ပြောစရာမလိုပဲ သူ့အသိနဲ့သူ လုပ်ပါတယ်။

(၁၄) သင်ဝမ်းနည်းနေတဲ့အခါနှစ်သိမ့်ပေးတယ်
သင်စိတ်ဓာတ်ကျ၊ ဝမ်းနည်းနေတာကို မကြည့်ရက်တာကြောင့် သင်ခံစားရသက်သာအောင် သူတတ်နိုင်သမျှ ကြိုးစားမှာပါ။

(၁၅) သင်အမြဲပြုံးတာကိုမြင်ချင်တယ်
သင့်ကိုပျော်ရွှင်အောင် နေ့တိုင်းကြိုးစားနေမယ့် သူပါ။

Em Em

မိုင်ပေါင်း ၅၀၀၀ ခန့် ကူးခတ်ပြီး ကျေးဇူးရှိခဲ့ဖူးသူထံ သွားရောက်တွေ့ဆုံတဲ့ ပင်ဂွင်းလေး

ဒီနေ့အတွက် နှလုံးသား အာဟာရ အဖြစ် တိုက်ကျွေးရမယ့် ဇာတ်လမ်းလေးကတော့ ဘရာဇီးလ်နိုင်ငံ ကမ်းခြေတစ်ခုကနေ ထွက်ပေါ်လာခဲ့ပါတယ်။တောင်အမေရိက ဖွား Magellanic ပင်ဂွင်း တစ်ကောင် ဟာ နှစ်စဉ်နှစ်တိုင်း မိုင်ပေါင်း ၅၀၀၀ အကွာအဝေးကို ကူးခတ်သွားပြီး သူ့ကို ကယ်တင်ခဲ့ဖူးသူ အမျိုးသား နဲ့ သွားရောက်တွေ့ဆုံလေ့ရှိတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။

အုတ်ဖုတ်သမား တစ်ယောက်လည်းဖြစ်ပြီး တံငါသည် အဖြစ်လည်း အချိန်ပိုင်း လုပ်ကိုင်တဲ့ အသက် ၇၁ နှစ်အရွယ် Joao Pereira de Souza ဟာ ရီယိုဒီဂျနဲရိုး မြို့ရဲ့  အပြင်က ကျွန်းစွယ် ရွာလေး တစ်ရွာ မှာ နေထိုင်ပြီး ထို ပင်ဂွင်း အသေးစား လေးကို သူနေတဲ့ ရွာလေးရဲ့  ကမ်းခြေမှာ ရှိတဲ့ ကျောက်တုံး တွေပေါ် လဲနေတာကို ၂၀၁၁ ခုနှစ်တုန်းက တွေ့ရှိခဲ့တာပါ။

Joao ဟာ အဲဒီအချိန်ကတည်းက ပင်ဂွင်းလေး ကို နေ့စဉ် အစာကျွေးစောင့်ရှောက်ထားခဲ့ပြီး Dindim လို့လည်း ပင်ဂွင်းလေးကို အမည်ပေးထားပါတယ်။

တစ်ပတ်ခန့်အကြာမှာတော့ သူဟာ ပင်ဂွင်းလေးကို ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပင်ဂွင်းလေးက ထွက်မသွားခဲ့ပါဘူး။ ၁၁ လ လောက်အကြာမှာမှ တစ်လ လောက် ပျောက်သွားခဲ့ပြီး တံငါသည်တစ်ဦးနဲ့အတူ Joao ရှိရာ ပြန်လည် လိုက်ပါလာခဲ့ပါတယ်။အဲဒီအချိန်ကစလို့ လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး နှစ်စဉ်နှစ်တိုင်း Dimdim လေးဟာ ၈ လ ခန့် Joao နဲ့အတူနေထိုင်ပြီး ကျန် ၄ လ ကိုတော့ အာဂျင်တီးနား နဲ့ ချီလီ ကမ်းရိုးတန်းတွေကို ပင်ဂွင်းတို့သဘာဝ အတိုင်း အစာရှာထွက်ပြီး နေထိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို ပင်ဂွင်းလေးအတွက်တော့ သူ့ရဲ့  ကျေးဇူးရှင်နဲ့ တစ်ခါပြန်တွေ့ဖို့အတွက် နှစ်စဉ်နှစ်တိုင်း မိုင်ပေါင်း ၅၀၀၀ ခန့် ပင်လယ်ထဲမှာ ကူးခတ် သွားလာခဲ့ရပါတယ်“ပင်ဂွင်းလေးကို ကျွန်တော့်ရဲ့ သားသမီးလိုပဲ ကျွန်တော် ချစ်ပါတယ်။ ပင်ဂွင်းလေးကလည်းကျွန်တော့် ကို ချစ်တယ် ဆိုတာ ကျွန်တော်သိပါတယ်။သူ့ကိုဘယ်သူ့မှ ကိုင်တွယ်လို့မရခဲ့ဘူး။ကိုင်တွယ်တဲ့သူကို သူကခွပ်တာပဲ။ ကျွန်တော့်အပေါ်မှာတော့ အိပ်တယ်။ ကျွန်တော်သူ့ကို ရေချိုးပေးလို့ရတယ်။ ငါးလေးတွေ ကျွေးလို့ရတယ်။” လို့ Joao က Globo TV ကို ပြောပြခဲ့ပါတယ်

Joao နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တဲ့ ဇီဝဗေဒ ပညာရှင် ပရော်ဖက်ဆာ Krajewski ကတော့ The Independent သတင်းဌာနကို “ဒါမျိုးတစ်ခါမှ မတွေ့ဖူးပါဘူး။ဒီပင်ဂွင်းလေးက Joao ကိုသူ့မိသားစုဝင် ပင်ဂွင်းတစ်ကောင် အဖြစ် မှတ်ယူလိုက်တာ ဖြစ်နိုင်ပါတယ်။”လို့ ပြောပြခဲ့ပါတယ်။

Ref:metro.co.uk