Tag Archives: News Articles

တိုင်းပြည်ဆင်းရဲနေချိန်မှာ ဇိမ်ခံလေယာဉ်ကြီး စီးရမှာ ရှက်တာကြောင့် Air Force One လေယာဉ်ကြီးကို ရောင်းချ သွားမည်ဟု မက္ကဆီကို သမ္မတအသစ် ကြေညာ

မက္ကဆီကို သမ္မတသစ် အန်းဒရိစ့်မန် နျူရယ်လို ပက်ဇ်အိုဘရာဒေါသည် ရွေး ကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်စဉ် အခါကတည်းက မက္ကဆီကို၏ သမ္မတများ စီးနင်းသောလေယာဉ်ကြီးကို ရောင်းချသွားမည်ဟု ကြိမ်းဝါးထားခဲ့ခြင်း ဖြစ်သည်။

လိုပက်ဇ်အိုဘရာဒေါသည် သမ္မတ များစီးနင်းသည့် Boeing 787-8 Dreamliner TP-01 လေယာဉ်ကြီးကို ရောင်းချခြင်းဖြင့် နိုင်ငံတွင်းမှဆင်းရဲသည့် လူနေမှုအသိုင်းအဝိုင်းများကို ကူညီထောက် ပံ့ရန်လုပ်ဆောင်ထားခြင်းဖြစ်သည်။ လို ပက်ဇ်အိုဘရာဒေါက တွစ်တာစာမျက်နှာ ပေါ်၌ကျုပ်သမ္မတလေယာဉ်ကို စီးမှာ မဟုတ်ပါဘူး။ ကျုပ်ရှက်တယ်။ ဒီလောက် ဆင်းရဲနေတဲ့နိုင်ငံမှာ ဇိမ်ခံလေယာဉ်ကြီး ကိုစီးနေရရင် ရှက်လွန်းလို့မျက်နှာတောင် ဖော်ရဲမှာမဟုတ်ဘူးဟု ဆိုခဲ့သည်။

လို ပက်ဇ်အိုဘရာဒေါသည် သမ္မတရာထူးကို လက်ခံရယူပြီးတစ်ရက်အကြာ၌ Veracruz ပင်လယ်ကွေ့နိုင်ငံသို့ သွားရောက် ရာတွင် သာမန်ခရီးသည်တင်လေယာဉ်ကို သာစီးနင်းခဲ့သည်။ မက္ကဆီကိုစီးတီးနိုင်ငံ တကာလေဆိပ်၌ သမ္မတအား အခြားခရီး သည်များကဲ့သို့ပင် မြင်တွေ့ခဲ့ကြရသည်။ဲJose Morelosy Pavon အမည်ရှိလေ ယာဉ်ကြီးကို ၂၀၁၂ ခုနှစ်တွင် မက္ကဆီကို အစိုးရက ဒေါ်လာ ၂၁၈ ဒသမ ၇ သန်းဖြင့် ဝယ်ယူခဲ့ပြီး တန်ဖိုးများလွန်းသည့်အတွက် အငြင်းပွားစရာများဖြစ်လာကာ ၂၀၁၆ ခုနှစ် အထိ အသုံးမပြုဘဲထားခဲ့သည်။

လေ ယာဉ်ကြီးကိုရောင်းချသွားရန် ကြေညာထား သော်လည်း ဈေးအတိအကျကို ထုတ်ဖော် ပြောဆိုခြင်းမရှိသေးဘဲ ဝယ်ဈေးထက်ပို များစွာရောင်းချသွားမည်ဟု ခန့်မှန်းရသည်။ မက္ကဆီကိုအာဏာပိုင်များသည် အစိုးရက ပိုင်ဆိုင်သောလေယာဉ်အစင်း ၆၀ နှင့် ရဟတ်ယာဉ်အစင်း ၇၀ ကိုရောင်းချသွား ရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

ref ; အေးယုနိုင် ( Pyi Myanmar )

သက်တော်စောင့် ၅ ဦးထိ ငှားရမ်းထားသည့် ဗီယက်နမ်က ရွှေလူသား

၁၃ ကီလိုဂရမ်လောက် အလေးချိန်ရှိတဲ့ ရွှေထည်ပစ္စည်းတွေကို သွားလေရာဝတ်ဆင်တဲ့ ဗီယက်နမ်က စီးပွားရေးလုပ်ငန်းရှင်တယောက်အကြောင်းဟာ အခုတလော လူပြောများနေပါတယ်။

ဒီအမျိုးသားနာမည်က ဖု ဖြစ်ပြီး သူဟာ အသက် ၃၅ နှစ်ရှိပြီလို့ OC သတင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။ကြီးမားတဲ့ လက်ဝတ်လက်စားတွေကို ပြသနေတဲ့ ဖုရဲ့ဗွီဒီယိုဖိုင် ယူကျူ့စ်မှာ ပေါ်ထွက်လာခဲ့ပြီးနောက် ဖုရဲ့ သတင်းတွေ ဓာတ်ပုံတွေဟာ အိမ်နီးချင်းနိုင်ငံတွေအထိပါ ပျံ့နှံ့လာတာဖြစ်ပါတယ်။ဖုဝတ်ဆင်တဲ့ ရွှေထည်တွေမှာ ငါးကီလိုဂရမ်အလေးချိန်ရှိတဲ့ ဆွဲကြိုးနဲ့ ဆွဲပြား၊ တစ်ခုကို ငါးကီလိုဂရမ် အလေးချိန်ရှိတဲ့ လက်ကောက်နှစ်ကွင်းနဲ့ ၅၀၀ ဂရမ်အလေးချိန်ရှိတဲ့ လက်စွပ်လေးကွင်း တို့ပဲဖြစ်ပါတယ်။

ဒါတွေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ဖုဝတ်ဆင်တဲ့ ရွှေထည်ပစ္စည်းတွေဟာ စုစုပေါင်း ၁၃ ကီလိုဂရမ်အလေးချိန်ရှိပြီး တန်ဖိုးအားဖြင့် ဗီယက်နမ် ဒေါင် ၁၃ ဘီလီယံ တန်ဖိုးရှိပါတယ်။ဒီလိုကြီးမားတဲ့ ရွှေထည်ပစ္စည်းတွေကို ဝတ်ဆင်တဲ့ အလေ့အကျင့်ဟာ ပြီးခဲ့တဲ့ ငါးနှစ်လောက်က စတင်ခဲ့တာလို့ ဖုက ပြောပါတယ်။ကံကောင်းစေဖို့အတွက် အစီအရင်တခုအဖြစ် ဖုန်းရွှေဆရာ တဦးက သူ့ကိုဒီလိုဝတ်ဖို့ အကြံပေးခဲ့တာဖြစ်ပြီး အဲဒီကစလို့ ကြီးမားတဲ့ ရွှေထည်တွေကို စတင်စုဆောင်း ဝတ်ဆင်လာတာဖြစ်ပါတယ်။

ဖုနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒီလိုရွှေတွေနဲ့ သွားရလာရတာ မခက်ဘူးလား၊ ဒီလောက်ရွှေတွေက အစစ်ကော ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။စဝတ်တုန်းက သူ့အတွက်ရွှေထည်အကြီးကြီးတွေက ပြဿနာရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေသွားတယ်လို့ ဖုကပြောပါတယ်။ကြီးမားတဲ့ ဆွဲကြိုးနဲ့ ဆွဲပြားတို့ကြောင့် ဖုဟာ လည်ပင်းနာတဲ့ဒဏ်ကို ခံစားခဲ့ရပြီး ဆရာဝန်တောင် သွားပြခဲ့ရပေမယ့် ဖုကတော့ သူ့လည်ဆွဲကြီးကို ဝတ်မြဲတမ်းဝတ်ဆင် ဆဲပဲဖြစ်ပါတယ်။

ဆီလုပ်ငန်းနဲ့ ကြွယ်ဝချမ်းသာလာတဲ့ ဖု ဟာ သူသွားလေရာကို ရွှေထည်တွေဝတ်ဆင်သွားပြီး လုံခြုံရေးအတွက် သူ့အနားမှာ သက်တော်စောင့် ၅ ယောက်ကိုလည်း ငှားရမ်းထားတယ်လို့ သိရပါတယ်။ဖုဟာ တခြာသူတွေနဲ့ ထူးခြားစွာပဲ အဆမတန်ကြီးမားတဲ့ ရွှေထည်တွေကိုသာ ဝတ်ဆင်တာဖြစ်ပြီး နောက်ပိုင်းမှာလည်း ရွှေနဲ့ လုပ်ထားတဲ့ ဦးထုပ်နဲ့ အင်္ကျီတို့ကို ထပ်မံဝယ်ယူဖို့ ရှိတယ်လို့ ပြောပါတယ်။

Ref: WOW

ဒေါ်လာသန်းတစ်ရာကုန်ကျတဲ့ အဂေါ်ဆုံး အကြမ်းဆုံး အိန္ဒိယကမင်္ဂလာပွဲ

အိန္ဒိယနိုင်ငံကတော့ ကမ္ဘာပေါ်မှာ ကုန်ကျစရိတ်အကြီးဆုံး မင်္ဂလာပွဲကြီးကို ဆင်နွှဲပြီး စိတ်လှုပ်ရှားနေကြပြီး Crazy Rich Asians ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို သနားတယ်လို့ ပြောနိုင်မယ့် မင်္ဂလာပွဲကြီးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အာရှရဲ့ အချမ်းသာဆုံး စီးပွားရေးသမား ဖြစ်တဲ့ မူကက်ရှ်အမ်ဘာနီ ဟာ သူ့သမီးချော အစ်ရှာကို အခြားအိန္ဒိယဘီလီယံနာ တစ်ဦးဖြစ်တဲ့ အာဂျေးပီရာမယ် ရဲ့သားဖြစ်သူ အန်နန်နဲ့ လက်ဆက်ပေးတော့မှာပါ။ လက်ထပ်ပွဲစီစဉ်သူ အသိုင်းအဝိုင်းက ထွက်လာတဲ့ သတင်းအရ တစ်ပတ်ကြာအောင် ကျင်းပမယ့် မင်္ဂလာပွဲကြီးဟာ အမေရိကန်ဒေါ်လာသန်းတစ်ရာခန့် ကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်္ဂလာပွဲအကြို ပါတီကို ဖိတ်ကြားခံရသူတွေထဲမှာလည်း နာမည်ကျော်အဆိုတော် ဘီယွန်းစေး ကနေ အမေရိကန် နိုင်ငံရေးအထင်ကရ တစ်ဦးဖြစ်တဲ့ ဟီလာရီကလင်တန်ထိ ပါဝင်မှာပါ။ ဘီယွန်းစေးဟာ အကြိုပါတီ မှာလည်း Crazy in Love သီချင်းနဲ့ သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ဧည့်စာရင်းက ဘယ်လောက်တောင် ရှည်လျားများပြားသလဲ ဆိုရင် မင်္ဂလာပွဲကျင်းပသူ နှစ်ဖက်မိဘ တွေဟာ ကျင်းပမယ့်နေရာနားမှာ ကြယ်ငါးပွင့်ဟိုတယ် အနည်းဆုံးငါးခုကို ဌားရမ်းထားတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာ မြင်တွေ့ခဲ့ရပြီး လှပတဲ့ ဗူးလေးထဲမှာ ရွှေအစစ်သေတ္တာငယ် လေးခုထည့်ထားတဲ့ အလန်းစားဖိတ်ကြားမှုပါ။ မင်္ဂလာပွဲကျင်းပမယ့် အိန္ဒိယအလယ်ပိုင်း သာယာတဲ့ မြို့တော် အီဒိုင်ပူမှာလည်း အန်ဘာနီ မိသားစုက လူပေါင်းငါးထောင်ကျော်စာ တစ်နေ့သုံးနပ်နဲ့ လေးရက်တိတိ ကျွေးမွေးအလှူအတန်းလုပ်ခဲ့ပါတယ်။ မြို့တွင်းမှာ ရိုးရာအိန္ဒိယ ပန်းချီကားတွေ၊ အိုးတွေနဲ့ ရိုးရာ အနုအလှလက်ရာတွေကို ပြသထားတဲ့ ဈေးတစ်ခုကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

အဓိကမင်္ဂလာအခမ်းအနားကိုတော့ ယောက်ျားလေးဘက်က အိမ်ဖြစ်တဲ့ မွမ်ဘိုင်းမှ ၂၇ – ထပ် အဆောက်အုံမှာ ကျင်းပသွားမှာဖြစ်ပြီး မင်္ဂလာဆောင်အပြီး ပါတီပွဲကိုလည်း အဆိုပါမြို့မှာပဲ ဆက်ကျင်းပသွားမှာပါ။ ရယ်လီးယန့်စ်စက်မှုလုပ်ငန်းရဲ့ ဥက္ကဌဖြစ်တဲ့ မူကက်ရှ်ဟာ ဒီနှစ်အတွင်းမှာပဲ အာရှရဲ့အချမ်းသာဆုံး ဂုဏ်တံဆိပ်ကို တရုတ်နည်းပညာသူဌေး ဂျက်မား ထံမှ လွှဲပြောင်းယူခဲ့တာပါ။ အစ်ရှာဟာ သူ့ကလေးတွေထဲမှာ ပထမဆုံး လက်ထပ်မယ့် သူလည်း ဖြစ်ပါတယ်။

ဦးရွှေဝါထွန်းနှင့် သူ၏ဇနီးဆိုသူတို့ကို သာသနာတော် ညိုးနွမ်းစေမှုဖြင့် အရေးယူရန် တိုင်ကြားခံရ

MRTV-4 ဆရာတော်ဟု လူသိများခဲ့သည့် ဦးရွှေဝါထွန်းနှင့် သူ၏ဇနီးဆိုသူတို့ကို သာသနာတော် ညိုးနွမ်းစေမှုဖြင့် အရေးယူပေးရန် အမျိုးသားတစ်ဦးက ဒီဇင်ဘာ ၇ တွင် ရန်ကုန် မြောက်ဥက္ကလာ တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။၎င်းတို့နှစ်ဦးအား ရန်ကုန်မြို့မှ ဦးသက်မျိုးဦး ဆိုသူက တရားရုံးသို့ တိုင်ကြားထားသည့်အတွက် တရားလိုများဘက်ကို စုံစမ်းစစ်ဆေးမှုများ စတင် နေပြီဟု မြောက်ဥက္ကလာရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးလွင်က ပြောသည်။

အဆိုပါ ဦးသက်မျိုးဦးဆိုသူသည် အမျိုးသားရေးထောက်ခံပွဲများတွင် မကြာခဏ တွေ့ရလေ့ရှိသူတစ်ဦး ဖြစ်သည်။“တရားလိုနဲ့ တရားလိုပြသက်သေတွေ ခရီးလွန်နေတဲ့ အတွက်ကြောင့်မို့ သူတို့ကိုစစ်ပြီးမှ မဂျူးမျက်ခြယ် (ဦးရွှေဝါထွန်းဇနီးဆိုသူ) နဲ့ ဆရာတော့်(ဦးရွှေဝါထွန်း)ကို စစ်မယ်” ဟု ၎င်းကပြောသည်။လတ်တလောတွင် မည်သည့် ပုဒ်မဖြင့် အရေးယူမည် ဆိုသည်ကို ပုဒ်မ မတပ်ရသေးဘဲ ရဲလုပ်ငန်း ပြီးဆုံးချိန် ရောက်မှ မည်သည့်ပုဒ်မဖြင့် တရားရင်ဆိုင်ရမည်ကို ဆုံးဖြတ်နိုင်မည်ဟု ၄င်းကပြောသည်။

ဒေါ်ဂျူးမျက်ခြယ်ဟု သူ့ကိုယ်သူ ထုတ်ဖော်သည့် အမျိုးသမီး၏ အဆိုအရ သူ့အား ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၂ နှစ် နှင့် ဒဏ်ငွေ ကျခံရနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၂၉၅ (က) ဖြင့် အရေးယူပေးရန် တိုင်ကြားခံထားရသည်ဟုဆိုသည်။“သမီးယောက်ျား ပြန်လာဖို့ကို အစကနေအဆုံး အကုန်လုံးကို ဖွင့်ပြောပြတာပေါ့နော်။ အဲ့ဒါကို သာသနာညှိုးနွမ်းဆိုတာနဲ့ ဘယ်လို ငြိတာလဲတော့မသိဘူး၊ သူ(တရားလိုဦးသက်မျိုးဦး)ပြောတာတော့ ကားပေါ်မှာ အဝတ်လဲတာတွေ တရားပွဲငွေကနေစုပြီး နောက်နှစ်မှ လူထွက်ပြီး ယူမယ်ပြောတာတွေပါတယ်” ဟု ၄င်းကပြောသည်။

MRTV-4ဆရာတော်ဟုလူသိများသည့် ရဟန်းဘွဲ့ အရှင်ကဉ္စနောဘာသ၊ လူအမည် ဦးရွှေဝါထွန်းသည် ဒေါ်ဂျူးမျက်ခြယ်နှင့် အတူယှဉ်တွဲ သွားလာနေသည့် ရုပ်သံနှင့် ဓာတ်ပုံများ Facebook တွင်ပျံ့ နှံ့ခဲ့ပြီးနောက် ၄င်းတို့နှစ်ဦး၏ ဆက်ဆံရေးကို ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

ယင်းနောက် ဦးရွှေဝါထွန်းသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ MRTV-4 ဆရာတော်ဟု လူသိများသည့် ရဟန်းအမည် ဦးကဉ္စနောဘာသ သည် နိုင်ငံတော်သံဃမဟာနာယက (မဟန) မှ တရားမ၀င်အသင်းအဖြစ် ကြေညာခဲ့သည့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) မှ ထင်ရှားသည့် သူတစ်ဦးဖြစ်သည်။သူ့အားရှာဖွေပေးရန် ဒေါ်ဂျူးမျက်ခြယ်က ရန်ကုန် မြောက်ဒဂုံ ရဲစခန်းတွင် နိုဝင်ဘာ နောက်ဆုံး သတင်းပတ်တွင် လူပျောက်တိုင်ကြားခဲ့သော်လည်း အဆိုပါအမှုနှင့်ပတ်သတ်ပြီး ထူးခြားမှုမရှိဟု ၄င်းကပြောသည်။
ဖိုးသူတော်(www.phothutaw.com)
Credidt: Myanmar Now

ရမည်းသင်းသူ ဒေါ်တင့်တင့် (သို့မဟုတ်) အိန္ဒိယသမ္မတကတော် ဥရှနာရာယန်း

မြန်မာနိုင်ငံမှ ရမည်းသင်းမြို့သူတစ်ဦးသည် အိန္ဒိယနိုင်ငံသမ္မတကတော် First Lady of India ဖြစ်ခဲ့ဖူးသည် ဆိုလျှင် မသိသေးတဲ့မိတ်ဆွေများ အဖို့ အံသြသွားနိုင်သည်။

သူမက…ရမည်းသင်းသူ

မတင့်တင်ကို ၁၉၂၃ တွင် မြန်မာနိုင်ငံအလယ်ပိုင်း ရမည်းသင်းဒေသတွင် မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ B.A ဘွဲ့ရရှိခဲ့ပြီး မြန်မာစာပေနှင့်ဘာသာစကားဌာနတွင် နည်းပြဆရာမလုပ်ခဲ့သည်။ ယင်းကာလများအတွင်း ရန်ကုန်မြို့သို့ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးအရာထမ်း K.R. Narayanan နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။

မတင့်တင့်သည် ရန်ကုန်မြို့ YWCA အသင်းမှတစ်ဆင့် လူမှုရေးလုပ်ငန်းများစွာ ကြိုးစားဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ BA ဘွဲ့ရပြီးနောက် မြန်မာစာဌာနတွင် သင်တန်းနည်းပြဆရာမ လုပ်ခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ Delhi School of Social work တွင် ပညာတော်သင်တစ်ဦးအနေဖြင့် မဟာဘွဲ့ကို ရယူခဲ့သည်။

၁၉၅၁ ဇွန် ၈ ရက်နေ့တွင် ဒေလီတရားရုံး၌ပင် K.R. Narayanan နှင့် လက်ထပ်ခဲ့သည်။ Narayanan မှာ ရန်ကုန် အိန္ဒိယ သံတမန်ဝန်ထမ်းဖြစ်ပြီး မတင့်တင့်မှာ နိုင်ငံခြားသားတစ်ဦးဖြစ်နေသည့်အတွက် လက်ထပ်မှုတရားဝင်ဖြစ်စေရန် ဝန်ကြီးချုပ်ဂျဝါဟလာနေရူးကိုယ်တိုင် ဥပဒေကိုပြင်ဆင်ပေးခဲ့သည်။

အိန္ဒိယနာမည် ဥရှနာရာယန်းအမည်ခံယူပြီး Narayanan နှင့်အတူ လူမှုရေးလုပ်ငန်းများတွင် ထူးချွန်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၉၈ တွင် ဆရာသိန်းဖေမြင့်၏ဝတ္ထုတိုများကို စုစည်းပြီး Sweet and Sour အမည်ဖြင့် ဘာသာပြန် ပုံနှိပ်ထုတ်ဝေခဲ့သည်။

၁၉၉၇ – ၂၀၀၂ တွင် K.R. Narayanan အိန္ဒိယနိုင်ငံ၏ ဒဿမမြောက်သမ္မတဖြစ်လာသောအခါ အိန္ဒိယနိုင်ငံ၏ပထမဆုံး Foreign-born First Lady ဖြစ်လာခဲ့သည်။ သမ္မတဦးဆောင်သည့် လူမှုအကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး သမ္မတနာရာယန်အတွက် အရေးကြီးသော မိန့်ခွန်းများစွာကိုလည်း ဒေါ်တင့်တင့်ကိုယ်တိုင် ရေးသားပေးခဲ့ရသည်။

ဒေါ်တင့်တင့်သည် ခင်ပွန်းကွယ်လွန်ပြီး သုံးနှစ်အကြာ အသက် ၈၆ နှစ်၂၀၀၈ ဇန်နဝါရီလ ၂၄ ရက်နေ ညနေတွင် အိန္ဒိယနိုင်ငံ ဒေလီမြို့၌ပင် ကွယ်လွန်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်နှင့်အတူ အုတ်ဂူအတူမြှုပ်ခဲ့ပြီး မြန်မာနာမည် မတင့်တင့်ကို ၎င်း၏ သဘောဆန္ဒအရ ရေးထိုးစေခဲ့သည်။Chitra Narayanan နှင့် Amrita Narayanan သမီးနှစ်ယောက်ထွန်းကားသည်။

သမီးကြီး Chitra Narayanan မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံတမန်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အိန္ဒိယသံအမတ်ကြီး ဖြစ်လာခဲ့သည်။

ဖြည့်စွက်ချက်။ ။ ကျွန်တော်သိသလောက် ဒေါ်တင့်တင့်ဟာ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသား၊ မြန်မာသွေး။ မြန်မာစကား နည်းနည်းလေးမှ မဝဲပါ။

အဲတာကြောင့် သူတို့နိုင်ငံက အင်မတန်ခက်တဲ့ ဟင်ဒူလက်ထပ်ထိမ်းမြားခြင်းဥပဒေကို ဝန်ကြီးချုပ် နေရူးကိုယ်တိုင်က ပြင်ပေး လုပ်ပေးလို့သာရတယ်။

ကိုးကား – Wikipedia
ဒေါက်တာတင့်ဆွေ